Wednesday, February 27, 2019

ပြည်ထောင်စုဖောင့်သုံးကြရန် အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း


ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ဖို့နဲ့ အစိုးရရုံး ဌာနတွေမှာ လက်ရှိ အသုံးပြုနေတဲ့ Myanmar3 ဖောင့်အစား နိုင်ငံတကာစံနဲ့ ပိုမိုကိုက်ညီတဲ့ PyiDaungSu Font အသုံးပြုကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းလိုက်ပါတယ်။ 
ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ e-Government ဦးဆောင် ကော်မတီရဲ့ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တိုက်တွန်းသွားတာလို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ 

ဦးဆောင်ကော်မတီနာယက ဒေါ်အောင်ဆန်းစုကြည်က “e-Government Master Plan မှာပါဝင်နေတဲ့ အစိုးရဲ့ အီလက်ထရောနစ် ဝန်ဆောင်မှုတွေကို ပြည်သူအားလုံး သိရှိနားလည်ဖို့ မြန်မာဘာသာစကားနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ဖို့ လိုအပ်တယ်၊ အခုအသုံးပြုနေတဲ့ Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နဲ့ပိုမိုကိုက်ညီတဲ့ PyiDaungSu Font စနစ်နဲ့ Keyboard ကိုအသုံးပြုဖို့ ဦးတည်ရမယ်၊ နောင်မှာ တိုင်းရင်းသား ဘာသာစကားတွေနဲ့ပါ e-Government စနစ် ထိထိရောက်ရောက် သုံးနိုင်မယ့် အခြေအနေကိုရောက်ရှိမှာဖြစ်လို့ ဒီစနစ်ကို အရေးတကြီး လုပ်ဆောင်ဖို့လိုတယ်”လို့ ပြောပါတယ်။ 

မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ သတ်မှတ်ထားတဲ့ စီးပွားရေးရည်ရွယ်ချက် ၁၂ ရပ်ထဲမှာ e-Government ကိစ္စပါဝင်ပြီး ဒီလိုထူထောင်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ တိုးတက်နေတဲ့ ကမ္ဘာကြီးထဲ ဝင်လာရုံတင်မကဘဲ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက်ပါ ကျော်လွှားနိုင်မယ့် အခွင့်အရေးတွေ ရရှိနိုင်တယ်လို့ ပြောပါတယ်။ 

မြန်မာပြည်မှာ Tele Density ၁ဝဝ ရာခိုင်နှုန်းကျော်ရှိပြီး အင်တာနက်အသုံးပြုမှု ၈ဝ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ မြန်မာပြည်သူပြည်သားတွေဟာ ခေတ်နဲ့အညီလိုက်ပြီး နည်းပညာ တွေကို အသုံးပြုနိုင်တဲ့အတွက် မိမိတို့ရဲ့ စနစ်တွေကလည်း ခေတ်နဲ့အညီဖြစ်ဖို့ အရေးကြီးတဲ့ အကြောင်း ပြောပါတယ်။ 

Data Security ၊ Data Privacy ၊ Data Sharing စတဲ့ကိစ္စတွေမှာ ကိစ္စရပ်တွေမှာ နိုင်ငံရဲ့လုံခြုံမှုကို ကာကွယ်တဲ့အနေနနဲ့ လုပ်ဆောင်ရမယ်၊ Cyber ဥပဒေနဲ့ မူဝါဒအပေါ် အများပြည်သူရဲ့သဘောထားတောင်းခံပြီး ပြည်တွင်းပြည်ပကအသိ ပညာရှင်တွေရဲ့ အကြံပြုချက်တွေထဲက နိုင်ငံအတွက် သင့်တော်တဲ့ အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ပြီး ပြင်ဆင်သွားရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

ဒုသမ္မတ ဦးမြင့်ဆွေကလည်း ဦးဆောင်ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ e-Government အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီနဲ့ e-ID စနစ်လုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ဆပ်ကော်မတီတော်ကိုလည်း ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုတို့မှာ လုပ်ငန်းအဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်နေ တယ်လို့ ပြောသွားပါတယ်။ 

ဆောင်ရွက်ဆဲလုပ်ငန်းတွေထဲက တခုဖြစ်တဲ့ ကိုရီးယားနိုင်ငံက ချေးငွေ အမေရိကန် ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်းနဲ့ တည်ဆောက်မယ့် e-Government Integrated Data Center (e-GIDC) အကောင်အထည်ဖော်ဖို့ အချိန်ကာလ ၃နှစ်ကျော် ကြာမယ်လို့ လည်း ဆိုပါတယ်။ 

ဒီအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်း စစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ဗဟိုဘဏ်တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နာယကဦးသောင်းတင်နဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ တက်ရောက်ခဲ့ကြတယ်လို့ အစိုးရ သတင်းမှာ ဖော်ပြပါတယ်။ 

ဓာတ်ပုံ- State Counsellor
DVB

0 comments:

Post a Comment