Thursday, February 28, 2019

ဗဟိုဘဏ်အမည်ကို အလွဲသုံးစားလုပ်၍ အများပြည်သူ ယုံကြည်အောင်ပြောဆိုမှုဖြင့် လိမ်လည်သည်ဟု ဆိုသော အမျိုးသမီးတစ်ဦးအား ပုဒ်မအသီးသီးဖြင့် တရားစွဲဆိုထားပြီး ၎င်းတို့ကဲ့သို့ အခြားသူများ အလိမ်မခံရစေရန်ဟုဆိုကာ သတင်းစာရှင်းလင်း


ဗဟိုဘဏ်အမည်ကို အလွဲသုံးစားလုပ်၍ အများပြည်သူ ယုံကြည်အောင် ပြောဆိုမှုဖြင့် လိမ်လည်သည်ဆိုသော အမျိုးသမီးတစ်ဦးအား ပုဒ်မအသီးသီးဖြင့် တရားစွဲဆိုထားပြီး ၎င်းတို့ကဲ့သို့ အခြားသူများ အလိမ်မခံရစေရန်ဟုဆိုကာ လူ ၁၅ ဦးခန့်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် သတင်းစာ ရှင်းလင်းခဲ့သည်။ 
သတင်းစာရှင်းလင်းသူများက “ဗဟိုဘဏ်ကို အလွဲသုံးစားလုပ်၍ အများပြည်သူ ယုံကြည်အောင် Add-on-Rich (AOR) နှင့် Orium Website ဖြင့် လူထောင်ကျော်၏ သိန်းပေါင်းမြောက်မြားစွာကို လိမ်လည်မှုကြီးအား နစ်နာသူများက သတင်းစာရှင်းလင်းပွဲ” ခေါင်းစဉ်ဖြင့် သတင်းစာ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ 

ကုမ္ပဏီသည် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် အာမခံတင်ထားပြီး ဖြစ်ကြောင်း ၊ ၎င်းကုမ္ပဏီအနေဖြင့် နည်းပညာဖြင့် အမြတ်အစွန်းများစွာ ရရှိနေသည့်ခေတ်တွင် နည်းပညာဦးစားပေး ငွေရေးကြေးရေး ဝန်ဆောင်မှုများ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ စသည်တို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါ်လာ တစ်သောင်းနှင့်ညီမျှသော မြန်မာငွေကို ထည့်ဝင်လျှင် ရက်ပေါင်း ၂၇၀ တွင် ဒေါ်လာ ၂၀၁၅၀ ရနိုင်မည် ဆိုသည့်အကြောင်း၊ နေ့စဉ် ၇၅ ဒေါ်လာနှင့် ညီမျှသည့် မြန်မာငွေအား ထုတ်ယူနိုင်ကြောင်း ပြောဆိုသည့်အတွက် ငွေကြေးများ ထည့်ဝင်ခဲ့ကြသည့်သူများရှိကြောင်း၊ ယင်းသို့ ထည့်ဝင်ပြီးနောက်ပိုင်း အဆင်မပြေမှုများ ဖြစ်လာသည့်နောက်ပိုင်း အဆိုပါ ထည့်ဝင်ငွေများကို ပြန်လည် ရှင်းလင်းပေးမည်ဟု လိမ်လည်သူ အမျိုးသမီးက ပြောကြားခဲ့သည်ဟု သတင်းစာရှင်းလင်းသူများက ဆိုသည်။ 

သို့သော် အဆိုပါငွေရေးကြေးရေးများ ကို ရှင်းလင်းခြင်းမရှိသည့်အပြင် ၎င်းင်းတို့အ ပေါ် ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲ ဆိုခဲ့ကြောင်း၊ ယင်းကြောင့် ၎င်းင်းတို့ (သတင်း စာရှင်းလင်းသူများ) အနေဖြင့်လည်း အဆို ပါ အမျိုးသမီးအား မန္တလေး၊ ဝမ်းတွင်း၊ ရန် ကုန် စသည့်မြို့များတွင် ပုဒ်မအသီးသီးဖြင့် တရားစွဲဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းသူ များက ပြောကြားသည်။ 

“တစ်နေ့ကို ဒေါ်လာ တစ်သောင်းထည့်ရင် ၇၅ ဒေါ်လာရမယ်လို့ ကျွန်မတို့ကို ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့က ဒေါ်လာငွေ ထည့်ခဲ့တာ မဟုတ်ဘူး။ မြန်မာငွေ။ ဘဏ်ကနေ ကျွန်မကိုယ်တိုင် လွှဲခဲ့တာ။ ပြီးတော့ ဘာပြောလဲဆိုတော့ ဘဏ်မှာ အစိုးရကို တရားဝင် အခွန်ဆောင်ရမယ်။ ဒါ တရားဝင် အခွန်ဆောင်ရတဲ့ လုပ်ငန်း။ တကယ်လည်း ဒါ တရားဝင်လုပ်ငန်း ဖြစ်တယ်ဆိုပြီးတော့လည်း ပြောခဲ့တယ်။ ပြီးတော့ ကျွန်မတို့ကို ဘာတွေပြောခဲ့လဲဆိုတော့ ကျွန်မတို့ကို ဒီလုပ်ငန်းတွေပေါ့။ ဆောက်လုပ်ရေးတွေလုပ်မယ်။ AOR Pay တွေလုပ်မယ်ပေါ့။ ပြီးတော့ အဲဒီလုပ်ငန်းတွေကိုလည်း ဘာမှမလုပ်ဘူး” ဟု သတင်းစာရှင်းလင်းရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ဒေါ်နီနီဝင်းက ပြောကြားသည်။ 

လက်ရှိတွင် စွပ်စွဲခံရသူ အမျိုးသမီးမှာ အင်းစိန်ထောင်တွင် အချုပ်ချခံထားရပြီး အလုံမြို့နယ်တရားရုံးတွင် တရားရင်ဆိုင်လျက်ရှိကြောင်း သိရသည်။ 

“တောင်ကြီးတို့၊ လားရှိုးတို့၊ မြစ်ကြီးနားတို့၊ တောင်ငူတို့ အများကြီး ဟိုတယ်တွေမှာ ပွဲတွေ လုပ်လုပ်ပြီးတော့ လူတွေက တကယ်ယုံကြည်ပြီး ထည့်ကြပြီးတော့ နယ်က လူတွေ ပိုဆိုးပါတယ်။ နည်းပညာကို နားမလည်ပါဘူး။ အဲဒီတော့ အိမ်ပေါင်၊ ယာပေါင်။ ရမယ် ဆိုလို့ကတော့ ထည့်ကြတာပေါ့။ ဥပမာ သိန်းတစ်ရာရင်းရင် သိန်းတစ်ရာမြတ်မယ်ဆိုရင် မည်သူမဆို ထည့်ချင်ကြတာပဲလေ။ လုပ်ငန်းတွေက မရှိဘူး။ မြန်မာနိုင်ငံမှာ အရမ်းရှားနေတဲ့အချိန် အဲဒီလိုတွေ သူကပတ်ပြီး တော့ လိမ်နေတာ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပါဝင်သူ ဒေါ်ဝင်းမာက ပြောကြားသည်။ 

လက်ရှိတွင် စွပ်စွဲခံရသူ အမျိုးသမီးက သတင်းစာရှင်းလင်းပွဲတွင် ပါဝင်သူအချို့အပေါ် ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲထားသကဲ့သို့ သတင်းစာရှင်းလင်းသူများ နှင့် အလိမ်ခံရသည် ဆိုသူများကလည်း စွပ်စွဲခံရသူအမျိုးသမီးကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ် အမှတ် (၃) ရဲစခန်းတွင် ဆက်သွယ်ရေးဆိုင်ရာ အထူးဥပဒေပုဒ်မ ၆၆ (ဂ) ဖြင့်လည်းကောင်း၊ ချမ်းအေးသာဇံမြို့နယ် တရားရုံးတွင် ရာဇဝတ်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ် (၉) ရဲစခန်းတွင် ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်း ဥပဒေပုဒ်မ (၁၇၁) ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဝမ်းတွင်းရဲစခန်းတွင် ဆက်သွယ်ရေးဆိုင်ရာ အထူးဥပဒေ ပုဒ်မ ၆၆ (ဂ) ဖြင့်လည်းကောင်း (စည်သူဆိုသူပါ ပါဝင်)၊ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်တရားရုံးတွင် ဆက်သွယ်ရေးဆိုင်ရာ အထူးဥပဒေပုဒ်မ ၆၆(ဂ)/၇၃/၅၁၂ ဖြင့် လည်းကောင်း (စွပ်စွဲခံရသူ အမျိုးသမီး၏ ခင်ပွန်းဆိုသူပါ ပါဝင် ) စသဖြင့် အမှုဖွင့်ခြင်း၊ တရားစွဲခြင်းများ ပြုလုပ်ထားကြောင်း သတင်းစာရှင်းလင်းသူများက ပြောကြားသည်။ 

“ကျွန်မတို့အနေနဲ့က လေ့လာမှု အားနည်းပါတယ်။ ကိုယ့်လူမျိုးနဲ့ပဲ ချီပြီးတော့ ဒါ ကျွန်မရဲ့စိတ်နဲ့ပဲ ပြောတာပေါ့နော်။ ကျွန်မတို့တွေက တစ်ခုခုဆိုရင် ယုံကြတယ်။ ယုံကြတဲ့အချိန်မှာ ဒီလောက်ရတယ်ဟေ့ ဆိုရင် ကျွန်မတို့က လွယ်လွယ်ယုံတယ်။ သူ့ရဲ့နောက်ခံက ဒီလောက်စီးပွားရေး ရှိမလား။ အဲလိုမျိုးတွေ လေ့လာရမယ်။ ဥပဒေပညာရှင်တွေနဲ့ မေးရမယ်။ အဲဒါတွေလည်း မသိခဲ့ဘူး။ အခုဆိုကျွန်မတို့ ၆၆ (ဃ)နဲ့ ဘာလို့စွဲခံရတာလဲ။ ကျွန်မတို့က ဥပဒေပညာကို မသိတဲ့အခါကျတော့ ကိုယ့်စိတ်ထဲကအတိုင်း ရေးလိုက်တာကိုး။ အဲဒါလည်း ပြောချင်ပါတယ်။ကျွန်မတို့ ရဲ့ လောဘကြောင့် ဒီငွေတွေဟာ လုပ်လိုက်ကြတာ မှန်တယ်။ ကျွန်မတို့ ထိခိုက်နစ်နာသွားတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပါဝင်သူ ဒေါ်ခင်ခင်ဌေးက ပြောကြားသည်။ 

အဆိုပါဖြစ်စဉ်မှ ဗဟိုဘဏ်တွင် ကျပ်သိန်းပေါင်း ၆၀၀၀၀ ကျော် အာမခံတင်ထားသည် ဆိုခြင်းနှင့်ပတ်သက်၍ ဗဟိုဘဏ်ဥက္ကဋ္ဌ ရုံးဖုန်းသို့ ဆက်သွယ်မေးမြန်းရာ ၎င်းတို့မှာ ဥက္ကဋ္ဌရုံးဖြစ်သည့်အတွက် ယင်းကိစ္စနှင့် ပတ်သက်၍ မသိရှိကြောင်း၊ ဌာနအများကြီးရှိကြောင်း ပြန်လည်ဖြေကြားသည်။ 

Eleven Media Group

0 comments:

Post a Comment