ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းကန်ကျေးရွာ၊ `၀`အထူးဒေသ(၂)အတွင်းမှာ ထိုင်းနိုင်ငံသား(၈၁)ဦး တရားမ၀င်ရောက်ရှိနေတာကို ဖေဖော်ဝါရီလ ၃ ရက်၊ ညနေ ၃ နာရီက စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဥပဒေနဲ့အညီ ထိန်းသိမ်းခဲ့ပြီး ဖေဖော်ဝါရီ ၄ရက်နေ့မှာ အမှုဖွင့်လှစ်ကာ စစ်ဆေးနေဆဲဖြစ်ကြောင်း မိုင်းဆတ်မြို့နယ် လ၀ကဦးစီးအရာရှိထံမှ သိရပါတယ်။
"အထက်က လမ်းညွှန်ချက်နဲ့အညီ စစ်ဆေးနေပါတယ်။ သူတို့ရဲ့အထောက်အထားတွေ ကို စစ်ဆေးဆဲပါ။ အထူးဒေသက အပ်နှံတာပါ၊ အားလုံး အသက် ၂နှစ်အရွယ်ကလေးတစ်ယောက်အပါအ၀င် အားလုံး ၈၁ ယောက်ပါ”လို့ မိုင်ဆတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ဦးစီးအရာရှိက ပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။
ဖြစ်စဉ်အရ မိုင်းဆတ်မြို့နယ်၊ မိုင်းကန်ကျေးရွာမှာရှိတဲ့ နားယောင်းတည်းခိုခန်းနဲ့ စင်းခမ်းတည်းခိုခန်းမှာရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသား ၂နှစ်သားကလေးငယ် ၁ ဦးအပါအ၀င် အမျိုးသား ၄၈ ဦးနဲ့ အမျိုးသမီး ၃၃ ဦး ၊ စုစုပေါင်း ၈၁ ဦးကို အထူးဒေသ(၂)ရဲ့အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးရာမှာ တရားမ၀င် ရောက်ရှိနေကြတာဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိလို့ မိုင်းတွမ်းနယ်မြေရဲစခန်းမှာ အမှုဖွင့်လှစ်ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။
မိုင်းဆတ်မြို့နယ်နဲ့ တစ်ဖက်ထိုင်းနိုင်ငံတို့ဟာ မိုင်၆၀ ကျော်မျှ နယ်စပ်ချင်းထိစပ်နေတဲ့်အပြင် နှစ်ဘက်ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဆွေမျိုးများရှိနေကြပြီး ယခုတရားမ၀င်ရောက်ရှိနေသူတွေကို တွေ့ရတဲ့ နားယောင်းကျေးရွာမှာထိုင်းနိုင်ငံမဟိန်တက် ဒေသနှင့်ကပ်လျက် ဆက်စပ်တည်ရှိနေကြောင်း ဒေသခံများကပြောပါတယ်။
အဆိုပါ မြန်မာနိုင်ငံအတွင်း တရားမ၀င်ရောက်ရှိတဲ့ ထိုင်းနိုင်ငံသားတွေကို မိုင်းတွမ်းနယ်မြေရဲစခန်းမှာ (ပ)၂/၂၀၁၉၊ လ၀ကအက်ဥပဒေ ၁၃(၁)နဲ့ အရေးယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
Oo Oo Zaw
ဓာတ်ပုံ - သန်းထိုက်
Popular News Journal
0 comments:
Post a Comment