အမေရိကန်က ဥရောပမှာ နျူကလီးယားထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်တွေ တပ်ချထားခဲ့ရင် ဒုံးကျည်တွေ တပ်ချထားတဲ့ နိုင်ငံတွေကိုသာမက အမေရိကန်ကိုပါ ပစ်မှတ်ထားပြီး တုံ့ပြန်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။
“အမေရိကန်ဟာ တာလတ်ပစ် နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်ဆိုင်ရာ သဘောတူညီချက် အပိုဒ်ခွဲ လေးနဲ့ ခြောက်က ရပ်တည်ချက်ရဲ့ အနှစ်သာရကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုလိုက်တာပဲ” လို့ သမ္မတပူတင်က ပြည်ထောင်စုညီလာခံ နှစ်ပတ်လည်မိန့်ခွန်းအတွင်း ပြောလိုက်တာပါ။
ရုရှားက ထိပ်တိုက်တွေ့ဖို့ လမ်းကြောင်းရှာတာ မဟုတ်သလို အမေရိကန်က နျူကလီးယား ထိပ်ဖူးတပ် တာလတ်ပစ် ဒုံးကျည်ဆိုင်ရာ သဘောတူညီချက်ကနေ နုတ်ထွက်ချိန်မှာ ရုရှားကစပြီး ခြေလှမ်းလှမ်းခဲ့တာလည်း မဟုတ်ဘူးလို့ ပူတင်က ပြောပါတယ်။
ပူတင်က “ပိုလန်နဲ့ ရိုမေးနီးယားမှာ တိုမာဟော့ခ် ဒုံးကျည်တွေကို တပ်ချနိုင်စွမ်းရှိတဲ့ ဒုံးကျည်ပစ်မှတ်တွေနဲ့ ပစ်လွှတ်စင်တွေ လာတပ်ဆင်တာဟာ သဘောတူညီချက်ပါ တောင်းဆိုချက်တွေကို အမေရိကန်က တိုက်ရိုက်ချိုးဖောက်လိုက်တာပဲ။ ကျနော်တို့ဆီ တိုက်ရိုက် ခြိမ်းခြောက်နေတဲ့ ပိုင်နက်တွေဆီကိုသာမက ဆုံးဖြတ်ချက်ချတဲ့ ပိုင်နက်ဆီထိပါ ပစ်မှတ်ထားတဲ့ လက်နက်တွေကို ရုရှားက ဖန်တီးတီထွင်ဖို့ ဖိအားပေးသလို ဖြစ်လိမ့်မယ်” လို့ ဆက်ပြောပါတယ်။
ဘယ်လို တပ်ချမှုကိုမဆို ရုရှားရဲ့တုံ့ပြန်မှုက ပြတ်သားနေလိမ့်မယ်၊ အမေရိကန် မူဝါဒချမှတ်သူတွေဟာ ဘယ်လိုခြေလှမ်းကိုမဆို မလှမ်းခင်မှာ ဘေးအန္တရာယ်တွေကို တွက်ချက်သင့်တယ်လို့လည်း ပူတင်က ပြောပါတယ်။
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကလည်း ပူတင်ရဲ့ ကြေညာချက်ကို ထောက်ခံကြောင်း အဲဒီနေ့မှာပဲ ကြေညာပါတယ်။
ပိုဆေးဒွန်လို့ခေါ်တဲ့ နျူကလီးယားထိပ်ဖူးတပ် ဒရုန်းယာဉ်ကို ရေငုပ်သင်္ဘောပေါ်ကနေ ပစ်လွှတ်နိုင်တဲ့ စနစ်တခုကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တဲ့ ရုပ်သံကိုလည်း ဖြန့်ချိခဲ့ပါတယ်။
DVB
0 comments:
Post a Comment