ယခုနှစ် ရန်ကုန်သင်္ကြန် မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်အား ယခင်နှစ်နီးတူ ခွင့်ပြုသွားမည်ဖြစ်ပြီး ခွင့်ပြုချက် မတင်သည့် သံချပ်များ အနေဖြင့် မဏ္ဍပ်များတွင် ဖျော်ဖြေခွင့်ရရှိမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဒေါ်မေမေသွယ်က ပြောကြားသည်။
“အရင်နှစ်က အတိုင်းပါပဲ။ ထွေထွေထူးထူးတော့ သိပ်မရှိဘူး။ လမ်းလျှောက်သင်္ကြန်လည်းရှိမယ်။ မဏ္ဍပ်တွေလည်းရှိမယ်။ မဏ္ဍပ်တွေက မနှစ်က နေရာတွေပဲ ခွင့်ပြုမှာ ဖြစ်တယ်။ မြို့နယ်တွေမှာလည်း ခါတိုင်းလိုပဲ။ သံချပ်ကလည်း အရင်နှစ်က မတင်ပြတဲ့ သူတွေရှိတယ်။ ခွင့်ပြုချက်မရတဲ့ သံချပ်တွေကို မဏ္ဍပ်တွေမှာ ထိုးခွင့်မပေးဘူး။ အခြားနေရာတွေမှာ ထိုးချင်ထိုးလို့ရတယ်။ လမ်းလျှောက်သင်္ကြန်က မနှစ်က မဟာဗန္ဓုလပန်းခြံလမ်း မှာလုပ်တယ်။ ဒီနှစ်တော့ ကုန်သည်လမ်းအထိ နည်းနည်းလေး တိုးလုပ်သွားမယ်။ အားလုံးကတော့ ယခင်နှစ်အတိုင်းပါပဲ” ဟု ဒေါ်မေမေသွယ်က ပြောကြားသည်။
၁၃၈၀ ပြည့်နှစ် ရန်ကုန်တိုင်းဒေသကြီး ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပွဲတော်ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခင်နှစ် ရန်ကုန်သင်္ကြန်တွင် ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခုနှင့် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆၀ ခွင့်ပြုခဲ့ပြီး ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း (ကမ္ဘာအေးဘုရားလမ်းနှင့် အင်းလျားလမ်းကြား) တို့တွင် ရေကစားမဏ္ဍပ်များ ခွင့်ပြုခဲ့ခြင်း မရှိပေ။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယခင်နှစ်တွင် ခွင့်ပြုပေးခဲ့သည့် ရေကစားမဏ္ဍပ် လျှောက်ထားခွင့် ပြုပေးမည့် နေရာများသည် ဝေဇယန္တာလမ်းတစ်လျှောက် ဖျော်ဖြေရေးမဏ္ဍပ်ငါးခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁၆ ခု၊ ပါရမီလမ်းတစ်လျှောက် ဖျော်ဖြေရေးမဏ္ဍပ်နှစ်ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်လေးခု၊ မင်းဓမ္မလမ်း (ပါရမီလမ်းနှင့် ကျိုက်ဝိုင်းဘုရာလမ်းကြား) ဖျော်ဖြေရေးမဏ္ဍပ် နှစ်ခု၊ ကျိုက်ဝိုင်းဘုရားလမ်း ဖျော်ဖြေရေးမဏ္ဍပ်လေးခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်ခြောက်ခု၊ ပြည်လမ်း (ကျိုက် ဝိုင်းဘု ရားလမ်းမှ ဗိုလ်ချုပ်လမ်းကြား) ဖျော်ဖြေရေးမဏ္ဍပ် ခြောက်ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁၀ ခု၊ တက္ကသိုလ်ရိပ်သာလမ်း (ပြည်လမ်းမှ အင်းလျားလမ်းကြား) (ကမ္ဘာအေးဘုရားလမ်းမှ ဆရာစံလမ်းကြား) ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် လေးခု၊ စက်မှု(၁)လမ်း (ကမ္ဘာအေးဘုရားလမ်းမှ ဆရာစံလမ်းကြား)၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် နှစ်ခုတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗိုလ်ချုပ်လမ်း (ပြည်လမ်းမှ ဗိုလ်တထောင်ဘုရားလမ်းကြား) ဖျော်ဖြေ ရေးမဏ္ဍပ် နှစ်ခု၊ ဖျော်ဖြေရေးနှင့် ရေကစား မဏ္ဍပ် နှစ်ခု၊ အနော်ရထာလမ်း (ဗိုလ်တ ထောင်ဘုရားလမ်းမှ ဘုန်းကြီးလမ်းကြား)၊ ဖျော်ဖြေရေးမဏ္ဍပ် နှစ်ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် လေးခု၊ မဟာဗန္ဓုလလမ်း (ဘုန်း ကြီးလမ်းမှ ဗိုလ်တထောင်ဘုရားလမ်း ကြား)၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် လေးခု၊ ကုန်သည်လမ်း (ဗိုလ်တထောင် ဘုရားလမ်းမှ ဆူးလေလမ်းကြား) ဖျော်ဖြေ ရေးနှင့် ရေကစားမဏ္ဍပ် သုံးခု၊ ပုဇွန်တောင် လမ်းမကြီး အထက်^ အောက် (ဗန္ဓုလတံတား မှ ကြက်ဘဲဈေးကြား) ဖျော်ဖြေရေးမဏ္ဍပ် နှစ်ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် လေး ခု၊ သံသုမာလမ်း (ကြက်ဘဲဈေးမှ ဝေဇယန္တာ လမ်းကြား) ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် တစ်ခု၊ ကြည့်မြင်တိုင်ကမ်းနားလမ်း (ပြည် လမ်းမှ ကမ်းနားလမ်းကြား) ဖျော်ဖြေရေး မဏ္ဍပ် ၁၀ ခု စုစုပေါင်း ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခုနှင့် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆၀ တို့အား ခွင့်ပြုပေးခဲ့သည်။
ထို့ပြင်မဏ္ဍပ်ဆောက်လုပ် လိုသူများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ခဲ့သည့် ယခင်နှစ် စည်းကမ်းချက်များမှာ မီးပွိုင့်လမ်းဆုံမှ ပေ ၃၀၀ အတွင်း တည်ဆောက်ရမည်ဖြစ်ပြီး မဏ္ဍပ်တစ်ခုနှင့် တစ်ခုသည် ပေ ၂၀၀ အကွာတွင် ဆောက်လုပ်ရမည်ဟု သတ်မှတ်ခဲ့သည်။
ယခင်နှစ်တွင် စတင်ကျင်းပခဲ့သည့် ရန်ကုန်လမ်းလျှောက် သင်္ကြန်တွင် လာရောက် လည်ပတ်သူများနှင့် စည်ကားခဲ့သည်ကို တွေ့ရသည်။
Eleven
0 comments:
Post a Comment