၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း အလုပ်သမားဆန္ဒပြမှုများ ဖြစ်ပွားခဲ့သော စက်ရုံ၊ အလုပ်ရုံ ၁၀၀ ကျော်အထိ ရှိကြောင်း ဖေဖော်ဝါရီ ၂၁ရက်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများကြောင့် အလုပ်သမားများ ဆန္ဒထုတ်ဖော် တောင်းဆိုမှုများသည် စက်မှုဇုန်များရှိ အထည်ချုပ်၊ ဖိနပ်ချုပ် စသည့် စက်ရုံများတွင် အဖြစ်များပြီး ဟိုတယ်လုပ်ငန်း၊ ဆိုင်၊ အလုပ်ဌာနအချို့တွင်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများအား ဖြေရှင်းရန် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့များသို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အငြင်းပွားမှုများကို ဖြေရှင်းပေးရန် လာရောက်တိုင်ကြားမှု ၁၀၆ မှုအထိ ရှိနေကြောင်း သိရသည်။
ဖြစ်ပွားခဲ့သော အငြင်းပွားမှု ၁၀၆ မှုတွင် ကျေအေးမှု ၂၇ မှု၊ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု လေးမှု၊ ပိတ်သိမ်းမှု ၂၂ မှုနှင့် ငွေကြေးအကျိုးခံစားခွင့် ၅၃ မှုရှိပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ ၂၇၄ ဦးအတွက် ငွေကျပ် သိန်း ၈၀၀ ကျော်ကို ခံစားခွင့် ရရှိစေခဲ့ကြောင်း သိရသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းရန် စက်မှုဇုန်များသို့ ကွင်းဆင်းစည်းရုံးနေကြောင်း သိရသည်။
အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းရန် ကျန်ရှိနေသည့် စက်ရုံများကိုလည်း မဖွဲ့စည်းပါက ဥပဒေအရ အရေးယူတော့မည် ဖြစ်ကြောင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးထားသည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနသည် အများပြည်သူပိတ်ရက် အလုပ်လုပ်ရန် စေခိုင်းခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေ မရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များ ယူရာတွင် ငွေကြေးခံစားခွင့်များ ရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကျပ်သိန်းပေါင်း ၄၀၀၀၀ ကျော် ခံစားခွင့် ပေးနိုင်ခဲ့ကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment