Monday, February 4, 2019

နိုင်ငံခြားသားခရီးသွားဧည့်သည် လည်ပတ်ခွင့်ကန့်သတ်ခဲ့တဲ့ မိုးကုတ်မြို့ရဲ့စိတ်ဝင်စားဖွယ်ရာနေရာ ၃ နေရာကို လည်ပတ်ခွင့်ပေးလိုက်ပြီ


အရင်က နိုင်ငံခြားသားခရီးသွားဧည့်သည် လည်ပတ်ခွင့်ကန့်သတ်ခဲ့တဲ့ မိုးကုတ်မြို့ရဲ့စိတ်ဝင်စားဖွယ်ရာနေရာ ၃ နေရာကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လည်ပတ်ခွင့်ပေးလိုက်ပြီဖြစ်တယ်လို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်)ဆီကသိရပါတယ်။ 
"ဘားနဒ်ရယ် ကျောက်ပြဿဒ်ရယ် ပန်လင်ရယ်ပေါ့နော်၊ အဲဒီနေရာ ၃ ခုကို လည်ပတ်ခွင့်ပေးလိုက်တာပါ၊ မိုးကုတ်မြို့လာရင် အဲဒီနေရာ ၃ ခုက ခရီးသွားစိတ်ဝင်စားစရာနေရာတွေဖြစ်နေပြီလေ၊ ဒေသအစိုးရရယ် ၀န်ကြီးဌာနတွေရယ် ပူးပေါင်းလုပ်ကြတာပါ၊ အဓိကကတော့ ခရီးသွားကဏ္ဍတိုးမြှင့်တာပါပဲ" လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်)မှ လက်ထောက်ညွှန်ကြားရေးမှူးဦးစန်းယုကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။ 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့ကို အရင်တုန်းက နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ထွက်ခွင့်တားမြစ်ခဲ့တာမှာ ၂၀၁၈ အောက်တိုဘာလမှာတော့ ပြန်ဝင်ထွက်ခွင့်ပေးခဲ့ပြီး ခရီးသွားတွေကိုစွဲဆောင်မှုပြုနေတဲ့ ဘားနဒ်ကျေးရွာ၊ ကျောက်ပြဿဒ် နဲ့ ပန်လင်ကျေးရွာ တို့ကိုပါ ဇန်န၀ါရီလ ၃၁ ရက်နေ့က လည်ပတ်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။ 

မိုးကုတ်မြို့ကနေ ၁၀ မိုင်ခန့်ဝေးတဲ့ဘားနဒ်ကျေးရွာဟာ အင်္ဂလိပ်ခေတ်ကစစ်သင်္ချိုင်းတစ်ခုနဲ့ရှေးဟောင်းလက်နက်တိုက်တစ်ခုရှိနေတာရယ် ဒေသခံတိုင်းရင်းသားတွေရဲ့ဈေးနေ့တစ်ခုရှိနေတာရယ်ကြောင့် ခရီးသွားတွေအတွက် စိတ်ဝင် စားစရာနေရာတစ်ခုဖြစ်နေသလို ဒေသခံတိုင်းရင်းသားတွေရဲ့နွေးထွေးဖော်ရွေမှု၊ နဲ့ တောတောင်ရေမြေသဘာဝအလှတရားတွေရှိနေတဲ့ ပန်လင်ကျေးရွာဆိုရင်လည်း အလွန်ချမ်းအေးလွန်းလှတဲ့ရာသီမှာ ရေခဲလေ့ရှိတာကြောင့် ပြည်တွင်းပြည်ပခရီးသွားတွေ စိတ်ဝင်စားမှုမြင့်တက်နေတာပါ။ 

"ခရီးသွားကဏ္ဍဖွံ့ဖြိုးပြီးနိုင်ငံတွေကိုကြည့်ကြည့် ခရီးသွားအမျိုးအစားစုံလင်တာကိုတွေ့ရတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် ဒီလိုအမျိုးအစားစုံလင်ဖို့လည်းအရေးကြီးတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ခရီးစဉ်ဒေသ တွေဖော်ထုတ်ကြတာပါ၊ ဒါနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအတွက်ပါပဲ၊ ခရီးသွားတွေစိတ်ဝင်စားနိုင်မယ့်ဒေသသစ်တွေဖော်ထုတ်မယ်၊ ရှိပြီးသားကိုတိုးတက်အောင်လုပ်မယ်၊ အားလုံးက ၀ိုင်းဝန်းကူညီကြရင် မြန်မာ့ခရီးသွားဖွံ့ဖြိုးတိုး တက်မှာပါ" လို့လည်း ၄င်းကပြောပါတယ်။ 

မိုးကုတ်မြို့ကို မန္တလေး-ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်း(လမ်းသစ်) နဲ့ မန္တလေး-မတ္တရာ-စဥ့်ကူး-သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်း(လမ်းဟောင်း)ဆိုပြီး လမ်းနှစ်လမ်းဖောက်လုပ်ထားပေမယ့်လည်း နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ အတွက်ကိုတော့ လမ်းဟောင်းကပဲ မော်တော်ကားနဲ့သွားလာခွင့်ပြုထားပါတယ်။ 

မိုးကုတ်မြို့ကို နိုင်ငံခြားသားခရီးသွားဧည့်သည် ပြန်ဝင်ရောက်ခွင့်ပြုခဲ့တဲ့ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ မှ အခုဖေဖော်ဝါရီလအထိ နိုင်ငံခြားသားခရီးသွားဧည့်သည် ခုနှစ်ရာကျော်ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးဦးစီးဌာန (အထက်မြန်မာပြည်)ဆီကသိရပါတယ်။ 






စောထွေး
Popular News Journal 

0 comments:

Post a Comment