တောင်ဥက္ကလာပမြို့နယ်၊ မေတ္တာလမ်းရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ခရီးသည် အမျိုးသားတစ်ဦးနှင့်အတူ ဘီယာဆိုင်ထိုင်၍ ဘီယာအတူသောက်ခဲ့သည့် အငှားယာဉ်မောင်း၏ ပရိုဘောက်ယာဉ် ခိုးယူခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ကားအခိုးခံရသည့် အငှားယာဉ်မောင်း အမျိုးသားမှာ ဖေဖော်ဝါရီလ ၃ ရက် ည ၈ နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ ဇဝနလမ်းဆုံအနီးတွင် အမည်မသိ အမျိုးသားတစ်ဦးမှ တောင်ဥက္ကလာပဘုရားသို့ လိုက်ပို့ပေးရန် ငှားရမ်းသဖြင့် ၎င်းမောင်းနှင်သည့် ပရိုဘောက်အငှားယာဉ်ဖြင့် လိုက်ပို့ခဲ့သည်။
“ဇဝနလမ်းဆုံကနေ တောင်ဥက္ကလာပဘုရားကို ခရီးသည်က ထောင့်ငါးရာကျပ်နဲ့ငှားပြီး လိုက်ပို့ခိုင်းတယ်။ မေတ္တာလမ်းအရောက်မှာ ကားပေါ်ပါလာတဲ့ ခရီးသည်က ဘီယာသောက်ချင်တယ်ပြောလို့ ဘီယာဆိုင်ရှေ့မှာ ရပ်ပေးခဲ့တယ်။ ပြီးတော့ ကားသမားက ခရီးသည်နဲ့အတူ ဘီယာဆိုင်ထိုင်ပြီး ဘီယာသောက်နေချိန်မှာ ခုံပေါ်တင်ထားတဲ့ကားသော့ကို ခရီးသည်ကခိုးသွားပြီး ဆိုင်ရှေ့မှာရပ်ထားတဲ့ ပရိုဘောက်ယာဉ်ကို ခိုးယူသွားတာ။ တရားခံကိုဖမ်းမိထားပါပြီ”ဟု ရဲအရာရှိက ပြောသည်။
ခိုးယူသွားသည့် ပရိုဘောက် အငှားယာဉ်ကို ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁ နာရီခန့်က ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်းတွင် လှည့်ကင်းတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ပြီး ခိုးမှုကျူးလွန်သူ အသက် ၂၈ နှစ် ဇော်မျိုးထွန်းကို တောင်ဥက္ကလာပမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၉(ကား)ဖြင့် အမှုဖွင့်အရေးယူထားသည်။
The Voice
0 comments:
Post a Comment