NLD အစိုးရသက်တမ်း ၃ နှစ်တာကာလ အတွင်းမှာ သစ်မှောင်ခို တန်ချိန်ပေါင်း ၁၂၃၈၅၁ တန်ကျော်နဲ့ သစ်ခိုးထုတ်သူ ၂ သောင်းကျော် ဖမ်းဆီးရမိထားကြောင်း သစ်တောဦးစီးဌာနကနေသိရပါတယ်။
၂၀၁၆-၁၇၊ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉(၆ လ)ဘဏ္ဍာနှစ်များအတွင်း ဖမ်းဆီရမိခဲ့တဲ့ပမာဏစုစုပေါင်းဖြစ်ကြောင်းသိရပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ တရားမ၀င် ကျွန်းသစ်တန်ချိန် ၁၃၉၄၄ တန်ကျော်၊ သစ်မာတန်ချိန် ၁၂၉၇၇ ခန့် ၊ အခြားသစ်မျိုးစုံ တန်ချိန် ၂၃၁၀၄ ကျော် နဲ့ စုစုပေါင်း တန်ချိန် ၅၀၀၂၆ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကျွန်းသစ်တန်ချိန် ၁၁၀၅၆ ကျော်၊ သစ်မာတန်ချိန် ၁၃၃၄၀ ကျော်၊ အခြားသစ်မျိုးစုံ ၂၄၂၈၃ တန် ခန့် နဲ့ စုစုပေါင်း သစ်တန်ချိန် ၄၈၆၈၁ တန်ဖမ်းဆီးရမိခဲ့ကြောင်း၊ ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်ပထမ ၆ လအတွင်းမှာ ကျွန်းသစ် တန်ချိန် ၆၅၃၇ တန် ကျော်၊ သစ်မာတန်ချိန် ၇၄၆၉ ကျော်၊ အခြားသစ်မျိုးစုံ တန်ချိန် ၁၁၀၈၅ တန်ကျော် နဲ့ စုစုပေါင်း သစ်တန်ချိန် ၂၅၁၄၃ တန်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနက နေသိရတာဖြစ်ပါတယ်။
ဦးစီးဌာနရဲ့ အဆင့်မြင့်အရာရှိတစ်ဦးက အခုဘဏ္ဍာနှစ် ၆ လပတ်အတွက်သာစာရင်းရရှိသေးကြောင်းလည်းဆိုပါတယ်။
အဆိုပါ တရားမ၀င်သစ်တွေနဲ့အတူ သစ်ခိုးထုတ်သူ နိုင်ငံခြားသား ၃၁ ဦး ၊ မြန်မာနိုင်ငံသား ၁၉၉၉၃ ဦးကို လည်း ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။
ဒါ့အပြင် သစ်ခိုးထုတ်ရာမှာ အသုံးပြုတဲ့ စက်ယန္တရား ၈၈၇၂ စီး၊ သစ်ဖြတ်ချိန်းဆော ၁၀၁၃ ခုတို့ကိုပါ ပူးတွဲဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်းမှာတော့ တရားမ၀င်သစ်တန်ချိန် ၂၀၅၂၄၃ တန်ကျော် နဲ့ တရားခံ ၃၁၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ဦးစီးဌာနကရရှိတဲ့ အချက်အလက်တွေအရသိရပါတယ်။
လက်ရှိ အစိုးရသက်တမ်းအတွင်း ပဲခူးရိုးမမှာ သစ်ထုတ်လုပ်မှု တရားဝင် ရပ်ဆိုင်းထားခဲ့ပေမယ့် ပဲခူးရိုးမအပါအ၀င် အခြားသစ်ထုတ်လုပ်ရာဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ တရားမ၀င် တရားမ၀င်သစ်ခိုးထုတ်မှုတွေများစွာဖြစ်ပွားလျက်ရှိနေကြောင်း သစ်တောဦးစီးဌာနက ဖမ်းဆီးရမိတဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာသစ်ခိုးထုတ်ဖို့အတွက် ဖောက်လုပ်ထားတဲ့ ကားလမ်းတွေကို ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမေးခွန်းမေးမြန်းခဲ့ဖူးပါတယ်။
လက်ရှိ မှောင်ခိုဈေးကွက်မှာတော့ ကျွန်း၊ တမလန်း အပါအ၀င် ပိတောက်သစ်တွေဟာ တစ်တန်ကို သိန်း ၃၀ အထက်ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
ရဲလွင်
ပုံစာ - ဖမ်းဆီးရမိခဲ့သော တရားမ၀င်သစ်များအနက် အချို့ကိုတွေ့ရစဉ်(ဓာတ်ပုံ - ရဲဇာနည်)
Popular News Journal
0 comments:
Post a Comment