တောင်ကြီးမြို့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပြိုင်ပွဲကို ၉ ရက်သာကျင်းပရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ စီစဉ်နေတာကို မီးပုံးပျံ အဖွဲ့တွေက စုပေါင်း လက်မှတ်ရေးထိုးကာ ရှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ ကန့်ကွက်စာပေးပို့သွားမယ်လို့ တောင်ကြီးမြို့ ဒေသခံ မီးပုံးပျံအဖွဲ့တွေထံကနေ သိရပါတယ်။
တောင်ကြီးမြို့တန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပြိုင်ပွဲကို ယခင်နှစ်တွေက ၉ည ၁၀ ရက် ကျင်းပခဲ့ပြီးတော့ ဒီတစ်နှစ်မှာ မူ ၈ ည ၉ ရက်သာကျင်းပဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့က စက်တင်ဘာ ၃ ရက်မှာ ပြုလုပ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကျင်းပရေး ဦးဆောင်ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။
တန်ဆောင်တိုင်ပွဲတော် ပြိုင်ပွဲရက်လျှော့လိုက်တဲ့ အတွက် ပြိုင်ပွဲဝင် လွှတ်တင်တဲ့ မီးပုံးပျံတွေ ရာသီဥတု အခြေအနေ ဆိုးရွားပါက အခက်အခဲတွေဖြစ်ပေါ်နိုင်ခြင်း၊ ပြိုင်ပွဲဝင် မီးပုံးပျံ အလုံးအရေအတွက်များလာနိုင်တဲ့ အတွက် ပြိုင်ပွဲရက်မလုံလောက်ခြင်း ၊ အန္တရာယ်များပြားလာနိုင်ခြင်း နဲ့ ဒေသခံ အခြေခံလူတန်းစားတွေ ရဲ့ စီးပွားရေး ထိခိုက်နိုင်ခြင်းတို့ဖြစ်ပေါ်လာစေနိုင်တယ်လို့လည်း မီးပုံးပျံအဖွဲ့တွေ ကပြောပါတယ်။
“ဖြစ်စေချင်တာ အရင်ထုံးစံအတိုင်းပဲလုပ်စေချင်တာပေါ့။ တစ်ရက်လျှော့လိုက်တဲ့အတွက် ကျွန်တော်တို့မီးပုံးပျံသမားတွေအနေနဲ့ အခက်အခဲတွေ အများကြီးရှိနိုင်တယ်” လို့ ရွှေမော်မီးအဖွဲ့ ခေါင်းဆောင် ဦးစိုးမြတ် ကပြောပါတယ်။
ယခင်နှစ်တွေအတိုင်း တန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲတော်ကို ၁၀ ရက်ကျင်းပနိုင်ဖို့ စက်တင်ဘာ ၄ ရက် ဒီကနေ့ နေ့လည်ပိုင်းက တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်ရှိ တောင်ပေါ်လူထုရပ်ဝန်း စင်တာမှာ မီးပုံးပျံအဖွဲ့တွေ ဆွေးနွေးခဲ့ပြီး ပြိုင်ပွဲဝင် မီးပုံးပျံအဖွဲ့တွေရဲ့ ကန့်ကွက်လက်မှတ်တွေ ကောက်ခံသွားမယ်လို့ ဦးစိုးမြတ် ကပြောပါတယ်။
ရရှိလာတဲ့ ကန့်ကွက်လက်မှတ်တွေကိုလည်း လာမယ့် စက်တင်ဘာ ၆ ရက်နေ့မှာ ရှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ ပေးပို့က တင်ပြတောင်းဆိုသွားမယ်လို့ တောင်ကြီးဒေသခံ မီးပုံးပျံအဖွဲ့တွေကပြောပါတယ်။
ပွဲတော်ရက် လျှော့လိုက်တာဟာ လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရဲလုံခြုံရေးအနေအထားတွေကြောင့် တစ်ရက်လျှော့ထားတာဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ်ဇော်ခင်အောင်က ပြောပါတယ်။
၂၀၁၉ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၄ ရက်နေ့ကနေ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့က အတည်ပြုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲတော်မှာ ညမီးကြီးမီးပုံးပျံ ၈၁ လုံး၊ စိန်နားပန် ၄၂လုံး၊ နေ့လွှတ်အရုပ် ၂၉၁ လုံး စုစုပေါင်း မီးပုံးပျံအလုံးရေ ၄၁၄လုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
သတင်း- ခွန်ဆာ (ရွှေတြိဂံ)
0 comments:
Post a Comment