Sunday, May 31, 2020

အမေရိကန် မင်နီယာပိုလစ်မှာ အစောင့်တပ်ဖွဲ့များ တိုးမြှင့်ချထားပြီး ဆူပူအုံကြွမှုတွေကို ဖြိုခွင်းမည်ဟု သတိပေး

ရဲတပ်ဖွဲ့က ဖမ်းဆီးစဥ် လူမည်းအမျိုးသား သေဆုံးမှုအပေါ် ဆန္ဒပြရာမှ အကြမ်းဖက်ဆူပူအုံကြွမှုများ ဖြစ်ပွားနေတဲ့ အမေရိကန်နိုင်ငံ မင်နီယာပိုလစ်မြို့မှာ နောက်ထပ် အစောင့်တပ်ဖွဲ့များ ဖြန့်ကျက်ချထားရန် ပြည်နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားလိုက်ပြီး ဆူပူအုံကြွသူတွေ လျော့နည်းသွားစေရန် ဖြိုခွင်းမှုတွေ လုပ်ဆောင်မယ်လို့ သတိပေးလိုက်ပါတယ်။
မင်နီယာပိုလစ်မှာ လူမည်းအမျိုးသား သေဆုံးမှုနဲ့ပတ်သက်ပြီး အကြဖမ်း ဆန္ဒပြမှုတွေ နောက်ထပ် မည်သည့်နည်းနဲ့မျှမရှိစေရန် ဆောင်ရွက်သွားမယ်လို့ မင်နီဆိုးတားပြည် အုပ်ချုပ်ရေးမှူး Tim Walz ဆိုပါတယ်။ မင်နီယာပိုလစ်မြို့မှာ ရဲတပ်ဖွဲ့က လူမည်းအမျိုးသားတစ်ဦးကို မေ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့စဥ် ရဲအရာရှိတစ်ဦးက လက်ထိပ်ခတ်ထားပြီးဖြစ်တဲ့ ထိုအမျိုးသားရဲ့ လည်ပင်းကို ဒူးခေါင်းဖြင့် အနည်းဆုံး ငါးမိနစ်ကြာမျှ ဖိနင်းထားခဲ့ရာမှ သေဆုံးသွားခဲ့ပါတယ်။
အွန်လိုင်းမှာ ထွက်ပေါ်လာတဲ့ အဆိုပါဖြစ်စဥ် မှတ်တမ်းတွေအရ လည်ပင်းကို ဒူးခေါင်းဖြင့် ဖိနင်းထားခံရတဲ့ အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်ဒ်က အသက်မရှူနိုင်တော့ကြောင်း တောင်းပန်ပြောကြားခဲ့ပေမဲ့ ရဲအရာရှိက မလွှတ်ပေးခဲ့တာ တွေ့ရပါတယ်။
ဂျော့ဂျ် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့သူ အသက် ၄၄ နှစ်အရွယ် ရဲအရာရှိ Derek Chauvin ကို လူသတ်မှုဖြင့် စွဲချက်တင်ထားပါတယ်။ ၎င်းအပါအဝင် ထိုစဥ်က အတူရှိနေခဲ့တဲ့ ရဲအရာရှိ သုံးဦးကို အလုပ်မှထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။ ဂျော့ဂျ်ဖြစ်ရပ်မှာ ပါဝင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ Derek Chauvin, Thomas Lane, Tou Thao နဲ့ J Alexander Kueng တို့ဖြစ်ကြောင်း မင်နီယာပိုလစ်မြို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ဂျော့ဂျ် သေဆုံးမှုနဲ့ ပတ်သက်ပြီး မင်နီယာပိုလစ်မြို့မှာ မေ ၂၆ ရက် မွန်းလွဲပိုင်းမှစပြီး ဆန္ဒပြမှုတွေ စတင်ပေါ်ပေါက်ခဲ့ရာမှ ယခုအခါ အမေရိကန်နိုင်ငံတစ်ဝှမ်း မြို့ကြီးများမှာလည်း ဆန္ဒပြမှုတွေ ရှိနေခဲ့ပါတယ်။ ဝါရှင်တန်ဒီစီအထိ ဆန္ဒပြမှုတွေ ပြင်းထန်လာတဲ့ အခြေအနေကြောင့် အမေရိကန်သမ္မတအိမ်ဖြူတော်ကို အဝင်အထွက်ပိတ်ပြီး lockdown လုပ်ခဲ့ရကြောင်းလည်း သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အိမ်ဖြူတော်မှာရှိနေခဲ့စဥ် ဆန္ဒပြသူတွေက အိမ်ဖြူတော်အပြင်ဘက်မှာ နာရီအတန်ကြာ စုရုံးအော်ဟစ်ပြီး သံပြိုင်ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ မင်နီယာပိုလစ်မြို့မှာ ဆန္ဒပြကြရာမှ အကြမ်းဖက် ဆူပူအုံကြွမှုတွေ လက်ရှိအချိန်အထိ ဆက်တိုက်ရှိနေခဲ့ပြီး မီးလောင်မှုနဲ့ အပျက်အစီး အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။
ဂျော့ဂျ် သေဆုံးမှုဟာ လတ်တလောအတွင်း ဂျော်ဂျီယာမှာ Amhaud Arbery နဲ့ ကင်တက်ကီမှာ Breonna Taylor အမည်ရှိ လူမည်းများ အပါအဝင် ရဲတပ်ဖွဲ့ကြောင့် လူအမည်းအမေရိကန်များ သေဆုံးရမှုအပေါ် ကာလရှည်ကြာ ဒေါသဖြစ်နေကြမှုကို ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။ ယခုဖြစ်ရပ်ဟာ အမေရိကန်မှာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ပြည်သူလူထု ဆူပူအုံကြွမှုတွေအနက် တစ်ခုဖြစ်လာခဲ့ပါတယ်။
ဆူပူအုံကြွမှုများအတွင်း နယူးယော့ခ်၊ ဒါးလက်စ်၊ အတ္တလန်တာတို့မှာ ရဲကားများနဲ့ အခြား အဆောက်အအုံတွေ မီးရှိုးဖျက်ဆီးခံခဲ့ရပါတယ်။ မင်နီယာပိုလစ်နဲ့ စိန့်ပေါလ်မြို့ ဧရိယာမှာ ဆူပူအုံကြွမှုတွေ အဆိုးရွားဆုံးဖြစ်ပြီး ဈေးဆိုင်များကို ဖျက်ဆီးလုယက်မှုနဲ့ မီးရှို့မှုများ ဖြစ်ပွားနေခဲ့ပါတယ်။
မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူးက Tim Walz က ထိုဧရိယာအတွင်း ပြည်နယ်အစောင့်တပ်ဖွဲ့ဝင် ၁၃,၀၀၀ ကို ဖြန့်ကျက်ချထားနေကြောင်း ပြောပါတယ်။ ထိုကဲ့သို့လုပ်ဆောင်မှုဟာ ဒုတိယကမ္ဘာစစ်နောက် ပိုင်း တစ်ကြိမ်မျှ မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ဆူပူအုံကြွမှုတွေ ဖြေရှင်းပြီး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရန် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်နဲ့လည်း ဆွေးနွေးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဆူပူအုံကြွမှုတွေကို ဖြိုခွင်းထိန်းသိမ်းရေး စစ်ရဲတပ်ဖွဲ့ကို စေလွှတ်နိုင်ဖွယ်ရှိနေပြီး ထိုသို့စေလွှတ်မှုဟာ အမေရိကန်မှာ ဆယ်စုနှစ်များအတွင်း မရှိခဲ့ဖူးတဲ့ ဆောင်ရွက်မှုဖြစ်ကြောင်း AFP သတင်းက ဖော်ြပပါတယ်။ ဆူပူအုံကြွမှုတွေ ပျံ့နှံ့ဖြစ်ပွားလာမှုကြောင့် အမေရိကန်မြို့ကြီး ၁၀ မြို့ထက်မနည်းမှာ ညမထွက်အမိန့် ထုတ်ပြန်မှုတွေလည်း ရှိလာခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရန့်ကတော့ ယခု ဖြစ်ပွားနေတဲ့ အကြမ်းဖက် ဆူပူအုံကြွမှုတွေကို လက်ဝဲစွန်းဝါဒီ ANTIFA နဲ့ အခြား လက်ဝဲအုပ်စုတွေက ဦးဆောင်ခဲ့ကြောင်းနဲ့ ၎င်းတို့က အပြစ်မဲ့သူတွေကို အကြမ်းဖက်ခြင်း၊ အလုပ်အကိုင်တွေကို ဖျက်ဆီးခြင်း၊ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေခြင်းနဲ့ အဆောက်အအုံတွေကို မီးရှို့ခြင်းများ လုပ်ဆောင်နေကြကြောင်း မှတ်ချက်ပြု ပြောခဲ့ပါတယ်။ ထိုအတောအတွင်း ဂျော့ဂျ် သေ ဆုံးမှုနဲ့ ဆက်စပ်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာလည်း Black Lives Matter ဆန္ဒပြမှုတွေ ကူးစက်ပေါ်ပေါက်လာခဲ့ကြောင်း သိရပါတယ်။
Ref ; Duwun

0 comments:

Post a Comment