Saturday, May 30, 2020

သတင်းမီဒီယာသမားများ အသုံးပြုနိုင်ရင် Information Center နေပြည်တော်ဝင် စတင်တည်ဆောက်

သတင်းမီဒီယာသမားများ အသုံးပြုနိုင်ရန်အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီက နေပြည်တော် မြို့မဈေးပွဲရုံတန်းရှိ မြေကွက်လပ်၌ Information Center (Naypyitaw)ကို စတင်တည်ဆောက်လျက်ရှိကြောင်း ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦး၏ ပြောကြားချက်အရ သိရသည်။
“ဒီစင်တာမှာ ဝန်ကြီးဌာနတွေ၊ လွှတ်တော်တွေကနေ သတင်းရယူပြီး ပြန်လာတဲ့ သတင်းထောက်တွေ တစ်စုတစ်စည်းတည်း ဆုံလို့ရအောင်၊ ဒီမှာပဲ သတင်းလုပ်လို့ရအောင် အဲဒီမှာ တည်းဖြတ်လို့ရအောင်၊ သတင်းပို့ လို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ပေးတာပါ။
ဒီအဆောက်အအုံကို နိုင်ငံတော်ရဲ့ ငွေနဲ့တည်ဆောက်မှာ မဟုတ်ပါဘူး။ အလှူရှင်တွေရဲ့ အလှူငွေတွေနဲ့တည်ဆောက်မှာပါ။ အလှူရှင်တွေက အဆောက်အအုံအတွက် စည်ပင်ကိုလှူတယ်။ မြေနေရာနဲ့ အဆောက်အဦက စည်ပင်သာယာပိုင်ဖြစ်မှာပါ။ အဆောက်အအုံ ဒီဇိုင်းဆွဲပြီးတော့ စည်ပင် EC ကို တင်ပြပြီးပါပြီ။ ခွင့်ပြုချက်လည်း ရရှိပြီးပါပြီ” ဟု ဦးရဲမင်းဦး က ပြောသည်။
အဆိုပါအဆောက်အအုံကို မေ ၂၁ ရက်မှစတင်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာလအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီအဆောက်အအုံက သုံးထပ်အဆောက်အအုံပါ။ မြေညီထပ်နဲ့ ပထမထပ်က သတင်းထောက်တွေအတွက် ဖြစ်ပါတယ်။ Hall Type ဆောက်လုပ်ပေးသွားမှာပါ။ Hall Type ဆိုတော့ တည်းဖြတ်တဲ့အခန်းလေးတွေ၊ Studio အခန်းလေးတွေ လည်း လုပ်လို့ရပါတယ်။ အပေါ်ဆုံး အထပ်ကိုတော့ စည်ပင်က ထုတ်လွှင့်နေတဲ့ တီဗီချန်နယ်တွေအတွက် ငွေသွင်းတာ၊ သက်တမ်းတိုးတဲ့ကောင်တာနဲ့ စည်ပင်က ရိုက်ကူးရေး ဝန်ထမ်းတွေအတွက် အသုံးပြုမှာပါ။
အစိုးရပိုင်ဆိုတော့ ဒီအတိုင်းတော့ပေးလို့မရဘူး။ နှုန်းထားသတ်မှတ် ပြီးတော့ သတင်းမီဒီယာသမား အစု ' အဖွဲ့ကို သုံးနှစ်ဆို သုံးနှစ်၊ ငါးနှစ်ဆို ငါးနှစ် ဥပဒေအရ ခိုင်မာအောင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး စာချုပ် ချုပ်ပြီး ငှားရမ်းပေးမှာပါ။
ငှားရမ်းပြီးတဲ့အခါ စည်ပင်အနေနဲ့ထိန်းချုပ်တာမျိုးတွေမရှိဘဲ လွတ်လွတ်လပ်လပ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရပိုင်ဖြစ်တဲ့အတွက် စာချုပ်ချုပ်ဆိုတဲ့အခါမှာ ရာဇဝတ်မှုတွေ၊ ခိုက်ရန်ဖြစ်တာတွေနဲ့ အခြား သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေတော့ပါမှာဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
“အဆောက် အအုံ အကျယ် အဝန်းက ပေလေးဆယ် ပတ်လည် သုံးထပ်အဆောက်အအုံ ဖြစ်ပါတယ်။ Information Ceter ဖြစ်တဲ့အတွက် အခြားအဆောက်အအုံတွေနဲ့ မတူအောင် အဆောက်အအုံ ဒီဇိုင်းကို ဆန်းသစ်တဲ့အသွင်နဲ့ တည်ဆောက် သွားမှာ ဖြစ်ပါတယ်”ဟု ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးက ပြောသည်။
အဆိုပါ အဆောက်အအုံကို သတင်းမီဒီယာသမားများ သာမက ကဗျာဆရာများနှင့် စာပေပညာရှင် များ၏ တွေ့ဆုံပွဲများ၊ ပန်းချီပြပွဲများ၊ ဓာတ်ပုံပြပွဲများ၊ သတင်းပညာဆိုင်ရာ သင်တန်းများလည်း ကျင်းပနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါ အဆောက်အအုံ တည်ဆောက်မှုအတွက် ငွေကျပ်သိန်း ၁၆၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ယခုစတင်တည်ဆောက်နေသည့် Information Ceter selge Media Village ကို နေပြည်တော်၌ တည်ဆောက်နေသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစား ဝန်ထမ်းအိမ်ရာအနီး ဧက ၂၀ အကျယ်အဝန်းပေါ်၌ တည်ဆောက်ရန် လျာထားပြီး အဆိုပါ Media Village တွင်သတင်း၊ မီဒီယာဌာနများ၏ရုံးခန်းများ၊ သတင်းမီဒီယာသင်တန်းကျောင်း၊ သတင်းမီဒီယာကောင်စီရုံးခန်း၊ စားသောက်ဆိုင်များ၊ စာကြည့်တိုက်နှင့်မြန်မာ့မီဒီယာ ပြတိုက်တို့ကို ထည့်သွင်းဆောက်လုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

0 comments:

Post a Comment