Saturday, May 30, 2020

ဗိုလ်တထောင်ဘုရားတွင်ပြုလုပ်ခဲ့သော အခမ်းအနားကြောင့် ရန်ကုန်တိုင်းအစိုးရကို အရေးယူပေးရန် တောင်းဆိုလက်မှတ်များ ကောက်ယူ

COVID-19 ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တို့ကို ရန်ကုန်တိုင်း အစိုးရ ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို ပေးပို့တိုင်ကြားဖို့အတွက် အင်တာနက်ကနေ လက်မှတ်တွေ ကောက်ယူတဲ့လှုပ်ရှားမှုတစ်ခု ရှိနေကြောင်း သိရပါတယ်။
လက်မှတ်တွေကို မေ ၂၈ ရက်ကနေ စတင် ကောက်ယူတာဖြစ်ပြီး ဒီနေ့ မေ ၃၀ အထိကို လက်မှတ်ရေးထိုးတဲ့သူ ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဒီလှုပ်ရှားမှုဟာ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုခုရဲ့ ဦးဆောင်မှုအောက်မှာ မရှိဘဲ ပြည်သူ့အသံတွေ အနေနဲ့သာ စုပေါင်းကောက်ယူတာဖြစ်တယ်လို့ ပါဝင်သူ တစ်ယောက်ဖြစ်တဲ့ ဒေါ်ခင်နွေးနွေးလှိုင်က ပြောကြား ထားသည်။
လက်မှတ်တွေကို မနက်ဖြန် မေ ၃၁ အထိ ကောက်ယူမှာဖြစ်ပြီး ရရှိထားတဲ့ လက်မှတ်တွေကိုတော့ လာမယ့် ရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို ပေးပို့သွားမှာဖြစ်ကြောင်းသိရသည်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေအရ လူ ငါးယောက်နဲ့ အထက်ပိုပြီး စုဝေးတာတွေမလုပ်ဖို့၊ ပွဲလမ်းသဘင်နဲ့ အခမ်းအနားတွေ မလုပ်ဖို့ ထုတ်ပြန်ထားတာပါ။
ကပ်ဘေးကာလအတွင်း ဘာသာရေးပွဲ အခမ်းအနားကို လူစုလူဝေးနဲ့ ကျင်းပသူတွေကို အရေးယူနေချိန်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်ကိုလည်း အရေးယူပေးဖို့ မကွေးတိုင်း ပခုက္ကူမြို့က ကျောင်းသားတစ်ယောက်၊ စစ်ကိုင်တိုင်း ကန့်ဘလူမြို့က ကျောင်းသားတစ်ယောက်တို့က သူတို့ဒေသက ရဲစခန်းတွေမှာ တိုင်ကြားတာတွေလည်း ရှိခဲ့ပါတယ်။
တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ဇနီး ဒေါ်ခင်မိမိကြွယ်၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော် အပါဝင် ဌာနဆိုင်ရာတာဝန်ရှိသူတွေက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားမှာ ရှင်ဥပဂုတ္တ မထေရ်မြတ် ဖောင်တော် ရေချပူဇော်ပွဲ၊ မြနန်းနွယ်ယာယီနန်းဆောင် ပန္နက်တင်အခမ်းအနားတို့ကို မေ ၂၄ ရက်မှာ ကျင်းပတယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကတော့ ဗိုလ်တထောင်ဘုရားကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအနေနဲ့ အစီရင်ခံစာတင်ပြဖို့ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက အကြောင်းကြားထားတဲ့အကြောင်း၊ တိုင်းအစိုးရရဲ့ တင်ပြချက်ပေါ် မူတည်ပြီး ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မေ ၃၀ ရက် ဒီနေ့မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေသွားပါတယ်။
Crd : RFA

0 comments:

Post a Comment