Saturday, May 30, 2020

မူဆယ်မြို့တွင် လက်နက်/ခဲယမ်းများကို ကားဘီးအတွင်း သိုဝှက်သယ်ဆောင်သူအား အရေးယူထား

မူဆယ်မြို့၌ ကားဘီးအတွင်း လက်နက်/ခဲယမ်းများ သိုဝှက်သယ်ဆောင်လာသူကို ဖမ်းဆီးထားကြောင်း ယနေ့မေ ၃၀ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးအနီး လားရှိုး-မူဆယ်ကားလမ်း၌ (၁၀၅)မိုင်ဂိတ်ဘက်မှ မူဆယ်မြို့ဘက်သို့ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်ကျေးရွာနေ ဝင်းဇော်ပိုင်(၁၇)နှစ် မောင်းနှင်လာသည့် Harrier ယာဉ်ကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က မေ ၂၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် စစ်ဆေးရှာဖွေခဲ့သည်။
ယာဉ်နောက်ဘက် စပယ်ယာဘီးထည့်သည့် အံဝှက်အတွင်းမှ MG-1လက်ပစ်ဗုံး ၂ လုံးနှင့် တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်။
သက်ဆိုင်ရာက စစ်ဆေးမေးမြန်းရာ ယာဉ်ပိုင်ရှင်မှာ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၌ Moon Light KTV ဖွင့်လှစ်ထားသည့် ဦးယိင်တင်(ခ)ယိုင်တင်(၄၄)နှစ် ဖြစ်ကြောင်း သိရှိရသဖြင့် Moon Light KTV သို့ ဝင်ရောက်ရှာဖွေခဲ့သည်။
ဦးယိင်တင်(ခ)ယိုင်တင်ကိုမတွေ့ရှိဘဲ ဆိုင်ခန်း ဒုတိယထပ်ရှိ အိပ်ခန်းအတွင်း သံဘီရိုအတွင်းမှ ဩစတေးလျ နိုင်ငံထုတ် Glock ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ဘရားဇီးနိုင်ငံထုတ် Beretta ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၁၀ တောင့်၊ ပွိုင့် ၃၈ ဗို့ ကျည် ၈ တောင့်၊ M-22 ကျည် ၃၂တောင့်၊ စက်လတ် ကျည်ခါးပတ်တွဲအတို(ကျည်မပါ) တစ်ခု၊ လက်ပစ်ဗုံးဖြူးစ် ၂ ခုနှင့် RZN အမျိုးအစား စကားပြောစက် ၁ လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သောကြောင့် ဦးယိင်တင်(ခ)ယိုင်တင်ကိုအရေးယူပေးရန်တိုင်ကြားခဲ့ကြောင်း သိရပါသည်။
Crd : MyanmarTime

0 comments:

Post a Comment