Thursday, May 28, 2020

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်မှ ရုပ်သိမ်းပေးရန် အရေးကြီးအဆိုတင်သွင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်မှရုပ်သိမ်းပေးပါရန် အဆိုလွှာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁၀)ဦးတို့က လက်မှတ်ရေးထိုး၍ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ယနေ့ကျင်းပသော ပြည်သူ့လွှတ်‌တော်တွင် တင်သွင်းခဲ့သည်။
ဦးစိုင်းထွန်းစိန်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၁ ပါ “ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း” ဆိုသည့် အချက်များနှင့် ငြိစွန်းကြောင်း တွေ့ရှိရပါသဖြင့် ပြည်သူ့လွှတ် တော်ဆိုင်ရာနည်းဥပဒေ ၁၁၅ အရ ၎င်းအား တာဝန်မှ ရုပ်သိမ်းပေးနိုင်ပါရန် အဆိုလွှာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁၀)ဦးတို့က လက်မှတ်ရေးထိုး၍ အဆိုလွှာတင်သွင်းခြင်းဖြစ်ကြောင်း ပြောကြားသည်။
၎င်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်မှရုပ်သိမ်းပေးရန် အောက်ပါအချက်များကို ထောက်ပြ၍ တင်သွင်းခဲ့ခြင်းဖြစ်သည်။
(က) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးတီခွန်မြတ်သည် ပြည်ထောင်စု လွှတ်တော်နာယကတာဝန် ထမ်းဆောင်ရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကြည်ညွန့်က “၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ငန်းများကို ဦးစွာဆောင်ရွက်နိုင်ရေးအတွက် ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် ပြည် ထောင်စု လွှတ်တော်သို့တိုက်တွန်းကြောင်း" အဆိုအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၆(က)ပါ အရေးကြီး အဆိုစည်းကမ်းချက်နှင့် မကိုက်ညီဘဲ အရေးကြီးအဆိုအဖြစ် တင်သွင်းခွင့်ပြုခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင် ရေး ပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၄၅ ဦးဖြင့်ဖွဲ့စည်းကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂)၊ ပုဒ်မ ၄၃၃ပါ ပြဋ္ဌာန်းချက်နှင့် ညီညွတ် မှုမရှိဘဲဆန့်ကျင်၍ နိဒါန်းမှဇယား(၅)အထိ ပြင်ဆင်ရန်ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်း၊
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ဒုတိယအကြိမ်ပြင်ဆင်သည့်
ဥပဒေမူကြမ်းများအား ဦးသိန်းထွန်း (ကျောင်းကုန်းမဲဆန္ဒနယ်)၊ ဒေါက်တာမောင်သင်း(မိတ္ထီလာမဲဆန္ဒနယ်) ၊ ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးချုပ်အောင်စန်းချစ်နှင့် ဦးစိုင်းသန်းနိုင်တို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေအ ခန်း(၁၂)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ထမ်းဆောင်နေသူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြဋ္ဌာန်းထားသည့် ပုဒ်မ ၄၃၅-၄၃၆ နှင့်အညီ ဆက်လက်ဆောင်ရွက်ရန် ပျက်ကွက်ခြင်း။ ။
(ဂ) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ကျင်းပသည့်ကာလအတွင်း
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၆ အရ အများ ပြည်သူနှင့်သက်ဆိုင်သော လောလောဆယ် အရေးကြီး ကိစ္စဖြစ်သည့် အောက်ပါအဆိုများကို ဆွေးနွေးရန် ခွင့်မပြုခြင်း-
(၁) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကာလအတွင်း ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့တွင် ဦးသောင်းအေး (ပျော်ဘွယ် ၊ မဲဆန္ဒနယ်)က တင်သွင်းသော ပြည်ထောင်စုလွှတ်တော်သို့ ကိုယ်စားလှယ် ၂၀% က လက်မှတ်ရေးထိုး၍ တင်ပြထား သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းများအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ သုံးသပ်ချက်နှင့်အညီ ပုဒ်မ ၄၃၅ ပါ ပြဋ္ဌာန်း ချက်အတိုင်း ပြည်ထောင်စုလွှတ်တော်မှ ဆက်လက် လက်ခံ ဆွေးနွေးဆောင်ရွက်ပေးပါရန် ပြည်ထောင်စုလွှတ်တော်သို့တိုက်တွန်းကြောင်း၊” အရေးကြီးအဆို၊
(ဃ) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ကျင်းပသည့်ကာလအတွင်း ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၆၃ အရ အများပြည်သူနှင့် သက်ဆိုင်သော လောလောဆယ်အရေးကြီးကိစ္စဖြစ်သည့် အောက်ပါ အဆိုများကို ဆွေးနွေးရန် ခွင့်မပြုခြင်း
(၁) ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့တွင် ဒေါက်တာမောင်သင်း (မိတ္ထီလာမဲဆန္ဒနယ်)က တင်သွင်းသော လျှပ်စစ်ဓါတ်အား တိုးမြှင့် ကောက်ခံခြင်းကြောင့် ပြည်သူများ၏ စားဝတ်နေရေး နှင့် အထွေထွေကုန်ဈေး နှုန်း ကြီးမြင့်မှုကြောင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ စိတ်သောကဖိစီးမှုကို ဖြစ်ပေါ်စေနိုင်ပါသဖြင့် နိုင်ငံတော်အစိုးရမှ လျှပ်စစ်ဓါတ်အား တိုးမြှင့်ကောက်ခံခြင်းအား ဆိုင်းငံ့ထားရန်”အဆို၊
(၂) ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့တွင် ဒေါက်တာမောင်သင်း (မိတ္ထီလာမဲဆန္ဒနယ်)ကတင်သွင်းသော" ၂၀၁၉ခုနှစ် ဇွန်လ ၁၃ ရက်နေ့၌ အမေရိကန်အောက်လွှတ်တော်မှာ အမေရိကန် အစိုးရရဲ့ ၂၀၂၀ ပြည့်နှစ် တောင်အာရှဒေသဆိုင်ရာ ဘတ်ဂျက် လျာထားချက် ကြားနာပွဲတွင် အမေရိကန် အောက်လွှတ်တော် အမတ် အာရှပစိဖိတ်ရေးရာဆပ်ကော်မတီဥက္ကဋ္ဌ Mr.Brandley Sherman က မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး “မြန်မာ နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်သော ရိုဟင်ဂျာများအတွက် အစိုးရကောင်းတစ်ရပ်အ ဖြစ် စိတ်ဆန္ဒ မရှိ၊ တာဝန်ယူနိုင်ခြင်းမရှိပါက ရခိုင်ပြည်နယ်ကို ဘင်္ဂလား ဒေ့ရှ်ဘက်သို့ လွှဲပြောင်းပေးသင့်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည်လည်း ထိုလူမျိုးများကို လိုလိုလားလားလက်ခံမည် ဖြစ်ပြီး ယင်းအစိုးရသည် ထိုလူမျိုးများကို ဖျက်လိုဖျက်စီး လုပ်လိမ့်မည်မဟုတ်ဘဲ အကာအကွယ်ပေးမည့်အစိုးရသာ ဖြစ်မည်” ဟူ၍ပြောကြားခဲ့ခြင်းသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင် ငံရဲ့ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေနှင့် နယ်နိမိတ်တည်တံ့ ခိုင်မြဲရေးကို စွက်ဖက်ခြိမ်းခြောက်ရာ ရောက်ခြင်းနှင့် နိုင်ငံတော်အစိုးရအား စော်ကားနေပါကြောင်း” အရေးကြီး အဆို၊
(၃) ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၄) ရက်နေ့တွင် ဦးသောင်းအေး (ပျော်ဘွယ်မဲဆန္ဒနယ်)က တင်သွင်းသော “နိုင် ငံတော်အတွင်း အေးချမ်းစွာနေထိုင်သွားလာ လုပ်ကိုင်လျက်ရှိသော ပြည်သူ များ၊ ပြည်သူ့ဝန်ထမ်းများ၊ ပြည်သူ့ကိုယ်စားလှယ်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ကိုင်သောင်းကျန်း သူများက ဥပဒေမဲ့၊ မင်းမဲ့စရိုက်ဆန်ဆန် ဖမ်းဆီးစစ်ဆေး သတ်ဖြတ်ခြင်းများ တွေ့ကြုံနေရခြင်းကြောင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးပြီး လုံခြုံမှုကင်းဝေး သလို ဖြစ်ပေါ်နေခြင်းအပေါ် ထိရောက်လျင်မြန်စွာ ထိန်းသိမ်း ကာကွယ်ပေးနိုင်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်း ကြောင်း” အရေးကြီးအဆို၊
(၄) ၂၀၂၀ပြည့်နှစ်၊ မေလ(၂၀) ရက်နေ့တွင် ဒေါက်တာမောင်သင်း (မိတ္ထီလာမဲဆန္ဒနယ်)က တင်သွင်းသော " အခြေခံပညာ ဒသမတန်းသင်ရိုးညွှန်းတမ်းပါ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်တွင် အချို့အခန်းများမှ ရေးသားချက်အချို့သည် ကျန်းမာရေးနှင့် လိင်ပညာပေးအစား လိင်စိတ်နှိုးဆွသည့် သဘောဆန်နေခြင်းနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီခြင်း မရှိဟူ၍ ဆရာ၊ မိဘများနှင့် ပြည်သူများအကြား စိုးရိမ်ပူပန်မှု များဖြစ်ပွားပြီး လူမှုကွန်ရက်များတွင် ပျံ့နှံ့လျက်ရှိပါသဖြင့် ဤသင်ခန်းစာများကို ပြန်လည်သုံးသပ်ပြီး မြန်မာ့ယဉ်ကျေးမှု ပတ်ဝန်းကျင်နှင့် လိုက်လျောညီစွာ ဖြစ်စေရေးအတွက် ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းဖြင့် ဘက်စုံလွှမ်းခြုံ သော ခေတ်မီပညာရေးကို ထိန်းကျောင်းပေးနိုင်ရန် နိုင်ငံတော် အစိုးရအား တိုက် တွန်းကြောင်း” အရေးကြီးအဆို၊
(င) ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ကျင်းပစဉ် ကာလအတွင်း ကြယ်ပွင့် ပြမေးမြန်းခဲ့သည့် မေးခွန်းများကို ပြည်သူ့လွှတ်တော် ဆိုင်ရာနည်း ဥပဒေ ၁၄၆ နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပျက်ကွက် ခဲ့ပါသည်။
(၁) ဦးမောင်မြင့်(မင်းကင်းမဲဆန္ဒနယ်)က ၅.၁၁.၂၀၁၉ ရက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A.K Abdul Momen ၏ ၂.၁၁.၂၀၁၉ ရက်နေ့ ကိုလ်ကတ္တားမြို့ စာအုပ်ပြပွဲတွင်ပြောကြားခဲ့သည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ထိပါးသော အဓိက(၂)ချက်ကို အစိုးရကတုံ့ပြန်ဖြေရှင်းရန် အစီအစဉ်ရှိ/မရှိ မေးခွန်းအား ၊ ဖြေကြားရန်ရက်သတ်မှတ်အကြောင်းကြားပြီးမှ လွှတ် တော် အစီအစဉ်တွင် မပါတော့ဘဲ ကြယ်ပွင့်မပြမေးခွန်းအဖြစ် ပြန်လည်မေးမြန်းစေခဲ့ခြင်း။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် ဦးသောင်းအေး (ပျော်ဘွယ်မဲဆန္ဒနယ်)နှင့် ဒေါက်တာမောင်သင်း(မိတ္ထီလာ မဲဆန္ဒနယ်)တို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့သည့် ကြားဖြတ်အရေးပေါ်စီမံဆုံးဖြတ်မှု (၄)ခုနှင့်ပတ်သက်၍ နိုင်ငံတော်၏ဂုဏ်သိက္ခာနှင့် အချုပ်အခြာ အာဏာကို ထိပါးနေပါသဖြင့် နိုင်ငံတော်အစိုးရက မည်ကဲ့သို့ ဆောင်ရွက်မည်ကို ပြည်သူများရှင်းလင်းစွာ သိမြင်လို၍ ကြယ် ပွင့်ပြမေးမြန်းခဲ့သည့် မေးခွန်းများကို ဖြေကြားခြင်းမပြုဘဲ ပယ်ချခဲ့ခြင်း စသည့်အချက်များကြောင့်ဖြစ်ကြောင်း သိရသည်။
ထို့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူ ဦးတီခွန်မြတ်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၁ ပါ “ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း” ဆိုသည့် အချက်များနှင့် ငြိစွန်းကြောင်း တွေ့ရှိရပါသဖြင့် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၅ အရ ၎င်းအား တာဝန်မှ ရုပ်သိမ်းပေးနိုင်ပါရန် အဆိုလွှာကို ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁၀)ဦးတို့ကိုယ်စား ဦးစိုင်းထွန်းစိန်က တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လွှတ်တော် ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်က ယခုတင်သွင်းသော အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ မတ်လ ၂၉ ရက်ညနေ ၄ နာရီနောက်ဆုံးထား စာရင်းတင်သွင်းရန် ကြေညာခဲ့သည်။
သို့ရာတွင် လက်ရှိပြဋ္ဌာန်းဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ ထောက်ခံမဲရရှိမှသာ လွှတ်တော်ဥက္ကဋ္ဌကိုတာဝန်မှရပ်နားရန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ၂၀၁၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကွတ်ခိုင် မဲဆန္ဒ နယ်မှ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး၊ ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ စတင်၍ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ပြည်သူ့လွှတ်တော် ဒုတိယအကြိမ်ပုံမှန် အစည်းအဝေးတွင် (၁.၂.၂၀၁၆) ရက်နေ့မှ (၂၁.၃.၂၀၁၈) ရက်နေ့အထိ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး (၂၂.၃.၂၀၁၈) ရက်နေ့မှစတင်၍ ယနေ့အချိန်ထိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသူဖြစ်သည်။
Ref ; မောင်မောင်/ Myanmar Harp

0 comments:

Post a Comment