Saturday, May 30, 2020

ပါကစ္စတန်အတွက် သူလျှိုလုပ်ပေးကြောင်း မသင်္ကာမှုဖြင့် ခိုတစ်ကောင်ကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး

ခိုငှက်တစ်ကောင်မှာ သူလျှိုအဖြစ်စွပ်စွဲခံရပြီး အိန္ဒိယ-ပါကစ္စတန်နယ်စပ်၌ ဖမ်းဆီးခြင်းခံရကြောင်း ဗြိတိန်အခြေစိုက် The Sun ( မေ-၂၇ ရက်၊ ၂၀၂၀ ) က ရေးသားသည်။
နှစ်နိုင်ငံနယ်စပ် အိန္ဒိယဖက်ခြမ်းတွင် ဖမ်းဆီးရမိသော ခို၏ ခန္ဓာကိုယ် အတောင်ပံနှစ်ဖက်တွင် ပန်းရောင်ရေး ခြယ်ထားပြီး ခြေထောက်တွင် နံပါတ်များပါ သည့် သံခြေကွင်း ဝတ်ဆင်ထားကြောင်း၊ လိုအပ်သော စုံစမ်းစစ်ဆေးမှု များ ပြုလုပ်လျှက်ရှိသည်ဟု ကတ်သူအာခရိုင်ရဲဋ္ဌာန၏ ရဲမှူး ရှိုင်လင်ဒရာကူးမားက အတည်ပြုပြောဆိုသည်။
ငှက်တို့၏ သဘာဝမှာ ကန့်သတ်နယ်နိမိတ်ဟူ၍ မရှိပဲ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းနေထိုင်စဉ်အတွင်း နိုင်ငံတကာနယ်ခြားတို့ကို ဖြတ်ကျော်ပျံသန်းလေ့ရှိကြောင်း၊ သို့သော် ဖမ်းဆီးရမိသော ခို၏ခန္ဓာကိုယ်ပေါ်မှ အမှတ်အသားနှင့် သံခြေကွင်း၌ ဂဏန်းနံပါတ်များ ပါရှိနေသည်မှာ စိုးရိမ်ဖွယ်အကြောင်းပြချက်တစ်ခုဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှု ပြီးဆုံးသည့်အထိ ၎င်းခိုအား ဖမ်းဆီးထားလိမ့်မည်ဆို၏။
၂၀၁၅-ခုနှစ်၌လည်း အခြားခိုတစ်ကောင်ကို ဖမ်းဆီးနိုင်ခဲ့ရာ နယ်ခြားမှ နှစ်မိုင်ခွဲကျော်အကွာ မန်ဝေါရွာတွင် ဖြစ်ကြောင်း၊ ထိရှလွယ်သော နှစ်နိုင်ငံနယ်စပ်ဖြစ်သည့်အလျှောက် ထိုးဖောက်စိမ့်ဝင်မှု များပြားလေ့ရှိသည့် နယ်မြေဖြစ်ကြောင်း ရဲမှူးကူးမားက NDTV သို့ ပြောဆိုသည်။
လွန်ခဲ့သည့်နှစ်တွင် ပါကစ္စတန်နိုင်ငံ အရှေ့မြောက်ဝေးလံခေါင်ဖျား ဘာလာကော့ တောင်ကြားဒေသရှိ ခိုင်ဘာပက်တွန်ကွာခရိုင်အတွင်း ခိုအောင်းနေသည့် အစ္စလာမ်စစ်သွေးကြွတို့ကို အိန္ဒိယက လေကြောင်းမှ ဝင်ရောက်တိုက်ခိုက်အပြီး နျူလက်နက်ပိုင် အိမ်နီးချင်း အကြားတင်းမာမှုများမြင့်တက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုမှာ ပိုင်ဆိုင်မှုအငြင်းပွား ဂျမူးနှင့် ကက်ရှ်မီးယားတွင် ပူလ်ဝါမာမြို့၌ အိန္ဒိယလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ယာဉ်တန်းအား ဗုံးအပြည့်တင်ဆောင်ထားသော ကားတစ်စီးက အသေခံဗုံးခွဲခြင်းကြောင့် လုံခြံုရေးတပ်ဖွဲ့ဝင် အယောက် ၄၀ သေဆုံးပြီးနောက်ဖြစ်သည်။
၁၉၄၇-ခုနှစ် ဗြိတိသျှထံမှ လွတ်လပ်ရေးရရှိခဲ့ချိန်ကတည်းက နှစ်နိုင်ငံဆက်ဆံရေးပြဿနာများ ပြည့်နှက်ခဲ့သည်။ အိန္ဒိယ-ပါကစ္စတန်အကြား အတိအလင်း စစ်ခင်းခြင်း ၃-ကြိမ်တိုင်ရှိခဲ့ပြီး၊ အရှေ့ပါကစ္စတန်အား ဘင်္ဂလားဒက်ရှ်နိုင်ငံအဖြစ် လွတ်မြောက်စေခဲ့သော ၁၉၇၁-ခုနှစ် စစ်ပွဲမှာ ကက်ရှ်မီးယားနှင့် ဆက်နွယ်ခြင်းမရှိပေ။
၁၉၇၀-ခုနှစ်တွင် နျူကလီယာလက်နက်များ ပိုင်ဆိုင်လာကြသည့် အိမ်နီးချင်းနှစ်နိုင်ငံစလုံးက မွတ်စလင်အများစုနေထိုင်ရာ ကက်ရှ်မီးယားဒေသအား ပိုင်ဆိုင်ကြောင်း အသီးသီး ပြောဆိုကြလျှက် အစိတ်အပိုင်းလိုက် ထိန်းချုပ်စိုးမိုးထားကြသည်။
ပိုင်ဆိုင်မှုအငြင်းပွား ကက်ရှ်မီးယားဒေသ အိန္ဒိယထိန်းချုပ်ထားသော နယ်မြေတွင် သူလျှိုသံသယဖြင့် ဖမ်းဆီးထားသော ခိုမှာ မိမိပိုင် ခိုမလေးဖြစ်ကြောင်း၊ သံခြေကွင်းကွင်း ရေးသားထားသော ဂဏန်းများမှာ မိမိ၏ ဖုန်းနံပါတ်ဖြစ်ကြောင်း ပါကစ္စတန် ရွာသားတစ်ဦးက ပြောဆိုသည်ဟု ဗြိတိန်အခြေစိုက် Independent ( မေ- ၂၈၊ ၂၀၂၀ ) က ရေးသားသည်။
နှစ်နိုင်ငံ နယ်ခြားမှ ၂-မိုင်ခန့်အကွာ နာရိုဝယ်ဒေသကျေးရွာနေ ပါကစ္စတန်နိုင်ငံသား ဟာဘီဘူလာ ( ၄၂-နှစ် ) က ပြောဆိုရာတွင် ပါကစ္စတန်သူလျှိုအဖြစ် အိန္ဒိယရဲတို့က ဖမ်းဆီးထားသော ခိုကလေးမှာ ၎င်း၏ အိမ်မွေး ငှက်ကလေးဖြစ်ကြောင်း၊ သူလျှိုလုပ်သည်ဆိုခြင်းပတ်သက်၍ အိန္ဒိယရော ပါကစ္စတန်ထောက်လှမ်းရေးတို့ကပါ မိမိအား ဆက်သွယ်ခြင်း မရှိပါကြောင်း၊
All India အိန္ဒိယမီဒီယာအနေဖြင့် အဆိုပါနံပါတ်အတိုင်း ဖုန်းခေါ်ဆို၍ မိမိနှင့် စကားပြောနိုင်ပါကြောင်း၊ ယခင်နှစ် ဘာလာကော့လေကြောင်းတိုက်ခိုက်မှုတွင် ဖမ်းဆီးထားခဲ့သော အိန္ဒိယလေသူရဲအား ပါကစ္စတန်က ပြန်လွှတ်ပေးခဲ့သည်ဖြစ်၍ ယခု မိမိ၏ ခိုမလေးကိုလည်း ပြန်လွှတ်ပေးပါရန် အိန္ဒိယအစိုးရအား တောင်းပန်သည်ဟု သတင်းအဖြစ်တွေ့ရှိရသည်။
Time of India ၏ နောက်ဆုံးသတင်းအရ အဆိုပါခိုကလေးကို အိန္ဒိယထိန်းချုပ် ကက်သူအာခရိုင်နေ အမျိုးသမီးတစ်ဦးက စတင်တွေ့ရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
Source : The Sun., 27 May 2020,
“ FLY ANOTHER DAY Pigeon arrested by Indian police on suspicion of being a SPY for Pakistan. By:Patrick Knox”
Crd : HtayOung / OungMarine #Myanmar_Online_News

0 comments:

Post a Comment