Sunday, May 31, 2020

အစိုးရရဲ့ ပထမအကြိမ်ထောက်ပံ့မှုမှာ ကျန်ရှိခဲ့တဲ့သူတွေကို ဒုတိယအကြိမ်မှာ ဦးစားပေးမည်

COVID ကာလအတွင်းမှာ အစိုးရက အခြေခံလူတန်းတွေကို ထောက်ပံံ့မှုအစီအစဉ်တွေဆောင်ရွက်ပေးလျှက်ရှိရာမှာ ဒုတိယအကြိမ်ထောက်ပံ့မှုမှာတော့ ပထမအကြိမ်ထောက်ပံမှုမှာကျန်ရှိခဲ့တဲ့သူတွေကို ဦးစားပေးထောက်ပံ့မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေလ(၃၀)ရက်နေ့ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အစိုးရ ဒုတိယအကြိမ်ထောက်ပံ့မှုအတွက် အခြေခံလူတန်းစား အိမ်ထောင်စု (၅)သန်းနီးပါးကို စာရင်းကောက်ယူထားပြီး ဒီထဲကမှာ ပထမအကြိမ်ထောက်ပံ့စဉ်မှာ မရရှိခဲ့တဲ့သူတွေကို ဦးစားပေးထောက်ပံ့သွားမှာဖြစ်ပါတယ်။
“ ပထမအကြိမ်ထောက်ပံ့ခဲ့စဉ်က အခြေခံလူတန်းစား (၃.၉၉)သန်း လေးသန်းနီးပါးရှိပါတယ်။ အောက်ခြေအထိစာရင်းကောက်ထားတဲ့ အဲဒီလေးသန်းနီးပါးကို ထောက်ပံံ့တဲ့အခါမှာ အသံတွေပြန်ကြားရတယ်။ အခုဒုတိယအကြိမ်မှာ ထောက်ပံံ့ဖို့ စားရင်းကောက်တာမှာ (၅)သန်းနီးပါးရှိတယ်။ တချို့ဆိုရင်လည်း ပြည် တော်ပြန်တွေပြန်ရောက်လာမှ အကျုံးဝင်တဲ့ သူတွေလည်းပါတာပေါ့။ ကျွန်တော်တို့ပြန်စစ်တဲ့အခါမှာ အရင်(၄) သန်းနီးပါးတုန်းက မရတဲ့သူတွေဘယ်သူလဲဆိုတာ ဆွဲထုတ်ခိုင်းထားတယ်။ အဲဒီလူတွေကို ဦးစားပေးထောက်ပံ့မှာပါ” လို့ ဦးဇော်ဌေးကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းက အခြေခံလူတန်းစားတွေအတွက် အခြေခံစားသောက်ကုန် (၅)မျိုးကို ထောက်ပံ့ပေးခဲ့ရာမှာ အမှန်တကယ် အခြေခံကျတဲ့ အိမ်ထောင်စုလည်းမရရှိခဲ့ကြဘူးလို့ သတင်းထွက်ခဲ့ပါတယ်။
အခြေခံလူတန်းစားတွေကို မီတာခ ယူနစ်(၁၅၀)ကင်းလွတ်ခွင့်ပြုခဲ့တဲ့ အခါမှာ (၄.၉၉)သန်း ကင်းလွတ်ခွင့်ပေးနိုင်ခဲ့တာကြောင့် ထောက်ပံ့ရေးမှာ ကောက်ယူထားတဲ့ စာရင်းတွေနဲ့ ကွာဟနေတဲ့ အခါမှသာသိခဲ့ရတာလို့ ဦးဇော်ဌေးကပြောပါတယ်။
ယခုဒုတိယအကြိမ်ထောက်ပံ့မှုမှာတော့ ပထမအကြိမ်ကထောက်ပံ့ခဲ့တဲ့ တန်ဖိုးထက် နှစ်ဆထောက်ပံ့မှာဖြစ်လို့ ငွေကျပ် (၃)သောင်းကျော် (၄)သောင်းနီးထောက်ပံမှာဖြစ်တယ်လို့ သိရပါတယ်။
ပထမအကြိမ်ထောက်ပံ့မှုမှာတော့ လူဦးရေ (၄)သန်းကျော်အတွက် နိုင်ငံတော်က ဘီလျံ (၅၀)ကုန်ကျခံကာ ဆန်၊ဆီ၊ဆား၊ ကြက်သွန်၊ ပဲစတဲ့ အခြေခံစားသောက်ကုန် (၅)မျိုးကို ထောက်ပံ့ပေးခဲ့တာပါ။
Ref ; Duwun

0 comments:

Post a Comment