Saturday, May 30, 2020

အခြေခံပညာကျောင်းများအား ကျောင်းတက်ချိန် ပုံစံငါးမျိုးဖြင့် ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာန စီစဉ်ထား

အခြေခံပညာကျောင်းများကို ကျောင်းတစ်ကျောင်းစီ၏ အခြေအနေပေါ် မူတည်ကာ ကျောင်းတက်ချိန် ပုံစံငါးမျိုးဖြင့် ဖွင့်လှစ်မည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
အခြေခံပညာအထက်တန်းအဆင့် အတန်းနှစ်တန်းကို ဇူလိုင် ၂၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး Social Distancing(ခပ်ခွာခွာနေထိုင်ခြင်း) လိုက်နာရန်အတွက် ကျောင်းတက်ချိန်ကို ပုံစံငါးမျိုးဖြင့် သတ်မှတ်ဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထား သည်။
ပုံမှန် ဖွင့်လှစ်နိုင်မည့် ကျောင်းများ၊ တစ်ပတ်ခြားတက်နိုင်မည့်ကျောင်းများ၊ ကျောင်းချိန်နှစ်သုတ်တက်(2 Shifts)ဖွင့်လှစ်နိုင်မည့်ကျောင်းများ၊ ကျောင်းချိန်နှစ်သုတ်တက်၍ တစ်ပတ်ခြားဖွင့်လှစ်နိုင်မည့်ကျောင်းများ၊ အခက်အခဲရှိသော ကျောင်းများဟူ၍ ကျောင်းအခြေအနေပေါ်မူတည်ကာ ကျောင်းတက်ချိန် ပုံစံ ငါးမျိုးဖြင့် ဖွင့်မည်ဖြစ်သည်။
‘‘ကျောင်းသားနည်းတဲ့ ကျောင်းတွေကတော့ ပုံမှန်အ တိုင်းပဲဖြစ်မယ်။ များတဲ့ကျောင်းကတော့ တစ်ရက်ကို နှစ်သုတ်ခွဲ တက်ရမှာမျိုးရှိမယ်။ ဒါမှမဟုတ် တစ်ပတ်ကို သုံးရက်တက်၊ နှစ်သုတ်ခွဲတက်ရမှာမျိုးရှိမယ်။ ကျောင်းသား ငါးထောင်၊ ခြောက်ထောင်ရှိတဲ့ ကျောင်းကြီးတွေကျတော့ နှစ်သုတ်ခွဲတက်တာတင်မရတော့ တစ်ပတ်ခြားစီတက်ရ တာလည်းရှိနိုင်တယ်။ ကျောင်းတွေဆီကနေ သူတို့ဖွင့်နိုင်မယ့်ပုံစံ တင်ခိုင်းထားတယ်။ ပုံစံငါးမျိုးရှိမယ်’’ဟု ဦးကိုလေးဝင်းက ပြောသည်။
ကျောင်းအလိုက် ဆရာ၊ ဆရာမဦးရေ၊ ကျောင်းသားဦးရေ၊ ဆရာနှင့်ကျောင်းသားအချိုး၊ စာသင်ခန်းနှင့်ကျောင်းသားအချိုးတို့ပေါ် အခြေခံကာ ကျောင်းတစ်ကျောင်းစီက ကျောင်းဖွင့်နိုင်ရေးစီမံချက်များ ရေးဆွဲကာ တိုင်းဒေသကြီးပညာရေးမှူးရုံးသို့ တင်ပြထားရကြောင်း အင်းစိန်မြို့နယ်မှ အလယ်တန်းကျောင်းအုပ်တစ်ဦးက ဆိုသည်။
‘‘အခုကတော့ အထက်တန်း ကို စဖွင့်ဖို့ စီမံချက်တောင်းတာ ပေါ့။ အထက(၂)ဗဟန်းမှာက ကိုးတန်း၊ ၁၀ တန်းက တစ်တန်း မှာလူ ၆၀၀ ဆိုတော့ ၁,၂၀၀ ရှိတယ်။ ဆရာမက ၃၅ ယောက်ပဲ ရှိတယ်။ အလယ်တန်းကျောင်း အုပ်အနေနဲ့ ပြောင်းရမယ့်ဆရာမ တွေ၊ ပင်စင်ယူမယ့်သူလည်း ရှိ တော့ ဆရာမဦးရေကတော့ မလုံ လောက်ဘူး။ အခုက Social Distancing နဲ့ဆိုတော့ ကျောင်း ချိန်ကို ပြောင်းရမယ်။ ဆရာမ တွေကတော့ တစ်ပတ်မှာ တစ် ရက်ပဲ နားချိန်ရမှာ’’ဟု အထက (၂)ဗဟန်းမှ မိဘဆရာအသင်းဝင် ဦးကြည်ဝင်းက ပြောသည်။
အထက်တန်းအဆင့်အတန်းများ ပြန်ဖွင့်သည့်အခြေအနေကို သုံးသပ်ကာ အခြားအတန်းများ ဆက်ဖွင့်ရန် အဆင်ပြေပါက အထက်တန်းအဆင့် ဖွင့်လှစ်အပြီး နှစ်ပတ်အကြာ(သြဂုတ်လ ဒုတိယပတ်)တွင် အလယ်တန်းအ ဆင့်အတန်းများ ဖွင့်မည်ဖြစ် သည်။
အလယ်တန်းအဆင့်အတန်းများ ဖွင့်သည့်အခြေအနေ ကောင်းမွန်ပါက နောက်တစ်ပတ် အကြာ(သြဂုတ်လ တတိယပတ်)တွင် မူလတန်းအဆင့်အတန်းများ ဆက်ဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားသည်။
ကျောင်း ပြန်ဖွင့်ပါက ကျောင်းအပ်နှံရေးသီတင်းပတ်တွင် နှစ်စဉ် အခမဲ့ပေးနေကျ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ဗလာ စာအုပ်များအပြင် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ များအတွက် ပြန်လည်အသုံးပြုနိုင် သည့် နှာခေါင်းစည်း(Reused Mask)နှစ်ခု၊ မျက်နှာအကာ (Face Shield)တစ်ခုစီပေးရန် ပညာရေးဝန်ကြီးဌာနက စီစဉ် နေသည်။
ထို့အပြင် ဆရာ၊ မိဘ၊ ကျောင်းသားများ လိုက်နာရမည့် စည်းကမ်းချက်များ သီးခြားထုတ် ပြန်ခြင်း၊ ကျောင်းလာစဉ် ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်းများ ပြုလုပ်နိုင်ရန် ကိုယ်အပူချိန်တိုင်းကိရိယာများနှင့် လက်ဆေးရေကန်၊ လက်သန့်စင်ဆေးများ၊ ပိုးသတ်ဆေးများပံ့ပိုးခြင်းတို့ပြုလုပ်ရန်လည်း ပညာရေးဝန်ကြီးဌာနက စီစဉ်ကြောင်း သိရသည်။
Crd : 7Day

0 comments:

Post a Comment