Sunday, May 31, 2020

လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တတိယအကြိမ်တာဝန်ထမ်းဆောင်မည့် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များထွက်ခွာ

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ အထူးကုဆေးရုံဝေဘာဂီ နှင့် ကုသရေးဆေးရုံများ၌ COVID-19 ရောဂါ (Quarantine) ဆောင်ရွက်ထားရှိသည့် သံသယလူနာများမှ ရောဂါပိုးတွေ့ရှိသူများ တိုးပွားလာ၍ ကျန်းမာရေးဝန်ထမ်းများ မလုံ လောက်မှုကြောင့် အသစ်ထပ်မံဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်မှပါဝင်ကူညီ ဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများနှင့် ဆေးမှူးဆရာဝန်များပါဝင်သော ဆေးအဖွဲ့က သွားရောက်တာဝန်ထမ်းဆောင်လျက်ရှိသည်။
အဆိုပါ လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူး ဆရာဝန်များ ပါဝင်သော ၄၀ ဦးနှင့် တာဝန်လဲလှယ်ထမ်းဆောင်ရန် တတိယအကြိမ် သွားရောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအား မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္ကသိုလ်ရှိ Theater ခန်းမ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံက သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ထမ်းဆောင် မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးက သွားရောက်သည့်ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းမှူးက ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။
လှည်းကူးမြို့နယ် COVID-19ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တာဝန် ထမ်းဆောင်ကြမည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၌ မေ့ဆေးပါရဂူ ၄ ဦး၊ ဓာတ်မှန်ပါရဂူ ၂ ဦး၊ ရောဂါဗေဒပါရဂူ ၂ ဦး၊ ဆေးကုသမှုပါရဂူ ၄ ဦး၊ ဆေးမှူးဆရာဝန် ၁၀ ဦး၊ သူနာပြုအရာရှိ ၈ ဦး၊ အထက်တန်းသူနာပြု ၆ ဦး၊ ဓာတ်ခွဲ ကျွမ်းကျင် ၂ ဦး၊ ဓာတ်မှန်ကျွမ်းကျင် ၂ ဦး စုစုပေါင်း ၄၀ ဦးတို့သည် အများပြည်သူများ အခက်အခဲကြုံတွေ့ပြီး စိုးရိမ်စိတ်များ မြင့်တက်နေချိန်တွင် ရောဂါဝေဒနာခံစားနေရသော ပြည်သူများကို ကာကွယ်၊ ကုသနိုင်ရန် ကိုယ်တိုင်ဆန္ဒပြုခဲ့ကြခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်မှ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment