Sunday, May 31, 2020

မိုင်းဆတ်မှာ ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း(၃၀၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ပိုင်ရှင်မဲ့ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ်ကားလမ်းမှာ ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း(၃၀၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းဖြစ်သူက သေနတ်ထိမှန်ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မိုင်းဆတ်မြို့မရဲစခန်းထံမှ သိရပါတယ်။
မိုင်းဆတ်-တာချီလိတ်ကားလမ်း၊ ဂျူးလုကျေးရွာနဲ့ ပါဘောကျေးရွာကြားမှာ အမျိုးသားတစ်ဦးမောင်းနှင်လာတဲ့ TOYOTA REVO အဖြူရောင်ယာဉ်က စစ်ဆေးရေးအဖွဲ့ကို ကိုက်(၁၀၀)ခန့်အကွာမှ မြင်တွေ့ပြီး နောက်ပြန်လှည့်မောင်းပြေးခဲ့ရာ ပိတ်ဆို့ရေးတာဝန်ကျရဲတပ်ဖွဲ့ဝင်က M-22သေနတ်နဲ့ (၁၄)ချက်ခန့် သတိ ပေးတားဆီးပစ်ခတ်ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းပြေးသွားခဲ့တဲ့အတွက် လိုက်လံဖမ်းဆီးရာ ဂျူးလုကျေးရွာနဲ့ ၆၁၆(“ဝ”ကျေးရွာ)ကြားမှာ မော်တော်ယာဉ်ကို ရပ်တန့်ထားခဲ့ပြီး ယာဉ်မောင်းမှာ လမ်းယာဘက်လျှိုအတွင်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။
ရပ်တန့်ထားခဲ့တဲ့မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်မှာ သေနတ်ကျည်ဆံထိမှန်ရာ (၁၁) ချက်နဲ့ ယာဉ်မောင်းထိုင်ခုံအောက်မှာ သွေးစတွေကို တွေ့ရှိရပြီး ယာဉ်နောက်ခန်းအတွင်းရှိ အပြာရောင်ပီနံအိတ်(၁၅)အိတ်အတွင်းမှ ဖယောင်းစက္ကူတွေနဲ့ ထုပ်ထားတဲ့ WYစာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေး ပြား(၂၀၀၀)ပြားစီပါ (၁၀၀)ထုပ်၊ စုစုပေါင်း ဆေးပြား နှစ်သိန်းစီပါ ပီနံအိတ်(၁၅) အိတ်၊ ငွေကျပ်သိန်းပေါင်း(၃၀၀၀၀)တန်ဖိုးရှိ ဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
“ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ကျွန်တော်က တောင်ကြီးကို ရောက်နေတဲ့အတွက် မြို့မရဲစခန်းကို လှမ်းမေးလိုက်ပါ”လို့ မိုင်းဆတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလှိုင်က ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပါတ်သက်ပြီး ယာဉ်မောင်း-အမည်မသိ(နေရပ်/လိပ်စာ-စုံစမ်းဆဲ)ကို မိုင်းဆတ်မြို့မရဲစခန်းမှာ မယ(ပ)၁၆/၂၀၂၀၊ မူး/ စိတ်ပုဒ်မ-၁၉(က)နဲ့ အမှုဖွင့်အရေးယူထားပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့လည်း သိရပါတယ်။
Ref ; ရွှေတြိဂံဒေသ သတင်းလွှာ

0 comments:

Post a Comment