Sunday, May 31, 2020

အစည်းအဝေးကို လာမည့်ဇူလိုင်လတွင် ပြုလုပ်ရန် စီစဉ်ထားပြီး လူဦးရေလျော့ချကျင်းပသွားမှာဖြစ်ကြောင်း သိရ

တစ်နိုင်ငံလုံးငြိမ်းချမ်းရေးအတွက် စတုထ္တအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစု-ပင်လုံ)ကို နောက်အကျဆုံး ဇူလိုင်လထဲမှာပြုလုပ်ဖို့ အဆိုပြုထားပြီး ညီလာခံတက်ရောက်သူဦးရေကိုလည်း သုံးပုံတစ်ပုံအထိ လျော့ချကျင်းပသွားဖို့ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေလ(၃၁)ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာများကိုပြောကြားခဲ့တာဖြစ်သည်။
“ညီလာခံကို နောက်အကျဆုံး ဇူလိုင်လမှာ ကျင်းပဖို့ အဆိုပြုပါတယ်။ ညီလာခံကိုယ်စားလှယ်တွေကို ထိုင်းနိုင်ငံမှာ ဇွန်လကုန်မှ ဒီလေကြောင်းလိုင်းတွေကသွားလာဖို့ ဖွင့်မှာဖြစ်တော့ အကယ်၍ ဇူလိုင်လအတွင်းမှာပေါ့။ ရှိမယ်ဆိုရင် ထိုင်းအစိုးရနဲ့ ကျနော်တို့ညှိမယ်။ ညှိပြီးရင် EAO ခေါင်းဆောင်တွေ အများစုရှိတာက ချင်းမိုင်ဖြစ်တယ်။ ချင်းမိုင်ကို ကျနော်တို့ မြန်မာနိုင်ငံက လေယာဉ်တွေ လွှတ်မယ်။ ဒီ EAO ခေါင်းဆောင်တွေ နေပြည်တော်ကို လေယာဉ်နဲ့တိုက်ရိုက်လာခဲ့။ သို့မဟုတ် တာချီလိတ်ဇုန်ဝင်ပေါက်ရှိတယ်။ ထိုင်းအစိုးရနဲ့ ညှိမယ်။ နယ်စပ်ကို ဖြတ်ကျော်မယ်။ တာချီလိတ်ကနေပြီး လေယာဉ်နဲ့ နေပြည်တော်ကိုလာမယ်။ ဒါမျိုးဆောင်ရွက်ဖို့ ကျနော်တို့ ကမ်းလှမ်းထားတာရှိတယ်”လို့ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ညီလာခံကို ပုံမှန်ကျင်းပနေတဲ့ နေပြည်တော် MICC 2မှာ ပြုလုပ်မှာဖြစ်ပြီး အရင်အစိုးရနဲ့ လွှတ်တော်ဖက်က ညီလာခံကိုယ်စားလှယ် ၁၅၀ ဦး၊ တပ်မတော်ဖက်က ကိုယ်စားလှယ် ၁၅၀ ဦး၊ EAO ဖက်က ကိုယ်စား လှယ် ၁၅၀ ဦး၊ နိုင်ငံရေးပါတီဖက်က ကိုယ်စားလှယ် ၁၅၀ ဦး၊ ပါဝင်သင့်၊ ပါဝင်ထိုက်သူတွေ ၅၀ ဦးနဲ့ တိုင်းရင်းသားကိုယ်စားလှယ် ၅၀ ဦး အားလုံးပေါင်း ၇၀၀ နဲ့ ကျင်းပခဲ့တာဖြစ်ကာ ယခုအခြေအနေအရ အရင်လို ၇၀၀ အချိုးအစားနဲ့ သွားဖို့ခက်တာကြောင့် သုံးပုံတစ်ပုံအဆိုပြုထားပြီး စုစုပေါင်း ကိုယ်စားလှယ်ဦးရေ ၂၃၀ နဲ့ လျော့ချကျင်းပသွားဖို့ရှိကြောင်းလည်း သိရသည်။
လက်ရှိကာလ ကျန်းမာရေး ဝန်ကြီးဌာန၏ သတိပေးထုတ်ပြန်ချက်များအရ တက်ရောက်လာသော ကိုယ်စားလှယ်ဦးရေ ၂၃၀ ထိ လျော့ချဆောင်ရွက်မှသာ Social Distancing နဲ့ နေရာချလို့ရမှာဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောကြားခဲ့သည် ။
လက်ရှိအချိန်မှာတော့ အစိုးရနဲ့ EAO ကြားမှာ ဆွေးနွေးနေတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ဆက်လက်ဆွေးနွေးရမယ့်အချက်တွေကို ဇွန်လထဲမှာ မြန်မြန်ဆွေးနွေးပြီး UPDJC နဲ့ JICMအစည်းအဝေးတွေ ခေါ်ဖို့ရှိတယ်လို့ ဦးဇော်ဌေးကပြောပါတယ်။ အဲ့ဒီ UPDJC နဲ့ JICM အစည်းအဝေးတွေပြီးမှသာ ညီလာခံကိုကျင်းပနိုင်မှာဖြစ်လို့ အမြန်စီစဉ်နေတာဖြစ်ကြောင်း သိရသည်။
ထို့ပြင် ထက်မံ၍ ဦးဇော်ဌေးမှ “ညီလာခံက ဘာကြောင့်အရေးကြီးလဲဆိုတော့ ကျနော်တို့ တပ်မတော်ဖက်မှာလည်း ၂၀၂၀ ရွေး ကောက်ပွဲတွေအလွန် အပြောင်းအလဲတွေဖြစ်မှာဖြစ်သလို အစိုးရဖက်မှာလည်း ၂၀၂၀ ရွေးကောက်ပွဲတွေအလွန်မှာ ရွေးကောက်ပွဲရလဒ်အပေါ်မူတည်ပြီးတော့ ဖြစ်ပေါ်လာမယ့် အနေအထားတွေရှိတယ်။ ဒီ (၅)နှစ်လုံးလုံး ဆွေးနွေးညှိနှိုင်းခဲ့တဲ့ဟာတွေက နောက်လက်ထပ်မှာ ဘယ်ပုံစံဆက်သွားမယ်ဆိုတဲ့ မရေရာ၊မသေချာမှုတွေ ဖြစ်လာနိုင်တယ်။ အဲ့ဒီတော့ အားလုံး သဘောတူလက်ခံထားတဲ့ အနေအထားမျိုးကို ညှိနှိုင်းသွားဖို့လိုတယ်”လို့ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Photo : ၂၁ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးပုံရိပ်များ
Crd : U Zaw Htay #Myanmar_Online_News

0 comments:

Post a Comment