Sunday, May 31, 2020

စာသင်ကျောင်းဖွင့်ချိန် ကိုဗစ်ကူးစက်သည့် ကျောင်းသားတစ်ဦးတွေ့ရှိပါက တက်နေသောကျောင်းကိုသာ ယာယီပိတ်မည်

စာသင်ကျောင်းဖွင့်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ကျောင်းသားကျောင်းသူတစ်ဦးတွေ့ရှိပါက ၎င်းတက်ရောက်နေသော ကျောင်းကိုယာယီပိတ်ထားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်း ကပြောကြားသည်။
အခြေခံပညာကျောင်းများကို ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ အထက်တန်းအဆင့်မှစတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျန်အတန်းများကို အခြေအနေပေါ်မူတည်၍ ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနကကြေညာထားသည်။“ဟုတ်တယ်။တွေ့တဲ့ကျောင်းကိုဘဲပိတ်မှာ။ ပိတ်ပြီးတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကနဲ့ ညှိနှိုင်းပြီး Safe ဖြစ်တဲ့အချိန်မှ ပြန်ဖွင့်ရမှာ။ပိတ်ထားတဲ့အချိန်မှာ ကျန်တဲ့ကျောင်းသား ၊ ကျောင်းသူတွေကိုတော့ အိမ်မှာဘဲနေခိုင်းပြီး Home Learning ဘဲလုပ်ခိုင်းရမှာဘဲ”ဟု ဦးကိုလေးဝင်းက ဆိုသည်။
အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် ကျောင်းသား ၊ ကျောင်းသူများနှင့် ဆရာ ၊ ဆရာမများ လုံခြုံမှုရှိစေရန်အတွက် အဝတ်ဖြင့်ချုပ်ထားသည့် နှာခေါင်းစည်း၊ မျက်နှာဖုံးများကို အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ပြီး လက်ဆေးခြင်းများ စနစ်တကျဆောင်ရွက်ကာ ကျောင်းသား ၊ကျောင်းသူများကို ခြောက်ပေခွာထား၍ စာ သင်ကြားခြင်း ၊ ထမင်းစားချိန်များတွင် တစ်ဦးတည်းသာ ထမင်းစားစေခြင်း၊ အဖွဲ့လိုက်ထမင်းစားခြင်းများကို လုံးဝခွင့်မပြုခြင်း စသည့်အချက်များကို ပညာရေးဝန်ကြီးဌာနက စီမံထားသည်။
ကျောင်းသား ၊ကျောင်းသူဦးရေများပြားသော ကျောင်းများတွင် စာသင်ချိန်များကို အပြောင်းအလဲပြုလုပ်ပြီး တစ်ချိန်တည်းတက်ရသည့်ကျောင်းကို နှစ်ချိန်ကျောင်းအဖြစ်ပြုလုပ်ခြင်း၊ စာသင်ချိန်ကို တစ်ပတ်သင်၊ တစ်ပတ်နားပြုလုပ်ခြင်းများဖြင့် ဖွင့်လှစ်ရန်လည်း စီစဉ်ထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာအထက်တန်းကျောင်းသား ၊ ကျောင်းသူ ၁ ဒသမ ၂ သန်းကျော်ရှိပြီး မူလတန်းအဆင့်ကျောင်းသား ၊ကျောင်းသူ ငါးသန်းကျော်ရှိနေကြောင်း သိရသည်။
Ref ; The Voice

0 comments:

Post a Comment