Sunday, May 31, 2020

ရဲတပ်ဖွဲ့ဝင်တစ်ဦးကြောင့် လူမည်းအမျိုးသားသေဆုံးခဲ့ရာကနေ ဆန္ဒပြမှုများ အရှိန်မြင့်လာသောကြောင့် အမေရိကန် ပြည်နယ် ၁၆ ခုမှ မြို့ကြီး ၂၅ မြို့တွင် ညမထွက်ရအမိန့်များထုတ်ပြန်

အမေရိကန် ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ကြောင့် လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးခဲ့ရတာကနေ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အရှိန်မြင့်လာတာကြောင့် ပြည်နယ် ၁၆ ခုက မြို့ကြီး ၂၅ မြို့မှာ ညမထွက်ရ အမိန့်တွေ ထုတ်ပြန် ထားရပါပြီ။
လော့စ်အိန်ဂျလိစ်မြို့မှာ အစပိုင်းက မြို့ထဲတစ်ဝိုက်ပဲ ညမထွက်ရအမိန့် ထုတ်ထားရာကနေ စနေနေ့ ညနေပိုင်းမှာ မြို့တော်ဝန် အဲရစ်ဂါဆက်တီက တစ်မြို့လုံးအတွက် ပြောင်းလဲထုတ်ပြန်ခဲ့ရပါတယ်။ အဲဒီလို ထုတ်ပြန်လိုက်တာကြောင့် လော့စ်အိန်ဂျလိစ် မြို့သူမြို့သားတွေအနေနဲ့ စနေနေ့ည ၈ နာရီကနေ တနင်္ဂနွေနေ့ မနက် ၅ နာရီခွဲအထိ အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ နေကြရတော့မှာပါ။
ကယ်လီဖိုးနီးယား ပြည်နယ်အနေနဲ့ဆိုရင် လော့စ်အိန်ဂျလိစ်နဲ့ ဘီဗာလီဟေးလ်စ်မြို့တွေမှာ အခုလို ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားရတာဖြစ်ပါတယ်။
အလားတူပဲ ကော်လိုရာဒို ပြည်နယ်မှာဆိုရင် ဒင်ဗာမြို့၊ ဖလော်ရီဒါ ပြည်နယ်မှာဆိုရင် မိုင်ယာမီမြို့၊ ဂျော်ဂျီယာပြည်နယ်မှာ ဆိုရင် အတ္တလန္တာမြို့၊ အီလီနွိုက်ပြည်နယ်မှာဆိုရင် ချီကာဂိုမြို့၊ ကင်တပ်ကီ ပြည်နယ်မှာဆိုရင် လူးဝစ္စဗီးလ်မြို့၊ မင်နီဆိုတာ ပြည်နယ်မှာဆိုရင် မင်နာပိုလစ္စမြို့နဲ့ စိန့်ပေါလ်မြို့၊ နယူးယောက်ပြည်နယ်မှာဆိုရင် ရိုချက်စတာမြို့၊ အိုဟိုင်းယိုး ပြည်နယ် မှာဆိုရင် စင်စင်နတီမြို့၊ ကလီဗလန်းဒ်မြို့၊ ကိုလံဘတ်စ်မြို့၊ ဒေတန်မြို့နဲ့ တိုလီဒိုမြို့တွေ၊ အော်ရီဂွန်ပြည်နယ်မှာဆိုရင် ယူဂျင်းမြို့နဲ့ ပို့တ်လန်းဒ်မြို့၊ ပင်ဆဲလ်ဗေးနီးယား ပြည်နယ်မှာဆိုရင် ဖီလာဒဲဖီးယားမြို့နဲ့ ပစ္စဘတ်မြို့၊ တောင်ကယ်ရိုလိုင်း နား ပြည်နယ်မှာဆိုရင် ချာလက်စ်တန်မြို့နဲ့ ကိုလံဘီယာမြို့၊ တင်နက်ဆီပြည်နယ်မှာဆိုရင် နက်ရှ်ဗီးလ်မြို့၊ ယူတာ ပြည်နယ် မှာဆိုရင် ဆော့တ်လိတ်ခ်စီးတီးမြို့၊ ဝါရှင်တန်ပြည်နယ်မှာဆိုရင် ဆီယက်တဲလ်မြို့၊ ဝစ္စကွန်ဆင် ပြည်နယ်မှာဆိုရင် မီလ်ဝေါ ကီးမြို့ စတဲ့ မြို့တွေမှာ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားရပြီဖြစ်ပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment