Friday, May 29, 2020

မန္တလေးတွင် ဇွန် ၁ ရက်မှစ၍ စားသောက်ဆိုင်နှင့် ယာဉ်လိုင်းများအတွက် ဖြေလျှော့မှုများ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းသိရ

မန္တလေးတိုင်းဒေသကြီးတွင် ကိုဗစ်ကာလအတွင်း ကန့်သတ်မှုများ ဆောင်ရွက်ထားသည့် စားသောက်ဆိုင်နှင့် ယာဉ်လိုင်းများအတွက် ဇွန် ၁ ရက်မှစတင်ကာ ဖြေလျှော့မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စွမ်းအင်၊ လျှပ်စစ်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
တိုင်းအစိုးရက ကိုဗစ်ကာလအတွင်း စားသောက်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ် စနစ်ဖြင့်သာရောင်းချရန်၊ ယာဉ်လိုင်းများနှင့် ပတ်သက်၍ မြို့တွင်းသွားလာသည့် ယာဉ်လိုင်းများကိုသာ ခွင့်ပြုပေးထားပြီး တိုင်းပြင်ပမှလာသည့် အဝေးပြေးယာဉ်လိုင်းများအား ဝင်ထွက်ခွင့်မပြုရန် ကန့်သတ်ထားခြင်းဖြစ်သည်။
“ ဖြေလျှော့မှု တချို့လုပ်ပါမယ်။ ဥပမာ မော်တော်ယာဉ်လိုင်းတွေကို ပြည်ထောင်စုဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်များနဲ့ အညီပြန်လည် ပြေးဆွဲစေတာမျိုး ဒါတွေလုပ်ပါမယ်။ နောက်တစ်ခုက စားသောက်ဆိုင်တွေပေါ့။ သူတို့ကို ဆိုင်ထိုင်စနစ်နဲ့ ပြည်ထောင်စု ကျန်မာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အညီ ဆိုင်ထိုင်စနစ် ပြန်လည်ဆောင်ရွက်နိုင်ဖို့ ဒါတွေရှိလာမယ် ” ဟု ဦးဇာနည်အောင်က ပြောသည်။
ထို့ပြင် ရောဂါဖြစ်ပွားမှုရှိနေသည့် တိုင်း၊ ပြည်နယ်များမှ မန္တလေးတိုင်းအတွင်းသို့ လာရောက်မည့်သူမျာအား Quarantine စောင့်ကြည့်မှုများ ပြုလုပ်ရန် မလိုအပ်တော့ဘဲ ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသူများသာ စောင့်ကြည့်မှုများ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရက ကိုဗစ်ကာလအတွင်း ရောဂါကူးစက်မှုကြိုတင်ကာကွယ်နိုင်ရန်အတွက် ကန့်သတ်မှုများအား မတ်လအတွင်းမှ စတင်ဆောင်ရွက်ခဲ့ပြီးနောက် မေလတွင် ဖြေလျှော့မှုများကို ပြန်လည် လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။တိုင်းအတွင်း ဖြေလျှော့မှုများ တစ်ဆင့်ချင်းဆောင်ရွက်နေသော်လည်း ဖြေဖျော်ရေးလုပ်ငန်းများဖြစ်သော ကေတီဗီ၊ စင်တင်လုပ်ငန်းများကိုမူ ဆက်လက် ပိတ်ထားရဦးမည်ဖြစ်ကြောင်း သိရသည်။
Source : MyanmarTime #Myanmar_Online_News

0 comments:

Post a Comment