Thursday, May 28, 2020

ရွှေတိဂုံစေတီတော်အား ဖူးမြော်ခွင့် ယာယီပိတ်ထားဆဲ ဖြစ်သော်လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဇနီး တက်ရောက်ဖူးမြော်ခဲ့သည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ထွက်ပေါ်ခဲ့ပြီးနောက် ဝေဖန်မှုများရှိနေ

ရွှေတိဂုံစေတီတော်ကို ဖူးမြော်ခွင့် ယာယီပိတ်ထားဆဲဖြစ်သော်လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဇနီး ရွှေတိဂုံ စေတီတော်သို့ တက်ရောက်ဖူးမြော်ခဲ့သည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ထွက်ပေါ်ခဲ့ပြီးနောက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
“ဒီနေ့ (မေ ၂၇ ရက်) အစည်းအဝေးလုပ်တော့ နိုင်ငံတော်ကထုတ်ပြန်တဲ့ ပြန်တမ်းပေါ်မူတည်ပြီးတော့မှ ဖွင့်မယ့်ရက်ကို ဆောင်ရွက်ပါမယ်ဆိုပြီး လုပ်ထားတာပါ၊ ပြန်ဖွင့်ရင်တော့ ဘယ်လိုကြိုတင်ကာကွယ်မှုတွေ လုပ်မယ်ဆိုတာမျိုးတွေတော့ အစည်းအဝေးမှာ ဆုံးဖြတ်ထားပါတယ်။ ဖွင့်မယ်ဆိုရင်လဲ မီဒီယာတွေအားလုံးကို ခေါ်မှာပါ’’ ဟုရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးရဲအောင်နိုင်ကပြောကြားသည်။
“ရွှွေတိဂုံ ဘုရားကြီးက ဒဂုံမြို့နယ်မှာပါ၊ အများပြည်သူ ဘုရားဖူးမြော်ခွင့် ပိတ်ထားသော်လည်း ဝန်ကြီး ချုပ်ကြီးကဖူးတယ်။ မှန်ပါတယ်။ ဝန်ကြီးချုပ်ကြီး တက်ဖူးတယ်ပေါ့၊ ကျော်ဇေယျက တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်လေ၊ လွှတ်တော်နဲ့ အစိုးရ၊ အစိုးရနဲ့လွှတ်တော် ဘုရားကြီး ဘက်စုံ ဘာညာ ညှိနှိုင်းလုပ်မယ်ဆိုလည်း လွှတ်တော်ကိုယ်စားလှယ် ဆိုတာက အုပ်ချုပ်ရေး အဖွဲ့အစည်းက ဘာပဲလုပ်လုပ် တိုင်ပင်အပ်တဲ့ ပုဂ္ဂိုလ်များဆိုပြီး ဥပဒေမှာ ဆိုထားတာလေ၊ အန်ကယ်တောင် အသိမပေးဘူး ဘာမှမသိရဘူး၊ သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ သူ့ဘာသူတက်တယ်။ အခုပုံတွေတက်လာတယ်။ ပိတ်ထားတာကို သွားဖူးလို့ ဘယ်ရမလဲ၊ လွှတ် တော်ကိုယ်စားလှယ်ကို အသိပေးရင် ဝန်ကြီးချုပ်ကြီး ပိတ်ထားတယ်လေ မကောင်းဘူး ထင်တယ်။ ဘာရည်ရွယ်ချက်လဲဆိုပြီး မေးမှာပေါ့၊ အကြံဉာဏ်တွေပေးမှာပေါ့၊ မဖြစ်မနေ ယတြာချေမယ်ဆိုရင် ဝန်ကြီး ချုပ်ကြီး တစ်ပူကနှစ်ပူ ဗိုလ်တထောင်ဘုရားလဲ ဖြစ်သွားပြီ၊ လျှို့ဝှက်ပြီးတော့ ဘယ်သူမှ ဓာတ်ပုံမရိုက်ရ အောင်၊ မတိုင်ကြားအောင် ကောင်းတဲ့အကြံဉာဏ်တွေ ပေးမှာပေါ့” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
ရန်ကုန်တိုင်းအစိုးရနှင့် နိုင်ငံတော်က သတ်မှတ်ထားသည့် Semi- Lockdown ပြုလုပ်ထားခြင်းသည် မေ ၃၁ ရက်အထိဖြစ်သည့်အတွက် ယင်းနေ့မတိုင်ခင် ဖွင့်ရန်မရှိကြောင်း၊ မေ ၃၁ ရက်ကျော်လျှင်လည်း အစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာပြီး ပြန်လည်ဖွင့်လှစ်ရန် အဆင့်ဆင့် လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် အချိန်သတ်မှတ်၍ မရကြောင်း ဦးသောင်းထိုက်က ပြောကြားသည်။
“အခုရန်ကုန်တိုင်းအစိုးရနဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ Semi- Lockdown လုပ်ထားတာ ၃၁​ နေ့အထိဆိုတော့ အဲ့ဒီ ၃၁ ရက်နေ့ မတိုင်ခင်တော့ ဖွင့်ဖို့မရှိဘူး။ ၃၁ ရက်နေ့ကျော်ရင်တော့လည်း ကျန်းမာရေးနဲ့ အားက စားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နောက် ဗဟိုပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်ချက်တွေနဲ့ ကပ်ရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ညွှန်ကြားချက်တွေလိုက်နာပြီးတော့မှ အ ဆင့်ဆင့်လုပ်သွားမှာပါ။ အချိန် အတိအကျသတ်မှတ်လို့ မရသေးပါဘူး” ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက်က ပြောကြားထားသည်။
COVID-19 ရောဂါကာကွယ် တားဆီးရေးအတွက် ရွှေတိဂုံစေတီတော်ကို မတ် ၂၅ ရက်မှ စတင်ကာ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ တစ်နေ့လျှင် ခုနစ်နာရီသာ ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းနောက် ဧပြီ ၁၀ ရက်မှ စတင်ကာ ဘုရားဖူးခွင့် ပိတ်ထားသည်မှာ ယနေ့အချိန်ထိဖြစ်ကြောင်း သိရသည်။
COVID-19 ကူးစက်ကပ်ရောဂါနှင့် ပတ်သက်ပြီး Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက တားမြစ်ထားသည့် စည်းကမ်းချက်များနှင့်မညီဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော် ရေချပူဇော်ပွဲ အခမ်းအနားကို မေ ၂၄ ရက်တွင် ဗိုလ်တထောင်ဆိပ်ကမ်း၌ ကန့်သတ်လူဦးရေထက် ကျော်လွန် ကျင်းပခဲ့မှုအပေါ် ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လား အရေးယူခံနေရမှုဖြစ်စဉ်နှင့် နှိုင်းယှဉ် ဝေဖန်မှုများလည်း ရှိခဲ့သည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်ဇနီး ရွှေတိဂုံစေတီတော်အား တက်ရောက်ဖူးမြော်နေသည့် ဓာတ်ပုံမှာ မည်သည့်နေ့က ဖူးမြော်ခဲ့သည်ကို အတိအကျ မသိရသော်လည်း လက်ရှိ COVID-19 ကာလအတွင်း မှတ်တမ်းတင်ထားသော ဓာတ်ပုံဖြစ်ဖွယ်ရှိကြောင်း ယူဆရသည်။
ထို့အပြင် ဝန်ကြီးချုပ်နှင့်ဇနီး ရွှေတိဂုံစေတီတော်အား လာရောက်ဖူးမြော်ခဲ့ခြင်း ရှိ၊ မရှိနှင့် မည်သည့်နေ့က လာရောက်ဖူးမြော်ခဲ့သည်ကို အတည်ပြုနိုင်ရန်အတွက် မေ ၂၈ ရက် နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှ တာဝန်ရှိသူအား ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိသေးပေ။
ရွှေတိဂုံစေတီတော်သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက်ဖူးမြော်ခဲ့သည့် ဓာတ်ပုံအချို့ ပျံ့နှံ့မှုနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ ဆက်သွယ်လျက်ရှိပြီး သိရှိရသည့် အချက်အလက်ကို ထပ်မံဖော်ပြပေးပါမည်။
Ref ; Eleven

0 comments:

Post a Comment