Wednesday, May 27, 2020

ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်လျက်ရှိသော ဦးတီခွန်မြတ်ကို တာဝန်မှ ရုပ်သိမ်းရန် အရေးကြီးအဆိုတင်သွင်းရန်ရှိကြောင်းသိရ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်ကရုပ်သိမ်းဖို့ အရေးကြီးအဆိုတခုကို မေလ ၂၈ ရက်နေ့မှာကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တဦးက တင်ပြဖို့ရှိတယ်လို့အမည်မဖော်လိုသူ လွှတ်တော်အရာရှိတစ်ဦး၏ပြောကြားချက်အရသိရှိရသည်။
အရေးကြီးအဆိုတင်သွင်းမယ့် အစီအစဉ်ကို မေလ ၂၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပတဲ့အခါ လွှတ်တော်ဒုဥက္ကဋ္ဌက လွှတ်တော်ကို အသိပေးတင်ပြမှာဖြစ်တယ်လို့လည်း အဲဒီအရာရှိက ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီအနေနဲ့မနက်ဖြန်မှာကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အရေးကြီးအဆိုတစ်ခု တင်သွင်းဖို့ရှိတယ်လို့ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းထွန်းက အတည်ပြုပြောကြားခဲ့သည်။
အရေးကြီးအဆိုမှာပါမယ့် အကြောင်းအရာနဲ့ ပတ်သက်လို့တော့ မတင်သွင်းရသေးတဲ့အတွက် ထုတ်ပြောလို့မရသေးကြောင်း ဦးသိန်းထွန်းက ဆိုပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်ကရုပ်သိမ်းဖို့ အရေးကြီးအဆိုကို ပြည်ခိုင်ဖြိုးဘက်က အဆိုတင်ဖို့ရှိမရှိဆိုတာနဲ့ပတ်သက်လို့ ပါတီဘက်ကတော့ ထုတ်ပြောတာမျိုးမရှိသေးပါဘူး။
ပြည်သူလွှတ်တော်ဆိုင်ရာ ဥပဒေနည်းဥပဒေပါပြဌာန်းချက်တွေအရ လွှတ်တော်ဥက္ကဋ္ဌသို့မဟုတ် ဒုဥက္ကဋ္ဌ သို့မဟုတ် နှစ်ဦးစလုံးဟာ နိုင်ငံတော်ရဲ့ကျေးဇူးသစ္စာတော်ကိုဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဥပဒေအရ ပေးအပ်သောတာဝန်များကိုကျေပွန်စွာ မဆောင်ရွက်ခြင်း စတဲ့အချက်တွေကိုကျူးလွန်ပါက သတ်မှတ်တဲ့နည်းလမ်းနဲ့အညီတာဝန်ကနေ ရုပ်သိမ်းနိုင်တယ်လို့ဖော်ပြထားပါတယ်။
တာဝန်မှရုပ်သိမ်းရန်အတွက် လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှရုပ်သိမ်းကြောင်း အဆိုကို လွှတ်တော်အစည်းအဝေးအစီအစဉ်မှာ ထည့်သွင်းရမှာဖြစ်ပြီး တာဝန်မှရုပ်သိမ်းကြောင်းအဆိုလွှာကို လက်မှတ်ရေးထိုးထားတဲ့ ကိုယ်စား လှယ်လွှတ်တော်ကိုတင်သွင်းရမှာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အဆိုနဲ့ပတ်သက်လို့ လွှတ်တော်ကဆွေးနွေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။
လက်ရှိ ပြဌာန်းထားတဲ့ဥပဒေနည်းဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ကရုပ်သိမ်းတဲ့အစီအစဉ် အောင်မြင်ဖို့အတွက်ဆိုရင် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့သုံးပုံနှစ်ပုံ ထောက်ခံမဲရရှိဖို့လိုတယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးအနိုင်ရရှိခဲ့သူဖြစ်ပါတယ်။ ဦးတီခွန်မြတ်ဟာ ကြံခိုင်ရေးပါတီမှာ ဗဟိုအလုပ်အမှုဆောင်တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပါတီက နုတ်ထွက်ခဲ့ပါတယ်။
ဦးတီခွန်မြတ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကဦးဆောင်တဲ့ ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးမှာ ဒုဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရပြီး ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်တုန်းက ဦးတီခွန်မြတ်ဟာ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ရင်းနှီးတဲ့သူလို့လည်းလူသိများသူ ဖြစ်ပါတယ်။
ဦးတီခွန်မြတ်ဟာ ဥပဒေဘွဲ့ရတစ်ဦးဖြစ်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲတုန်းကလဲ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
ဦးတီခွန်မြတ်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သလို ပြည်ထောင်စုလွှတ်တော်မှာနာယက တာဝန်လည်းထမ်းဆောင်နေသူဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ နာယက တာဝန်ယူစဥ် အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ သူ့ကို လွှတ်တော်အတွင်းမှာ စွပ်စွဲပြောဆိုမှုတွေရှိခဲ့ပါတယ်။
သူ ကိုယ်တိုင်ကလည်း အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာပြောဆိုမှုတွေနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တချို့ကို သတိပေးပြောဆိုတာတွေရှိခဲ့ပါတယ်။
ပြည်ခိုင်ဖြိုးနဲ့တပ်ကိုယ်စားလှယ် ၅ဦးတို့ရဲ့ ဆွေးနွေးခဲ့တဲ့စကားရပ်အချို့ကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်လိုက်ကြောင်း ၂၀၁၉ နိုဝင်ဘာ ၂၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ပါတယ်။
"လွှတ်တော်နာယကရဲ့တာဝန်နဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီရဲ့ တာဝန်များဟာ သူ့အတိုင်းအတာနှင့်သူ များပြားကြီးမားလှပါတယ်။ သို့သော် ထပ်တူမဖြစ်တဲ့အတွက် နာယကရဲ့ တာဝန်နှင့်လုပ်ဆောင်မှုအပေါ် နားမလည်နိုင်တာ တစ်ဦးတစ်ယောက်တစ်စုတစ်ဖွဲ့၏ ဆန္ဒအတိုင်း မလုပ်ပေးနိုင်လို့ သဘောမကျတာရှိနိုင်ပါတယ်။ ဒါကလည်း အတိုင်းအတာရှိပါတယ်။ နာယကရဲ့တာဝန်ကျေပွန်အောင်မဆောင်ရွက်နိုင်ဘူးဆိုရင် တာဝန်ရုပ်သိမ်းနိုင်တဲ့ ဥပဒေ၊ နည်းဥပဒေများ သတ်မှတ်ထားပြီးဖြစ်သလို မိမိရဲ့တာဝန်ရှိမှုအပိုင်းကိုလည်းကောင်းကောင်း သိရှိနားလည်ပါကြောင်း အသိပေးလိုပါတယ်"လို့လည်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောဆိုခဲ့တာရှိပါတယ်။
Crd : BBC

0 comments:

Post a Comment