Saturday, May 23, 2020

ပျက်ကျတောင်ကိုရီးယားလေယာဉ် ရှာဖွေရေး မြန်မာနဲ့တောင်ကိုရီးယား သဘောတူညီမှုရ

၁၉၈၇ ခုနှစ်တုန်းက ပျက်ကျခဲ့တဲ့ ကိုရီးယား လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၈၅၈ လေယာဉ်ရဲ့ အစိတ်အ ပိုင်းတွေလို့ ယူဆရတဲ့ အပိုင်းအစတွေကပ္ပလီပင်လယ်ပြင်တွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ကိစ္စအပေါ် စုံစမ်းစစ်ဆေးဖို့ မြန်မာနဲ့ တောင်ကိုရီးယားတို့ ကြား သဘောတူညီမှုရခဲ့ကြပါတယ်။ စုံစမ်းစစ်ဆေးမယ့် အစီအစဉ်ကိုတော့ စေ့စပ်ညှိနှိုင်းနေဆဲဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာနကို ကိုးကားပြီး တောင်ကိုရီးယားသတင်းဌာန NEWS 1 သတင်းမှာ ကြာသပတေးနေ့မှာ ဖော်ပြထားပါတယ်။
ပဏာမ သဘောတူညီချက်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောနိုင်သေးဘူးလို့ တောင်ကိုရီးယား အစိုးရ ကပြောပါတယ်။
ကြာသပတေးနေ့ အစောပိုင်း တောင်ကိုရီးယား ပြည်တွင်း MBC သတင်းကတော့ လေယာဉ် အပိုင်းအစတွေတွေ့တဲ့ နေရာမှာ အစိုးရ ဉီးဆောင်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တောင်ကိုရီးယား သမ္မတ MOON JAE-IN က ညွှန်ကြားထားတယ်လို့ ပြောပါတယ်။
3D SONAR အသံလှိုင်း အသုံးပြုကိရိယာနဲ့ အပျက်အစီးတွေကို တွေ့ရှိခဲ့တာလို့ ဇန်နဝါရီလတုန်းက MBC သတင်းက ဖော်ပြခဲ့ပြီးနောက်မှာ လအနည်းငယ်အကြာမှာ သမ္မတ Moon က အခုလို ညွှန်ကြားလိုက်တာပါ။ ဒေသခံ ငါးဖမ်းသမားတွေကတော့ ရေအောက် ၁၆၄ ပေလောက်မှာ ကြီးမားတဲ့ အရာဝတ္ထုကြီးတခုတွေ့တယ်လို့ပြောပါတယ်။ စစ်ဆေးမှုတွေအရတော့ ၃၃ ပေအရှည်ရှိတဲ့ လေယာဉ် တောင်ပံ လို့ယူဆရတဲ့ အရိပ်ကို ပင်လယ်ရေအောက်ကြမ်းပြင်မှာတွေ့ရတာပါ။ လေယာဉ်အင်ဂျင်လို့ ယူဆရတဲ့ အရာဝတ္ထု တခုကိုလည်းတွေ့ထားတယ်လို့ ဇန်နဝါရီလတုန်းက MBC သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ဒီကိုရီးယား လေကြောင်းလိုင်း လေယာဉ်က ၁၉၈၇ ခုနှစ်၊ နိုဝင်ဘာ လ ၂၉ ရက်နေ့တုန်းက အီရတ်နိုင်ငံ Baghdad မြို့ကနေ Seoul မြို့ကို ပျံသန်းနေတုန်း မြန်မာ့ ကမ်းလွန်ပင်လယ်ပြင်မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး လေယာဉ် ပေါ်လိုက်ပါသွားသူ ၁၁၅ ဉီးစလုံး သေဆုံးခဲ့ပါတယ်။
ဒီလေယာဉ်ကို ဗုံးဖေါက်ခွဲဖို့ စီစဉ်ခဲ့တာကို နောက်ပိုင်းမှာ ဖမ်းဆီးရမိတဲ့ မြောက်ကိုရီးယား စပိုင် အမျိုးသမီး Kim Hyon-Hui က ဝန်ခံ ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်က တောင်ကိုရီးယား သမ္မတ Chun Doo-Hwan အစိုးရအဖွဲ့က သေဆုံးသူရုပ်အလောင်းတွေနဲ့ ပျက်ကျလေယာဉ် အပျက်အစီးတွေကို ရှာဖွေတာမလုပ်ခဲ့ဘူးလို့ KOREA TIMES သတင်းဌာနက ပြောပါတယ်။ လေယာဉ်ပျက်လို့ ယူဆရတဲ့ အစိတ်အပိုင်းတွေ အခုလို တွေ့ရှိတဲ့အခါမှတော့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလာတာလည်း ဖြစ်ပါတယ်။
Ref ; VOA

0 comments:

Post a Comment