Wednesday, October 5, 2022

မြန်မာစစ်တပ်ကိုယ်စားလှယ်ကို အာဆီယံအစည်းအဝေးဖိတ်ဖို့ ဖိလစ်ပိုင်သမ္မတ အဆိုတင်မည်

 

မြန်မာ့အရေး ဖြေရှင်းဖို့အတွက် ချည်းကပ်ပုံအသစ်ကို လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ တင်ပြသွားဖို့ရှိနေတယ်လို့ ဖိလစ်ပိုင်သမ္မတသစ် ဖာဒီနန်မားကို့စ် ဂျူနီယာ(Ferdinand Marcos Jr) ကပြောလိုက်ပါတယ်။
ဖိလစ်ပိုင်က တင်ပြမယ့်နည်းလမ်းသစ်ထဲမှာ မြန်မာစစ်တပ်ကိုယ်စားလှယ်တွေကို ဆွေးနွေးပွဲဝိုင်းကို ရောက်အောင်ခေါ်ဖို့ဆိုတဲ့ နည်းလမ်းလည်း ပါဝင်နိုင်တယ်လို့ ဒီကနေ့ မနီလာမြို့မှာ နိုင်ငံခြား သတင်းထောက်အသင်းနဲ့ တွေ့ဆုံစဉ် ပြောခဲ့တာ ဖြစ်ပါတယ်။
" အတူတကွ ဆောင်ရွက်ကြဖို့ အချိန်ကျနေပါပြီ။ ဒီကိစ္စတွေကိုဆွေးနွေးဖို့အတွက် အနည်းဆုံး မြန်မာစစ်တပ်ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲစကားဝိုင်းထဲရောက်ဖို့ လိုပါတယ်။ ဒါမှ ကျနော်တို့ ဒီကိစ္စတွေကို စပြောလို့ရပါမယ်"
ဖာဒီနန်မားကို့စ် ဂျူနီယာဟာ ဖိလစ်ပိုင်နိုင်ငံကို အာဏာရှင်စနစ်နဲ့ နှစ်ပေါင်း ၂ဝ ကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်း မားကို့စ်ရဲ့ သားဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက ကျင်းပတဲ့ အာဆီယံအစည်းအဝေးရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချမှတ် ၅ ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် အာဆီယံအစည်းအဝေးတွေကနေ ဖယ်ရှားခံထားရပါတယ်။
ဒီလာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံအစည်းအဝေးမှာလည်း စစ်ကောင်စီကို မဖိတ်ဘဲ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်ခြင်း မရှိတဲ့သူ တစ်ဦးကို ဖိတ်ကြားထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်က နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်ခြင်း မရှိတဲ့သူကို စေလွှတ်ဖို့ ငြင်းဆန်ထားတယ်လို့ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးရုံး ပြောခွင့်ရှိသူကပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Photo - Reuters
RFA

0 comments:

Post a Comment