Monday, January 22, 2018

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ဝင်ရောက်လာမည့်သူများကို လက်ခံရန်အတွက် တောင်ပြိုလက်ဝဲနှင့် ငါးခူရလက်ခံရေးစခန်းနှစ်ခု အဆင်သင့်ပြင်ထားပြီးဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေး ပြော၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ အကြောင်းမပြန်သေးဟုဆို


ဘင်္ဂလားဒေ့ရှ်ဘက်သို့ ခိုလှုံဝင်ရောက်သွားသူများကို ပြန်လည်လက်ခံရန်အတွက် တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်းနှစ်ခုသည် အဆင်သင့်အနေအထားတွင်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာဝင်းမြတ်အေးက ဇန်န၀ါရီ ၂၂ ရက်တွင် ပြောသည်။
“တောင်ပြိုလက်ဝဲနဲ့ ငါးခူရလက်ခံရေးစခန်းမှာ ပြန်လည်ဝင်ရောက်လာမယ့် တဖက်နိုင်ငံက ဘင်္ဂါလီဒုက္ခ သည်တွေကို လက်ခံဖို့အတွက် ယာယီနေထိုင်စားသောက်ဖို့အတွက် (၁၈) ရက်နေ့ကတည်းက ပြင် ဆင်ဆောင်ရွက်ထားပါတယ်”ဟု ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာမည့်သူများကို ဇန်န၀ါရီ ၂၃ ရက်တွင် စတင်လက်ခံမည်ဖြစ်ရာ ပထမအသုတ်အနေဖြင့် စိစစ်ထားပြီးဖြစ်သည့် မူဆလင် ၇၅၀ ဦးနှင့် ဟိန္ဒူဘာသာဝင် ၅၀၀ ဦးတို့အား စတင်လက်ခံရန် စီစဉ်ထားကြောင်း သိရသည်။

ဒေါက်တာ ၀င်းမြတ်အေးက ဆက်လက်ပြောကြားရာတွင် “လက်ခံမှုကို ၂၃ ရက်နေ့စပါမယ်။ မနေ့ကအထိ တော့ သူတို့ဘက်က အကြောင်းပြန်ကြားမှု မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အဆင်သင့်ပြင် ဆင် ထားပါတယ်။ စာရင်းရောက်လာရင် စိစစ်ပြီးလက်ခံမယ်။ ပထမဆုံး လက်ခံရေးစခန်းနှစ်ခုဖြစ်တဲ့ တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းမှာ လက်ခံမယ်။ တညအိပ်ပေါ့။ အဲဒီကမှတဆင့် ကြားစခန်းတခုဖြစ်တဲ့ လှဖိုးခေါင်မှာ ထားမယ်။

ကြားစခန်းလှဖိုးခေါင်မှတဆင့် သူတို့မူလနေထိုင်ခဲ့တဲ့နေရာကို ပြန်ပို့မယ်ပေါ့နော်။ ကြားစခန်းမှာ ဘယ်လောက်ကြာကြာထားမလဲဆိုတာကတော့ သူတို့မူလနေထိုင်ခဲ့တဲ့ ရွာတွေမှာ အိမ်တွေက မီးလောင်ပြင်ဖြစ်နေတယ်။ ဒါကို ပြန်ဆောက်ရမယ်။ ပြန်ဆောက်ပြီးတဲ့အချိန်ထိပေါ့။ ပွင့်လင်းရာသီဖြစ် တာကြောင့် ကြာမယ်လို့တော့ မထင်ပါဘူး။ ပြန်လည်လက်ခံဖို့အတွက် လူစာရင်းကို နှစ်ပိုင်းလုပ်ဆောင် ထားပါတယ်။ (၁) တဖက်နိုင်ငံမှာ ရောက်နေတဲ့ သူတွေက ကျွန်တော်တို့ဆီက ပို့ထားတဲ့ပုံစံတွေဖြည့်ရ ပါမယ်။ မိသားစုပုံစံတွေပေါ့။ ဖြည့်ပြီးရင် ဒီဘက်ကို ပြန်ပို့ရပါမယ်။ သဘောတူထားတဲ့ သူတွေကို အသုတ်လိုက် အသုတ်လိုက်လက်ခံတာဖြစ်ပါတယ်။ (၂) မြန်မာနိုင်ငံဘက်မှာ စိစစ်ပြီးသားရှိရင်လည်း ဒီလူစာရင်းကို တဖက်နိုင်ငံကိုပို့မယ်။ အဲဒီစာရင်းမှာပါတဲ့သူကို ဘင်္ဂလားဒေ့ရှ်အစိုးရက ယာယီဒုက္ခသည် စခန်းမှာရှိနေတဲ့သူတွေကို စာရင်းမှာပါသူတွေကို ပြန်လက်ခံမယ်။ ပြန်ချင်သူရှိပါသလားဆိုပြီး မေးမယ်။ စာရင်းကောက်မယ်။ ပုံစံတွေဖြည့်မယ်။ စာရင်းပြုစုပြီးရင် မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့၊ အဲဒီစာရင်းအတိုင်း အသုတ်လိုက်ခွဲပြီး လက်ခံမှာဖြစ်တယ်။ ဒီလိုမျိုး နှစ်ပိုင်းခွဲထားပါတယ်”ဟု ပြောသည်။

ထွန်း(နေပြည်တော်)
News Watch


0 comments:

Post a Comment