Monday, January 22, 2018

ဖြူးအနီး ၁၃ ကြိမ်မြောက် ငလျင်လှုပ်

ဖြူးမြို့အနီး အနောက်တောင်ဘက် ပဲခူးရိုးမအတွင်းကို ဗဟိုပြု၍ ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၈ မိနစ်က အင်အား ၄ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီး ထိုလှုပ်ခတ်မှုသည် ပြီးခဲ့သော ၁၀ ရက်အတွင်း ၁၃ ကြိမ်မြောက် လှုပ်ခတ်ခြင်းဖြစ်သည်။
ယခုကဲသို့ ငလျင်လှုပ်ခတ်နေခြင်းကို စိုးရိမ်ဖွယ်မရှိသော်လည်း စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောရှိ ပဲခူး တိုင်းဒေသကြီး အရှေ့ခြမ်းမြို့နယ်များအနေနှင့် နှစ်ပေါင်းတစ်ရာလျှင် တစ်ကြိမ် ဖြစ်ပေါ်တတ်သည့် ငလျင် ကို ဂရုပြုရမည်ဖြစ်ကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ခုတလော ဖြစ်ပေါ်နေတဲ့ ဖြူးငလျင်က စစ်ကိုင်းပြတ်ရွေ့မဟုတ်ပါဘူး၊ ပဲခူးရိုးမတစ်ဝိုက်ရှိနေတဲ့ ပြတ်ရွေ့ ငယ်လေးတွေကြောင့်ပါ၊ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကဖြစ်တဲ့ ၆ ဒသမနောက်ပိုင်း အင်အား အသင့်အတင့် လှုပ်နေတဲ့ငလျင်က စိုးရိမ်ဖို့မရှိဘူး”ဟု ၎င်းကပြောသည်။

ဇန်နဝါရီလ ဒုတိယအပတ်ခန့်မှ စတင်ပြီး ဖြူးမြို့၏အနောက်တောင်ဘက် ဗဟိုပြုပြီး အင်အားပြင်း ငလျင်နှင့် အင်အား အသင့်အတင့် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်နေပြီး ဖြူးမြို့ခံများအနေနှင့် အနီးရှိ ဆည်ကြီး အချို့ ကျိုးပေါက်မည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံအချို့က ဆိုသည်။

ဖြူးမြို့ အနောက်တောင်ဘက်၂၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ဇန်နဝါရီလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ဝ၈ မိနစ်ခန့်ကလည်း အင်အားရစ်ခ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး ယခုရက်ပိုင်း ဖြူးအနီးတစ်ဝိုက်တွင် ငလျင် ၁၂ ခု လှုပ်ရှားခဲ့ပြီးဖြစ်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန အချက်အလက်များအရ သိရှိရသည်။

ပြီးခဲ့သည့် ၁၀ ရက်ခန့်က ဖြူးမြို့နယ် အနောက်တောင်ဘက် ၁၇ မိုင်အကွာ ဗဟိုပြု လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာ စကေး ၆ အဆင့်ရှိသည့်ငလျင်ဒဏ်ကြောင့် ပဲခူးတိုင်းအရှေ့ခြမ်းရှိ ဆည် ၇ ခု ထိခိုက် ပျက်စီးမှုမရှိကြောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းက အဆိုပါနေ့က ထုတ်ပြန်ခဲ့သည်။

ပဲခူးတိုင်းရှေ့ခြမ်းထဲတွင် စစ်တောင်းမြစ်ဝှမ်း စီမံကိန်းထဲပါရှိသည့် ဆည်ပေါင်း ဆယ်ခုရှိနေပြီး အင်အား အနည်းငယ်ရှိသည့် ငလျင်ဖြစ်သော်လည်း တမံများ၊ ရေယူ အဆောက်အအုံများ၊ Switchyard များနှင့် ဝန်ထမ်းအိမ်ရာနှင့် ဆက်စပ် အဆောက်အအုံများ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု ယိုယွင်းမှု မရှိပါကြောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းက ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများက စိုးရိမ်နေကြသည်။

The Voice

0 comments:

Post a Comment