Tuesday, January 23, 2018

ကဘူးလ်ဟိုတယ် တိုက်ခိုက်မှုမှာ ၎င်းတို့ လက်ချက်ဟု တာလီဘန်အဖွဲ့ ကြေညာ


ကဘူးလ်မြို့တော်မှ ဟိုတယ်ကို စီးနင်းတိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အာဖဂန်နစ္စတန် ရှိ တာလီဘန် စစ်သွေးကြွ အဖွဲ့က ကြေညာခဲ့သည်။
ဇန်နဝါရီ ၂၀ ညနေပိုင်းက စတင်ခဲ့သည့် ဟိုတယ် စီးနင်းမှုသည် ၁၂ ကျော် ကြာမြင့်ပြီးမှ ပြီးဆုံးခဲ့ကြောင်း အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်များက ထုတ်ပြန်သည်။ စစ်တပ်ယူနီဖောင်း ဝတ်ဆင်ထားသည့် သေနတ် သမားများက ကဘူးလ်ရှိ အင်တာကွန်တီနန်တယ်လ် ဟိုတယ်ထဲ ဝင်ရောက်လာကာ နိုင်ငံခြားသား ဧည့်သည်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အာဖဂန် ကျန်းမာရေး ဝန်ကြီးဌာနက ဟိုတယ်စီးနင်းခံရမှုအတွင်း သေဆုံးသူ အရေအတွက် အနည်းဆုံး ၂၂ ဦး ရှိကြောင်း ထုတ်ပြန်သော်လည်း Tolo သတင်းဌာနကမူ အသေအပျောက် ပမာဏမှာ ၄၃ ဦးထိ မြင့်တက်နိုင်ကြောင်း ဖော်ပြခဲ့သည်။

အင်တာကွန်တီနန်တယ်လ် ဟိုတယ်ကို အကြမ်းဖက်သမားများက စီးနင်းပြီး သေနတ်များ၊ လက်ပစ်ဗုံး များဖြင့် တိုက်ခိုက်နေချိန်၌ လူပေါင်း ၁၆၀ မျှကို ကယ်ထုတ်ခဲ့ရသည်။ မျက်မြင်များက သေနတ်သမားများ သည် လက်နက်ငယ်များအပြင် ပခုံးထမ်း လောင်ချာများပါ သယ်ဆောင်လာကြောင်း ဆိုသည်။

ဟိုတယ် အဆောက်အအုံထဲ ဝင်ရောက်တိုက်ခိုက်သည့် သေနတ်သမား ၆ ဦးစလုံးကို အာဖဂန် ကွန်မန်ဒို များက ရှင်းလင်း သုတ်သင်နိုင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ အာဏာပိုင်များကမူ ဖြစ်စဉ် အသေးစိတ်ကို ထုတ်ပြန် ကြေညာမှု မရှိသေးချေ။

အင်တာကွန်တီနန်တယ်လ် ဟိုတယ်၏ လုံခြုံရေး ကဏ္ဍကို ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်က ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုသို့ လွှဲအပ် လုပ်ကိုင်စေခဲ့ခြင်းက ယခုလို လုံခြုံရေးစည်း ကျိုးပေါက်သည့် အခြေအနေမျိုးသို့ ဦးတည်သွားစေကြောင်း အစိုးရက ဝန်ခံထားသည်။

တာလီဘန်တို့က အင်တာကွန်တီနန်တယ်လ် ဟိုတယ်ကို တိုက်ခိုက်ရန်အတွက် ၎င်းတို့၏ တပ်သားများကို စေလွှတ်ခဲ့ခြင်းဟု ယခုသီတင်းပတ်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ တာလီဘန် စစ်သွေးကြွများသည် ၂၀၁၁ ကလည်း အဆိုပါ ဟိုတယ်ကိုပင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ဖူးသည်။

ကဘူးလ်တွင် ထရပ်ကား ဗုံးကွဲမှု တစ်ခုကြောင့် လူ ၁၅၀ သေဆုံးသည့် မေလကတည်းက လုံခြုံရေးကို တင်းကျပ်ထားသည့်တိုင် ယခုလို ဟိုတယ်စီးနင်းခံရမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် လကလည်း ရှီးဟိုက် မွတ်ဆလင် ယဉ်ကျေးမှု စင်တာတစ်ခုတွင် ဗုံးကွဲမှု ဖြစ်ပွားပြီး လူ ၄၀ ကျော် သေဆုံးခဲ့သည်။

Ref: BBC
7Day

0 comments:

Post a Comment