Tuesday, January 23, 2018

ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်လက်ခံရေးစခန်းနှစ်ခု မောင်တော၌ စဖွင့်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော ဒုက္ခသည်များကို ပြန်လည်လက်ခံမည့် မောင်တောမြို့ နယ် ငါးခူရစခန်းနှင့် တောင်ပြို (လက်ဝဲ) စခန်းနှစ်ခုကို ဇန်နဝါရီ ၂၃ ရက် နံနက်က စတင်ဖွင့်လှစ်ရာ ညနေ ၄ နာရီအထိ ပြန်လာသူမရှိကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီး ဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်မင်းကပြောသည်။
ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၂၃ ရက်တွင် ပြန်လာရန် စီစဉ်ထားမှုမှာ လူဦးရေ စိစစ်ရန်အတွက် အချိန်နှစ်ပတ်ယူရမည်ဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က ရွှေ့ဆိုင်း လိုက်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်တွင် ပြန်လည် လွှဲပြောင်းပေးမည့် စခန်းများ မတည်ဆောက် ရသေးကြောင်း France 24 သတင်းဌာနတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည် ရွှေ့ပြောင်းပေးရေး ကော်မရှင် အကြီးအကဲ အဘူလ်ကလမ်က ပြောကြားသည်။

ယင်းသို့ ဘင်္ဂလားဒေ့ရှ်ဘက်က ရက်ရွှေ့ဆိုင်းသော်လည်း မြန်မာနိုင်ငံဘက်က ပြန်လည် လက်ခံမည့် စခန်းနှစ်ခုကို သတ်မှတ်ရက်တွင် ဖွင့်လှစ်ခဲ့ပြီး စခန်းတစ်ခုတွင် ဝန်ထမ်းအင်အား ၉၀ ခန့် အဆင်သင့် ရောက်ရှိနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်မင်းကပြောသည်။

“ကျွန်တော်တို့ ဝန်ထမ်းတွေတော့ ရောက်နေကြပြီ။ အခု (၄ နာရီကျော်) အချိန်ထိတော့ တစ်ယောက်မှ မရောက်ကြသေးဘူး”ဟု ဦးအောင်မင်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရောက်ရှိကြသည့် အစ္စလာမ် ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များမှာ မိမိဆန္ဒဖြင့် ပြန်လည် ရွှေ့ပြောင်းလာနိုင်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ဖောင်ဖြည့်ရမည့်ပုံစံ စာရင်းများ ပေးပို့ထားကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

“အဲဒီစိစစ်တဲ့ဖောင်တွေကို ပို့ပြီးရင် ကျွန်တော်တို့ဆီကို ပြန်ပို့ရမယ်၊ စိစစ်မယ်၊ ဒီမှာနေခဲ့သူ ဟုတ် မဟုတ်၊ အကြမ်းဖက်နဲ့ ကင်းဝေးရဲ့လားပေါ့၊ အဲဒီလို အစစ အရာရာ စိစစ်ပြီးမှ လက်ခံမှာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ပထမဆုံးအနေနှင့် ပြန်လည် လက်ခံရာ နှစ်နိုင်ငံ သဘောတူညီချက်အရ တစ်နေ့ လူ ၃၀၀ ဦးရေ လက်ခံ မည်ဖြစ်ကြောင်း၊ ယင်းပြန်လည်လက်ခံရေး စခန်းများ၌ ကျွေးမွေးရေး၊ ဆေးကုသရေး လုပ်ငန်းများအ တွက်ပါ လုပ်ဆောင်ထားကြောင်း၊ အဆိုပါ စခန်းနှစ်ခု၌ တစ်ရက် နှစ်ရက်သာ ထားရှိမည်ဖြစ်ပြီး နေရပ်ပြန် မပို့မီကြားစခန်းအဖြစ် လှဖိုးခေါင်ရွာကြားစခန်းမှာ ယာယီ ထားရှိမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

The Voice

0 comments:

Post a Comment