Tuesday, January 23, 2018

မြောက်ဦး ပဋိပက္ခကြောင့် သေနတ်မှန်၍ စစ်တွေဆေးရုံတွင် ဆေးကုနေသူ ၈ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး


မြောက်ဦးပဋိပက္ခကြောင့် သေနတ်မှန်၍ စစ်တွေဆေးရုံတွင် ဆေးကုသနေသူ ၈ ဦးကို ရဲတပ်ဖွဲ့က ယနေ့( ဇန်နဝါရီလ ၂၃ ရက်) နံနက် ၈ နာရီခန့်က လက်ထိပ်ခတ်ဖမ်းဆီးခဲ့ကြောင်း လူနာရှင်၏ မိသားစုဝင်များက ပြောကြားသည်။
ဖမ်ဆီးထာသော လူနာများကို စစ်တွေပြည်သူ့ဆေးရုံရှိ အချုပ်သားများကို ထားသည့် သီးသန့်ဆောင်တွင် ထိန်းသိမ်းထားပြီး လူနာစောင့်များနှင့်လည်း တွေ့ခွင့်မရကြောင်း ကျည်ဆန်ထိမှန်သဖြင့် ဆေးကုသနေ ရသော ကိုသန်းဇော်(၁၉နှစ်)၏ ဖခင်က ပြောသည်။

“ကျနော်တို့ အဓိက လိုချင်တာက လူနာနဲ့ အနီးကပ် ပြုစုစောင့်ရှောက်ခွင့်ရဖို့ လိုချင်တယ်။ လူနာတွေက အခြေအနေ ကောင်းတာမဟုတ်သေးဘူး။ အခုဖမ်းသွားကတည်းက ဆေးကုတာလည်း မရှိသေးဘူး”ဟု ၎င်းက ပြောသည်။

ဇန်နဝါရီလ ၂၂ ရက်မွန်းလွဲပိုင်းက ပြည်နယ်အစိုးရရုံးတွင် မြောက်ဦး ပဋိပက္ခနှင့် ပတ်သက်၍ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပြည်နယ်အစိုးရတွေ့ဆုံခဲ့ကြောင်း၊ မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ ပွဲဖြစ်မြောက်ရေး ကော်မတီမှ ဦးဆောင်သူများနှင့် ပါဝင်သူများကို နိုင်ငံတော် ပုန်ကန်မှုဖြင့် အရေးယူသွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုခဲ့ပြီးနောက်တစ်ရက်တွင် ယင်းသို့ အဖမ်းခံရခြင်းဖြစ်သည်။

အဆိုပါလူနာရှစ်ဦးအနက် ကျောရိုးထဲ ကျည်ဆန်ဝင်ကာ ခွဲစိတ်ကုသရန် အခက်အခဲဖြစ်နေသော အသက် ၁၈ နှစ်အရွယ် ကိုရွှေမောင်၏မိခင် ဒေါ်သိန်းလှညွန့်က သားဖြစ်သူနှင့် တွေ့ခွင့်မရသဖြင့် စိုးရိမ်နေပြီး ကျည်ဒဏ်ရာကို ဆေးမထည့်လိုက်ရကြောင်း ပြောသည်။

The Voice

0 comments:

Post a Comment