Thursday, February 1, 2018

နိုင်ငံသားများ၏ အခွင့်အရေးရှိသကဲ့သို့ တိုင်းရင်းသားများ၏ အခွင့်အရေးကိုလည်း အထူးဂရုပြုဆောင်ရွက်ရမည်ဟု ဝန်ကြီးချုပ် ပြောကြား


မြန်မာနိုင်ငံတွင် နိုင်ငံသားများ၏ အခွင့်အရေးရှိသကဲ့သို့ တိုင်းရင်း သားများ၏ အခွင့်အရေးကိုလည်း အထူး ဂရုပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သည့် ၇၁ ကြိမ်မြောက်မွန်အမျိုးသားနေ့ အခမ်းအနား တွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက် ရေးအတွက် မွန်တိုင်းရင်း သားတွေရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေကို အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်အခွင့်အရေး တွေရှိသလို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကိုလည်း အထူးဂရုပြု ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည် ဆောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ခေတ်ကြီး ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ အချိန်ကာလတစ်ခုဖြစ် ပါတယ်။ ဒီအချိန်ကာလမှာ ကျွန်တော်တို့အားလုံး သွေးစည်းညီညွတ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ညီညွတ်မှုနဲ့ ကျွန်တော်တို့ နိုင်ငံတော်သစ်ကြီးကို ကျွန်တော်တို့ ထူထောင်ကြရမှာ ဖြစ်ပါတယ်" ဟု ဝန်ကြီး ချုပ်ကပြောသည်။

"ကျွန်တော်တို့ နိုင်ငံဟာ နှစ်ပေါင်းများစွာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်း ရေးကဏ္ဍတွေ နယ်ပယ် အသီးသီးမှာ ရုန်းကန် ဆောင်ရွက် ခဲ့ကြရပါတယ်။ ဒီထဲမှာ တိုင်းရင်းသားတွေရဲ့ အခက်အခဲတွေ၊ ကြုံတွေ့ ရတဲ့ ပြဿနာတွေ လွတ်မြောက်မှုတွေ အများကြီး အခက်အခဲကြားကနေ ရုန်းကန်ဖြတ်သန်းခဲ့ကြရတယ်ဆို တာ ကျွန်တော်တို့ နောက်ကြောင်းကို ပြန်ကြည့်လိုက်တဲ့ အခါမှာ တွေ့မြင်နေကြရမှာ ဖြစ်ပါတယ်။

ဒီသမိုင်း တွေဟာ ဖျောက်ဖျက်ပစ်လို့ မရပါဘူး။ မွန်တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ မြန်မာ့မြေပေါ်မှာ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ လွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေ၊ မြန်မာနိုင်ငံရဲ့ ထီးမွေ၊ နန်းမွေ အဆက်ဆက်မှာ မွန်အမျိုးသားတွေရဲ့ တစ်ထီးတစ်နန်း ရပ်တည်ဆောင်ရွက်နိုင်ခဲ့တဲ့ သမိုင်းကြောင်းတွေ ဟာ သမိုင်းတစ်ရပ်အနေနဲ့ အခိုင်အမာ တည်ရှိနေတာပဲ ဖြစ်ပါတယ်" ဟုလည်း ဝန်ကြီးချုပ်ကပြောကြားခဲ့ သည်။

ယင်းအပြင် တိုင်းရင်းသားများအားလုံး ညီညွတ်ပြီး တူညီသည့် မျှော်လင့်ချက်ပန်းတိုင် တစ်ခုအား ကြိုးပမ်းဆောင်ရွက်ကြပါက ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်လာမည်ဖြစ်ပြီး အားလုံး၏ အခွင့်အရေးကို တန်းတူညီမျှ ပေးနိုင်သည့် ဖက်ဒရယ် ပြည်ထောင်စုကြီးလည်း ပေါ်ထွန်းလာမည် ဖြစ်ကြောင်း ဆက်လက်ပြောသည်။

အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်ဖေတင် ဒုဥက္ကဋ္ဌ -၁ မိကွန်ချစ်ချစ်၊ ဒုဥက္ကဋ္ဌ -၂ နိုင်စိုးကြည်၊ ဒုဥက္ကဋ္ဌ-၃ နိုင်မင်းအောင်တို့က ဖဲကိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ နိုင်းငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သော သဝဏ်လွှာအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဖတ်ကြားပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်မှ ပေးပို့သော သဝဏ်လွှာအား အတွင်းရေးမှူး မင်းရာဇာထွဋ်က ဖတ်ကြားခဲ့ကြောင်း သိရသည်။

The Ladies News

 

0 comments:

Post a Comment