ဆေးဝါးစက်ရုံ (အင်းစိန်) မှထုတ်လုပ်သော မြွေဆိပ်ဖြေဆေးများကို ဒေသတွင်းနိုင်ငံများသို့ ရောင်းချနေပြီး လက်ရှိကမ္ဘောဒီးယားနိုင်ငံသို့ မြွေပွေးအဆိပ်ဖြေဆေးအ အေးခဲခြောက် အလုံး ၃၀၀ နှင့် လာအိုနိုင်ငံသို့ မြွေဆိပ်ဖြေဆေးအလုံး ၂၀၀ ကို တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၂၂ တန်ဖိုးဖြင့် တင်ပို့ရောင်းချခဲ့ပြီးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) မှ မြွေဆိပ်ဖြေဆေးများကို ယခုနှစ်မှ စတင်ကာဆေးလုံးရေ တစ်သိန်းထိ တိုးမြှင့်ထုတ်လုပ်ရန် လျာထားဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု အန္တရာယ်အရှိဆုံးမှာ ကျေးလက်နေ တောင်သူလယ်သမားများဖြစ်ပြီး မြွေကိုက်ခံရမှုများတွင် မြွေပွေးကိုက်ခံရသူ အရေအတွက်အများဆုံးဖြစ်ကြောင်း၊ ဆေးဝါးစက်ရုံအနေဖြင့် နှစ်စဉ်မြွေပွေးအဆိပ်ဖြေဆေး ကိုးသောင်း၊ မြွေဟောက်အဆိပ်ဖြေဆေး တစ်သောင်းတို့ကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ဝေးလံခေါင်ဖျားဒေသများနှင့် ကျေးလက်များသို့ ယင်းဆေးများအား ပေးပို့အသုံးပြုရာ၌ အဆင်ပြေစေရန်အတွက် မြွေဆိပ်ဖြေဆေးရည်သာမက သာမန်အခန်းအပူချိန်တွင် သိမ်းဆည်းထားနိုင်သည့် အအေးခဲခြောက်ပုံစံဖြင့်လည်း ထုတ်လုပ်ဖြန့်ချိပေးလျက်ရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် မြွေဆိပ်ဖြေဆေးကို စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်လျက်ရှိပြီး မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရာတွင် အသုံးပြုမည့် မြွေဆိပ်အတွက် လိုအပ်သည့် သုတေသနလုပ်ငန်းများကိုမူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ မြွေဆိပ်သုတေသနလုပ်ငန်းနှင့် မြွေဆိပ်ဖြေဆေး ထုတ်လုပ်ခြင်းဆိုင်ရာနည်း ပညာလုပ်ငန်းများကို ဘရာဇီးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြွေဆိပ်ဖြေဆေး တိုးမြှင့်ထုတ်လုပ်ရေး အဆောက်အအုံကို ၂၀၁၆ ခုနှစ် မေ ၂၀ ရက်တွင် ဆေးဝါးစက်ရုံ (အင်းစိန်) ၌ ဖွင့်လှစ်ခဲ့ပြီး လျှပ်စစ်မီးမရရှိသည့် ကျေးလက်ဒေသများတွင် သာမန်အခန်းအပူချိန်၌ ဆေးသက်တမ်းငါးနှစ်အထိ ထားရှိနိုင်သော အေးခဲခြောက်ပုံစံဖြင့် မြွေဆိပ်ဖြေဆေးများကို ထုတ်လုပ်ခဲ့ကြောင်းနှင့် ထိုးဆေးအမျိုးအစား ၁၀ မျိုးကို တစ်နှစ်လျှင်သန်း၂၀ ထုတ်လုပ်နိုင်သည့် Small Volume Production Plan နှင့်တစ်နှစ်လျှင် ငါးသန်း ထုတ်လုပ်နိုင်သည့် Cephalasporin Injection Plant တို့ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆေးဝါးစက်ရုံ (အင်းစိန်) ၌ လည်းကောင်း၊ Povidine (အနာကျက်ဆေးရည်) ထုတ်လုပ်သည့် အဆောက်အအုံသစ်ကို ဆေးဝါးစက်ရုံ (အင်ရောင်း)တွင် ၂၀၁၈ ခုနှစ် မတ်၂၀ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြွေဆိပ်ဖြေဆေးများကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ကမ္ဘောဒီးယားနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပြီး လက်ရှိတွင် လာအိုနိုင်ငံသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သော ဆေးဝါး ၁၆ မျိုးကို အယ်လ်ဂ်ျဂျီးရီးယားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ်များကို ထပ်မံတိုးချဲ့ထုတ်လုပ်မည်ဖြစ်ရာ ကျပ် ၅၀ ဘီလျံတန်ဖိုးရှိ ဆေးဝါးများကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဆေးပြား၊ ဆေးတောင့်အမျိုးမျိုး၊ ဆေးဆီ၊ ဆေးရည်အမျိုးမျိုး၊ ထိုးဆေးနှင့် သွေးကြောသွင်း ဆေးရည်အမျိုးမျိုးအပြင် မြွေဆိပ်ဖြေဆေး စသည့် ဆေးဝါးထုတ်ကုန် အမျိုးပေါင်း ၁၉၇ မျိုးကို ထုတ်လုပ်နေကြောင်းနှင့် အင်းစိန်ဆေးဝါးစက်ရုံမှာ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်တွင် တည်ရှိပြီး ၁၉၅၈ ခုနှစ် ဧပြီ ၂၃ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ၁၉၆၅ ခုနှစ်မှစတင်ကာ မြွေဆိပ်ဖြေဆေးများကို ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိသဉ္ဇာကျော်
Eleven Media Group
0 comments:
Post a Comment