စင်ကာပူနိုင်ငံတွင်အခြေစိုက်ပြီး ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲ ကျင်းပနေသည့် One Championship မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ကာကွယ်ပွဲတွင် ရွှေခါးပတ်ချန်ပီယံ အောင်လအန်ဆန်း၏ ထိုးဘက်ပြောင်းသွားပြီဖြစ်ကာ ဂျပန် လက်ဝှေ့သမားနှင့် ထိုးသတ်ရတော့မည်ဖြစ်သည်။
ယင်းစိန်ခေါ်ပွဲအတွက် ဘရာဇီး ကစားသမား အက်စ်တိုင်ဒက်စ်နှင့် ထိုးသတ်ရမည်ဖြစ်သော်လည်း ဘရာဇီးကစား သမားအနေနှင့် ဒဏ်ရာ ပြဿနာရှိနေသည့်အတွက် ဂျပန်ကစားသမားနှင့် အစားထိုးလိုက်ရခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ဦးဇေသီဟက ပြောကြားသည်။
ဘရာဇီးကစားသမား အက်စ်တိုင်ဒက်စ်သည် အင်ဒိုနီးရှားနိုင်ငံ၌ မေလ ၁၂ ရက်ကကျင်းပခဲ့သည့်ပွဲတွင် ရွှေခါးပတ်ချန်ပီယံဟောင်း ရုရှားကစားသမား ဗစ်တာ လီဘစ်ဒက်ရှ်ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သူဖြစ်သည်။
အောင်လအန်ဆန်း၏ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကာကွယ်ပွဲကို Sprit of Warrior အမည်ဖြင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ဇွန်လ ၂၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
“ကျွန်တော့်ရဲ့ပြိုင်ဘက် ထွက်ပေါ်လာပါပြီ။ လာမယ့် ဇွန် ၂၉ မှာ ဂျပန်အဆင့်တစ် လက်ဝှေ့သမားတစ်ဦးနဲ့ ထိုးသတ်ပြီး ကျွန်တော့်ရဲ့ ရွှေ ခါးပတ်ကို ကာကွယ်သွားမှာပါ။ ကျွန်တော် အိမ်ကို ပြန်လာရတော့မှာပါ။ ကျွန်တော့်ကို အားပေးနေကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု အောင်လအန်ဆန်းက ၎င်း၏ လူမှုကွန်ရက်မျက်နှာတွင် ရေးသားဖော်ပြထားသည်။
အောင်လအန်ဆန်းကို စိန်ခေါ်ထိုးသတ်ခွင့်ရရှိခဲ့သည့် ဘရာဇီးလက်ဝှေ့သမား အက်တိုင်ဒက်စ် ဒဏ်ရာပြဿနာ ရှိနေသည့်အတွက် ၎င်း၏နေရာတွင် ဂျပန်လက်ဝှေ့သမား ကန်ဟာဆီဂါဝါနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်ဟု One Championship ကလည်း ထုတ်ပြန်ခဲ့သည်။
အသက် ၃၁ နှစ်အရွယ်ရှိ ဟာဆီဂါဝါသည် အရပ် ၅ ပေ ၁၁ လက်မ၊ ကိုယ်အလေးချိန် ၁၈၅ ပေါင်ရှိသူဖြစ်ကာ ပြိုင်ပွဲတစ်လျှောက်တွင် ၁၆ ပွဲနိုင်၊ နှစ်ပွဲရှုံး တစ်ပွဲသရေ ရလဒ်ပိုင်ဆိုင်ထားသူဖြစ်သည်။
အောင်လအန်ဆန်းသည် မစ်ဒယ်ဝိတ်တန်းရွှေခါးပတ်ဆုကို ၂၀၁၇ ခုနှစ် ဇွန်လအတွင်းက ရရှိခဲ့ခြင်းဖြစ်ပြီး ရုရှားလက်ဝှေ့သမား ဗစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့်အနိုင်ရခဲ့သည်။
ယင်းအပြင် လိုက်ဟဲဗီးဝိတ်ရွှေခါးပတ်ဆုကိုလည်း ယခုနှစ်ဖေဖော်ဝါရီလအတွင်းက ဘရာဇီးလက်ဝှေ့သမား မာချာဒိုကို ပထမအချီ ၅၆ စက္ကန့်တွင်ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သောကြောင့် ဝိတ်တန်းနှစ်ခု၏ ရွှေခါးပတ်ချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အောင်လအန်ဆန်းအနေနှင့် အထူးစိန်ခေါ်ပွဲအဖြစ် ဟဲဗီးဝိတ်ကစားသမား အလိန်းဂါလာနေးကို စိန်ခေါ်ထိုးသတ်ခဲ့ရာ ပထမအချီတွင်ပင် အနိုင်ရခဲ့သည်။
The Voice
0 comments:
Post a Comment