မြန်မာနိုင်ငံမှ ပြန်လည်လက်ခံနိုင်မည့် ဘင်္ဂါလီဦးရေ ၁၁၀၀ ခန့်စာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ မေလ ၁၇ ရက်က ပေးပို့ထားသော်လည်း ၅ ရက်ကြာသည်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောသည်။
အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးခဲ့သော ဘင်္ဂါလီများကို နှစ်နိုင်ငံ သဘောတူညီချက်အရ လက်ခံမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်ကို လူ ၈၀၀၀ ကျော် စာရင်းကို ပေးပို့လာသော်လည်း နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ဖြည့်စွက်ရမည့် အချက်အလက်များ မှန်ကန်ခြင်းမရှိကြောင်း သိရသည်။
“သဘောတူထားတဲ့ ပုံစံအတိုင်း မဟုတ်ပေမယ့်လည်း အဲဒီနိုင်ငံက ပေးလိုက်တာဖြစ်တဲ့အတွက် ကိုယ့်ဆီမှာ နဂိုရှိပြီးသား စာရင်းဇယားတွေနဲ့ လဝကက သေသေချာချာ စိစစ်ရတယ်။ အချိန်တွေလည်း ကြန့်ကြာပြီးတော့ လက်ခံနိုင်တဲ့သူတွေ ဒီလူတွေ ဖြစ်တယ်လို့ ပို့လိုက်တာပေါ့။ နေ့တိုင်းလည်း စိစစ်တာရှိတယ်”ဟု ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောသည်။
မြန်မာဘက်မှ ပေးပို့သောစာရင်းတွင်ပါသော ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ကွင်းဆင်းကာ လူတွေ့စိစစ်ခြင်း၊ မိမိသဘောဖြင့် ပြန်လိုခြင်း ဟုတ်မဟုတ်ကို စိစစ်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သို့သော်စိစစ်ခြင်းများနှင့် ပတ်သက်၍ လတ်တလော မကြားမိသေးကြောင်း ၎င်းက ဆိုသည်။
တစ်ဖက်နိုင်ငံမှပြန်လာမည့် ဘင်္ဂါလီများကို လက်ခံနိုင်ရန်အတွက် မောင်တောမြို့နယ် တောင်ပြို (လက်ဝဲ) လက်ခံရေးစခန်းနှင့် တောင်ပိုင်း၌ ငါးခူရလက်ခံရေးစခန်းတို့အပြင် ယာယီနေထိုင်မည့် လှဖိုးခေါင်ကြားစခန်းတို့ ဖွင့်လှစ်ထားကြောင်း၊ သို့သော် နယ်စပ်မျဉ်းပေါ်နေထိုင်ခဲ့သော ဘင်္ဂါလီမိသားစု ၅ ဦးအပြင် မည်သူတစ်ဦးမှ တရားဝင် ဝင်ရောက်လာခြင်း မရှိသေးပေ။
သို့သော်လည်း ငါးခူရ အနီးပတ်ဝန်းကျင်နှင့် တောင်ပြို (လက်ဝဲ) အနီးပတ်ဝန်းကျင်တို့တွင် ရံဖန်ရံခါ ခိုးဝင်လာကြသူများကို ဖမ်းမိကြောင်း၊ ၎င်းတို့ကို လဝက အက်ဥပဒေတို့ဖြင့် အရေးယူလျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားဝင် လက်ခံရေးစခန်းများမှ ပြန်လည်ဝင်ရောက်လာသူများအား NVC ကတ်ထုတ်ပေးမည်ဖြစ်ပြီး မိမိတို့နေထိုင်မည့်ဒေသသို့ သွားရောက်လျှင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်စိစစ်၍ ဧည့်နိုင်ငံသားအဖြစ်လည်းကောင်း၊ ပြုနိုင်ငံသားအဖြစ် လည်းကောင်း၊ နိုင်ငံသားအဖြစ်သော်လည်းကောင်း စသည်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ယင်းအပြင် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသူများထဲတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အမျိုးသား မှတ်ပုံတင်ကတ်ပြားများ ကိုင်ဆောင်ထားသူများ ပါဝင်နိုင်ကြောင်း၊ ထိုအထဲ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများမှ မူလအတိုင်းရှိမည်ဖြစ်ပြီး အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ထားသူများကို NV Card မပေးသော်လည်း ၁၉၈၂ ခုနှစ် ဥပဒေအရ ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သွားသူ စာရင်းကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများက ကျေးရွာများအထိ ကွင်းဆင်းကောက်ယူခဲ့ရာ ၅ သိန်းကျော် ရှိသော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ထွက်ပြေးတိမ်းရှောင်သွားသူ ခုနစ်သိန်းနီးပါးရှိသည်ဟု သိရသည်။
The Voice
0 comments:
Post a Comment