Tuesday, May 1, 2018

'' မြန်မာစာမေးခွန်း ပုံစံသစ်''


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် စတင်အသုံးပြုမည့် မြန်မာစာမေးခွန်း ပုံစံသစ်ကို ပညာရေးဝန်ကြီးဌာနက ယနေ့တွင် အသိပေးထုတ်ပြန်လိုက်ပါသည်။

ထိုမေးခွန်းပုံစံသစ်သည် ကျောင်းသား ကျောင်းသူတို့ သင်ခန်းစာကို နှုတ်တိုက်အလွတ်ကျက်မှတ် ခြင်းထက် သင်ယူလေ့လာဆည်းပူးထား သော သင်ခန်းစာများကို ကိုယ်ပိုင်စဉ်းစား တွေးခေါ်မှု၊ ကိုယ်ပိုင်ရေးသားတင်ပြမှု စွမ်းရည်တို့ဖြင့် ပေါင်းစပ်ကာ ဖြေဆိုနိုင်မည့် ပုံစံသို့ ဦးတည်ပြောင်းလဲထားခြင်း ဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနကပြောသည်။

ထိုသို့ပြောင်းလဲရာတွင် အလုံးစုံ ပြောင်းလဲခြင်းမျိုးမဟုတ်ဘဲ ကျောင်းသား ကျောင်းသူတို့၏ အားသာချက် အားနည်း ချက်၊ ဆရာ ဆရာမများ၏ သင်ကြားမှု အတွေ့အကြုံ၊ စာစစ်အတွေ့အကြုံ၊ မြန်မာစာ ဘာသာရပ်၏ သဘောသဘာဝ၊ ဘာသာရပ် လိုအပ်ချက်တို့အပေါ် အစစအရာရာ ချိန်ထိုးကာ ကျောင်းသား ကျောင်းသူများ နှင့် ဘာသာရပ်တို့အတွက် အသင့်လျော်ဆုံး နှင့် ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်မည့် အပိုင်း ကဏ္ဍအချို့ကိုသာ မွမ်းမံပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

မေးခွန်းပုံစံသစ်ကို ပြောင်းလဲထား သော်လည်း ကျောင်းသား ကျောင်းသူများ လေ့လာသင်ယူရမည့် ပြဋ္ဌာန်းချက်နှင့် သင်ခန်းစာတို့မှာ ပြောင်းလဲခြင်းမရှိပါ။

တက္ကသိုလ်ဝင်တန်း မြန်မာစာဘာသာရပ် အတွက် ပြဋ္ဌာန်းထားသည့်စာအုပ် လေးအုပ် ရှိပါသည်။ ယင်းတို့မှာ မြန်မာသဒ္ဒါအတွဲ(၂) အခန်း(၆)၊ မြန်မာကဗျာလက်ရွေးစင်၊ ပင်ရင်းမြန်မာစကားပြေ လက်ရွေးစင်နှင့် ရေသည်ပြဇာတ်တို့ဖြစ်ပါသည်။ စာစီစာကုံး မှာ ပြဋ္ဌာန်းစာအုပ် သတ်မှတ်မထားသော် လည်း ကျောင်းသား ကျောင်းသူများ လေ့လာ ဆည်းပူးရမည့် သင်ခန်းစာတစ်ခုအဖြစ် ပါဝင်ပါသည်။ ယခုမေးခွန်းပုံစံသစ်တွင် စာစီစာကုံးနှင့်အတူ ကျောင်းသား ကျောင်းသူ တို့၏ ပင်ကိုÓဏ်ရည်Óဏ်သွေးနှင့် အစွမ်းအစကို ဖော်ထုတ်ပြသနိုင်မည့် အဆိုဆွေးနွေးသည့်မေးခွန်းတစ်ပုဒ် ပါဝင် လာမည် ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်တွင် ပြောင်းလဲအသုံးပြု မည့် မြန်မာစာမေးခွန်းပုံစံသစ်ကို ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထိ ကျင့်သုံး ခဲ့သော မေးခွန်းပုံစံနှင့် မေးခွန်းနံပါတ် တစ်ခုစီအလိုက် ဆက်လက်ရှင်းလင်းတင်ပြ သွားပါမည်။
မေးခွန်း နံပါတ် ၁ မေးခွန်း နံပါတ် ၁ တွင် ယခင်က မေးခွန်းပုဒ်ခွဲ (က)၊ (ခ)၊ (ဂ)၊ မေးခွန်းပုဒ်ခွဲ သုံးပုဒ်ပါဝင်ပြီး မေးခွန်းပုံစံသစ်တွင် မေးခွန်း ပုဒ်ခွဲ (က) နှင့် (ခ) နှစ်ပုဒ်သာ ပါဝင်မည် ဖြစ်ပါသည်။ မေးခွန်းနံပါတ် ၁။ (က)သဒ္ဒါ အဓိပ္ပာယ်ဖွင့်ဆိုချက်မေးခွန်းကို ပြောင်းလဲ ခြင်းမပြုပါ။ သို့ရာတွင် ရွေးချယ်ရန်အတွက် ယခင်က ငါးခုပေးသော်လည်း မေးခွန်းပုံစံသစ် တွင် သုံးခုသာ မေးပါမည်။

ယခင် မေးခွန်းနံပါတ် ၁။ (ခ)သည် ပေးထားသော စကားလုံးများကို သဒ္ဒါအမျိုး အစား ဖော်ပြစေသောမေးခွန်း ဖြစ်ပါသည်။ ခြောက်ခုမေး၍ လေးခုဖြေဆိုရပါသည်။ မေးခွန်းနံပါတ် ၁။ (ဂ) တွင်ပေးထားသော စကားလုံးကို ဝါကျတွင် သုံးပြစေခြင်း ဖြစ်ပါ သည်။ ငါးခုမေးပြီး သုံးခုဖြေဆိုရပါသည်။

ပြောင်းလဲသည့် မေးခွန်းပုံစံသစ်တွင် မေးခွန်းနံပါတ် ၁။ (ခ) နှင့် ၁။ (ဂ) သဘော တရားနှစ်ခုကို ပေါင်းစပ်ကာ ၁။ (ခ)တစ်ပုဒ် တည်းအဖြစ် သဒ္ဒါလက်တွေ့လေ့ကျင့်ခန်း အမျိုးမျိုးကို မေးမြန်းနိုင်ရန် ပြောင်းလဲထား ပါသည်။

မြန်မာသဒ္ဒါ ပြဋ္ဌာန်းချက်ပါ သင်ခန်းစာအသီးသီးမှ ကျောင်းသား ကျောင်းသူ များ အမှန်တကယ် နားလည်ဖြေဆိုနိုင်မည့် လက်တွေ့လေ့ကျင့်ခန်းအမျိုးမျိုးကို မေးမြန်း မည်ဖြစ်ပါသည်။

ယခင်က ၁။ (ခ) သည် သဒ္ဒါစကားလုံးများပေးထားပြီး သဒ္ဒါအမျိုး အစားကို ဖော်ပြစေခြင်းဖြစ်သည်။ ၁။ (ဂ) သည် ပေးထားသော သဒ္ဒါစကားလုံးကို သဒ္ဒါ မှန်စွာ ဝါကျဖွဲ့စေခြင်းဖြစ်သည်။ ပြောင်းလဲ သည့်မေးခွန်းတွင် ၁။ (ခ) နှင့် ၁။ (ဂ) သဘောတရားနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။

မြန်မာသဒ္ဒါကို ကောင်းစွာ နားလည်သဘောပေါက်ပြီး ပြဋ္ဌာန်းစာပါ လေ့ကျင့်ခန်းများကို မှန်မှန်လေ့ကျင့်ထားပါက အလွတ်ကျက်မှတ်ရန်မလိုဘဲ အလွယ်တကူ ဖြေဆိုနိုင်မည့် မေးခွန်းပုံစံဖြစ်ပါသည်။

ယခင်က ၁။ (ခ) လေးမှတ်ပေးသည့် မေးခွန်းနှင့် ၁။ (ဂ) ခြောက်မှတ်ပေးသည့် မေးခွန်း ပုဒ်ခွဲနှစ်ခုကို ပေါင်းစပ်ကာ ၁။ (ခ) ၁၀ မှတ်ပေးသည့် မေးခွန်းအဖြစ် စုစည်း လိုက်သည့်အတွက် သဒ္ဒါစကားလုံးနှင့် သဒ္ဒါ အမျိုးအစားမေးခွန်းသာမက သဒ္ဒါစကားလုံး ဖွဲ့စည်းရေးသားစေခြင်း (ဥပမာ - ပေါင်းစပ် နာမ်စကားလုံး၊ ပေါင်းစပ်ကြိယာစကားလုံး၊ ကြိယာဝိသေသနစကားလုံး ဖန်တီးရေးသား စေခြင်း)၊ ဝါကျတွင်း ပုဒ်အထားအသို ပြင်ဆင် ရေးဖွဲ့စေခြင်း၊ ပေးထားသောဝါကျတွင် ဆီလျော်သောသဒ္ဒါစကားလုံး ဖြည့်စွက် ရေးသားစေခြင်း စသည့် သဒ္ဒါလေ့ကျင့်ခန်း မေးခွန်းအမျိုးမျိုးကို တိုးချဲ့မေးမြန်းနိုင်မည် ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်အထိ ကျင့်သုံးခဲ့သော မေးခွန်းနှင့် နှိုင်းယှဉ်ပါက မေးခွန်းပုံစံသစ်သည် ၁။ (ခ) သဒ္ဒါမေးခွန်းများတွင် သဒ္ဒါကို အလွတ်ကျက်မှတ်ခြင်းထက် သဒ္ဒါအကြောင်း နားလည်သဘောပေါက်ပြီး မှန်ကန်စွာ လက်တွေ့ရေးသားအသုံးပြုနိုင်သည့် မေးခွန်း မျိုးကို ပြောင်းလဲသွားမည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများ လက်တွေ့ဘဝတွင် မြန်မာစာ မှန်ကန်စွာ ရေးသားအသုံးပြုနိုင်မှုအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါသည်။

မေးခွန်းနံပါတ် ၂ တွင် မေးခွန်း ပုဒ်ခွဲ သုံးပုဒ် ပါဝင်ပါသည်။ ပုဒ်ရေအရေအတွက် အပြောင်းအလဲမရှိပါ။

မေးခွန်းနံပါတ် ၂။ (က) သည် ခက်ဆစ် ဖွင့်ဆိုခိုင်းခြင်း ဖြစ်ပါသည်။ မေးခွန်းပုံစံ အပြောင်းအလဲမရှိသော်လည်း ရွေးချယ်ရန် ပေးသည့် စကားလုံး ရှစ်ခုအစား စကားလုံး ခုနစ်ခုပြောင်းလဲပါမည်။ ကဗျာ၊ စကားပြေနှင့် ရေသည်ပြဇာတ်ပြဋ္ဌာန်းစာအုပ်များတွင် အနက် ဖွင့်ဆိုပေးထားသော ဝေါဟာရများ၏ အနက် အဓိပ္ပာယ်ကို သိရှိခြင်း ရှိ၊ မရှိ စစ်ဆေးသည့် မေးခွန်း ဖြစ်ပါသည်။

မေးခွန်းနံပါတ် ၂ မေးခွန်းနံပါတ် ၂။ (ခ) တွင် လက်ရှိ စစ်မေးလျက်ရှိသောပုံစံမှာ ပေးထားသည့် ဝေါဟာရကို ဝါကျအသီးသီးတွင် အသုံးပြု စေခြင်း ဖြစ်ပါသည်။ အဆိုပါမေးခွန်းအစား လက်ရှိတွင် ကျောင်းသား ကျောင်းသူများ၏ အားနည်းချက်ဖြစ်နေသည့် စာလုံးပေါင်း သတ်ပုံ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက် အမှား အမှန် စကားလုံးအတွဲတွင် စာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်စေခြင်းကို ပြောင်းလဲစစ်မေးပါမည်။

မြန်မာစာအရေး အသားအခြေခံတွင် စာလုံးပေါင်းသတ်ပုံ မှန်ကန်ရေးသည် အဓိကကျသည့်အလျောက် ဤမေးခွန်းသည် မြန်မာစာအခြေခံ မှန်ကန် ရေးအတွက် လေ့ကျင့်ဖြည့်ဆည်းပေးခြင်း ဖြစ်ပါသည်။ 

စာလုံးပေါင်းသတ်ပုံမေးရာတွင် ပြဋ္ဌာန်းစာအုပ်များပါ ဝေါဟာရများကို အခြေခံ၍ တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသား ကျောင်းသူတို့ သိသင့်သိထိုက် သည့် စာလုံးပေါင်းများကို ရွေးချယ်စစ်မေးမည် ဖြစ်ပါသည်။

ကျောင်းသား ကျောင်းသူများ အနေဖြင့် မြန်မာဝေါဟာရများ၏ စာလုံးပေါင်း အမှန်ကို ဂရုတစိုက် မှတ်သားထားပါက အထူးတလည် အလွတ်ကျက်မှတ်နေရန် မလိုဘဲ မှန်ကန်စွာ ဖြေဆိုနိုင်မည့် မေးခွန်းမျိုး ဖြစ်ပါသည်။
မေးခွန်းနံပါတ် ၂။ (ဂ)သည် အလင်္ကာ မေးခြင်းဖြစ်ပါသည်။ လက်ရှိမေးနေသည့် အလင်္ကာမေးခွန်းတွင် ဝေါဟာရများကို အလင်္ကာအမျိုးအမည်ဖော်ပြလျက် ပေးထား ပြီး သက်ဆိုင်ရာသင်ခန်းစာတွင် မည်သို့ သုံးထားကြောင်းနှင့် အဘယ်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း မေးပါသည်။

ပြောင်းလဲမည့်မေးခွန်းပုံစံတွင် အလင်္ကာ အမျိုးအမည်ကို မဖော်ပြတော့ဘဲ ပေးထား သော ဝေါဟာရအသုံးအနှုန်းကို အလင်္ကာ အမျိုးအစားဖော်ပြစေခြင်းနှင့် အဘယ့်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း ဖော်ပြစေခြင်း တို့ကို မေးမြန်းပါမည်။ ဖြေဆိုရာတွင် ပုံစံ တစ်မျိုးမျိုးကို သတ်မှတ်ဖြေဆိုစေခြင်းထက် ကျောင်းသား ကျောင်းသူတို့၏ အမှန်တကယ် နားလည် ဖြေဆိုနိုင်သည့် ဖြေဆိုချက်အပေါ် တွင်သာ အကဲဖြတ်အမှတ်ပေးသွားမည် ဖြစ်ပါသည်။ ပေးထားသော ဝေါဟာရအရေ အတွက်ကိုလည်း ရှစ်ခုမှ ခုနစ်ခုသို့ ပြောင်းလဲ သတ်မှတ်ထားပါသည်။

ပြောင်းလဲအသုံးပြုမည့်မေးခွန်းပုံစံအရ မေးခွန်းနံပါတ် ၂ ဝေါဟာရများကို လေ့လာရာ တွင် ပြဋ္ဌာန်းစာအုပ်များမှ ဝေါဟာရတို့၏ အနက်အဓိပ္ပာယ်ကို သိရှိစေခြင်း၊ မြန်မာ ဝေါဟာရတို့၏ စာလုံးပေါင်းသတ်ပုံ မှန်ကန်မှုကို အလေးထားလာစေခြင်း၊ အလင်္ကာကို အလွတ်ကျက်မှတ်ခြင်းထက် အလင်္ကာ၏ သဘောသဘာဝ နားလည် သဘောပေါက်စွာ ဖြေဆိုနိုင်မှုကို ဦးတည်လာ စေခြင်း စသည့်အကျိုးကျေးဇူးများ ဖြစ်ထွန်း စေမည် ဖြစ်ပါသည်။
မေးခွန်းနံပါတ် ၃ မေးခွန်းနံပါတ် ၃ တွင် မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ်ပါဝင်ပါသည်။ ပုဒ်ရေ အပြောင်းအလဲ မရှိပါ။

နံပါတ် ၃။ (က) မှာ ကဗျာမေးခွန်းတို ဖြစ်ပါသည်။ မေးခွန်းပုံစံ အပြောင်းအလဲ မရှိသော်လည်း မေးမည့်မေးခွန်းကို ပိုမို ကျယ်ပြန့်စေရန် ပြင်ဆင်ထားပါသည်။ ကဗျာစာသား ကောက်နုတ်ချက်အတိုကို ပေးထားပြီး ဆိုလိုရင်းရေးသားစေသည့် မေးခွန်းမျိုး တိုးချဲ့မေးမြန်းသွားမည် ဖြစ်ပါ သည်။ ဖြေဆိုရန်မေးထားသည့် ပုဒ်ရေ အရေအတွက်ကို ရှစ်ပုဒ်မှ ခုနစ်ပုဒ်သို့ ပြောင်းလဲသတ်မှတ်ပါသည်။ ကဗျာမေးခွန်း တိုများကို မေးခွန်းပိုမိုကျယ်ပြန့်လာစေခြင်း ဖြင့် ကျောင်းသား ကျောင်းသူများ၏ ကဗျာ လေ့လာမှုကိုလည်း ပိုမိုကျယ်ပြန့်လာစေ မည်ဖြစ်ပါသည်။ ရွေးချယ်ရန် ပုဒ်ရေကို လျှော့ခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ပိုမိုကြိုးစားလိုစိတ် ဖြစ်လာစေပါမည်။

နံပါတ် ၃။ (ခ) ကဗျာမေးခွန်းရှည် ဖြစ်ပါသည်။ အပြောင်းအလဲမရှိပါ။ ဤမေးခွန်းသည် ကျောင်းသား ကျောင်းသူများ၏ လေ့လာ ကျက်မှတ်မှုအတွက် ပေးမှတ်၏ တစ်ဝက်၊ မိမိကိုယ်ပိုင်အရေးအသား အတင်အပြ စွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျ ဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏ တစ်ဝက် စစ်ဆေးအကဲဖြတ် သည့် မေးခွန်းဖြစ်ပါသည်။

မေးခွန်းနံပါတ် ၄ မေးခွန်းနံပါတ် ၄ တွင် မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ်ပါဝင်ပါသည်။ ပုဒ်ရေအပြောင်းအလဲ မရှိပါ။

နံပါတ် ၄။ (က)မှာ စကားပြေမေးခွန်းတို ဖြစ်ပါသည်။ မေးခွန်းပုံစံလည်း အပြောင်း အလဲမရှိပါ။ သို့ရာတွင် ဖြေဆိုရန် မေးထား သည့် ပုဒ်ရေအရေအတွက်ကို ရှစ်ပုဒ်မှ ခုနစ် ပုဒ်သို့ ပြောင်းလဲသတ်မှတ်ထားပါသည်။ မေးခွန်းနံပါတ် ၄ ။ (ခ) သည် စကားပြေ မေးခွန်းရှည်ဖြစ်ပါသည်။ အပြောင်းအလဲ မရှိပါ။ စကားပြေမေးခွန်းရှည်သည်လည်း ကဗျာမေးခွန်းရှည်ကဲ့သို့ပင် ကျောင်းသား ကျောင်းသူများ၏ လေ့လာကျက်မှတ်မှုအတွက် ပေးမှတ်၏ တစ်ဝက်၊ မိမိကိုယ်ပိုင်အရေးအသား အတင်အပြစွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင် ခွင်ကျဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏တစ်ဝက် စစ်ဆေးအကဲဖြတ်သည့် မေးခွန်းဖြစ်ပါသည်။

မေးခွန်းနံပါတ် ၅ မေးခွန်းနံပါတ် ၅ တွင် မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ်ပါဝင်ပါသည်။ ပုဒ်ရေအပြောင်းအလဲ မရှိပါ။ နံပါတ် ၅။ (က)သည် ရေသည်ပြဇာတ် စကားစပ်မေးခွန်း ဖြစ်ပါသည်။ ယခင် ခုနစ် မှတ်ပေးသည့်မေးခွန်းပုံစံအစား ငါးမှတ်ပေး သည့်မေးခွန်းပုံစံသို့ ပြောင်းလဲသတ်မှတ်ထား ပါသည်။ ဖြေဆိုရာတွင် စကားစပ်ဆိုင်ရာ အချက် ခြောက်ချက်အတွက် သုံးမှတ်၊ ဆိုလို ရင်းကို ရှင်းလင်းရေးသားဖြေဆိုခြင်းအတွက် နှစ်မှတ်သတ်မှတ်ထားရာ ဖြေဆိုရသည့် အချက်အလက်နှင့် အမှတ်ခွဲဝေမှုမှာ ပိုမို ရှင်းလင်းပြတ်သားလာမည်ဖြစ်ပါသည်။

မေးခွန်းနံပါတ် ၅။ (ခ)သည် ရေသည် ပြဇာတ်မေးခွန်းရှည် ဖြစ်ပါသည်။ လက်ရှိ မေးခွန်းတွင် အကြောင်းအရာပိုင်းကိုသာ မေးပြီး ပေးမှတ်မှာ ရှစ်မှတ်ဖြစ်ပါသည်။ ပြောင်းလဲမည့် မေးခွန်းပုံစံတွင် ပြဇာတ် အကြောင်းအရာတစ်ပုဒ်နှင့် ပြဇာတ်အတတ် ပညာ၊ အရေးအသားတစ်ပုဒ်မေးမြန်းပြီး နှစ်သက်ရာကို ရွေးချယ်ဖြေဆိုစေမည် ဖြစ်ပါ သည်။ ပေးမှတ်ကိုလည်း ရှစ်မှတ်အစား ၁၀ မှတ်သို့ ပြောင်းလဲသတ်မှတ်ပါမည်။ ကျောင်းသား ကျောင်းသူများသည် ပြဇာတ် လေ့လာရာတွင် ပြဇာတ်၏ အရေးအသား အတင်အပြနှင့် ပြဇာတ်ဖန်တီးမှုအတတ်ပညာ တို့ကိုလည်း မလွဲမသွေ လေ့လာဆည်းပူးသင့် သည်ဖြစ်ရာ အတတ်ပညာနှင့် အရေးအသား တို့ကိုလည်း ပြဇာတ်မေးခွန်းတွင် ထည့်သွင်း မေးမြန်းသွားမည်ဖြစ်ပါသည်။

ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံအရ မေးခွန်းနံပါတ် ၅ (ခ) ရေသည်ပြဇာတ်မေးခွန်း ရှည်တွင် ပြဇာတ်၏ အကြောင်းအရာသာမက ပြဇာတ်စာပေ၏ သဘောလက္ခဏာများ၊ ပြဇာတ်ဖန်တီးမှု အတတ်ပညာများကို ကျောင်းသား ကျောင်းသူများ ပိုမိုနားလည် သိရှိလာစေမည်ဖြစ်ပြီး ပြဇာတ်လေ့လာရာတွင် ပိုမိုစိတ်ဝင်စားလာမည် ဖြစ်ပါသည်။ ရေသည် ပြဇာတ်မေးခွန်းရှည်၏ သဘောသဘာဝ သည်လည်း ကဗျာမေးခွန်းရှည်နှင့် စကားပြေ မေးခွန်းရှည်တို့ကဲ့သို့ပင် လေ့လာကျက်မှတ်မှု အတွက် ပေးမှတ်၏တစ်ဝက်၊ မိမိကိုယ်ပိုင် အရေးအသား အတင်အပြစွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျ ဖြေဆိုတင်ပြနိုင်မှု အတွက် ပေးမှတ်၏တစ်ဝက် စစ်ဆေး အကဲဖြတ်မည်ဖြစ်ပါသည်။

မေးခွန်းနံပါတ် ၆ မေးခွန်းနံပါတ် ၆ သည် ယခင်က စာစီစာကုံးတစ်မျိုးတည်းကိုသာ ဖြေဆိုရသည့် မေးခွန်း ဖြစ်ပါသည်။ ပေးမှတ်မှာ အမှတ် ၂၀ ဖြစ်ပါသည်။ သုံးပုဒ်မေး၍ တစ်ပုဒ် ဖြေဆို ရပါသည်။ ပြောင်းလဲမည့် မေးခွန်းပုံစံတွင် မေးခွန်းနံပါတ် ၆ ကို (က) နှင့် (ခ) ခွဲ၍ မေးခွန်းပုဒ်ခွဲနှစ်ပုဒ်အဖြစ် ပြင်ဆင်ထားပါ သည်။ ၆။ (က) ကို ၁၀ မှတ်ပေးသည့် စာစီစာကုံး မေးခွန်းအဖြစ်လည်းကောင်း၊ ၆။ (ခ) ကို အဆိုတစ်ခုဆွေးနွေးစေသည့် ၁၀ မှတ်ပေးသော မေးခွန်းအဖြစ် လည်းကောင်း ပြောင်းလဲထားပါသည်။

ယခင်က နံပါတ် ၆ စာစီစာကုံးမေးခွန်း တွင် သုံးပုဒ်ပေး တစ်ပုဒ်ဖြေသတ်မှတ်ခဲ့သော် လည်း ယခုပြောင်းလဲထားသည့် မေးခွန်းပုံစံ ၆။ (က) တွင် နှစ်ပုဒ်ပေး တစ်ပုဒ်ဖြေ အဖြစ် လည်းကောင်း၊ ပုံကြမ်းအချက်အလက်ကို ယခုပုံစံတွင် အချက် ငါးချက်သာပေး၍ အချက်တစ်ချက် နှစ်မှတ်နှုန်းဖြင့် ဖြေဆိုစေရန် လည်းကောင်း၊ စာစီစာကုံးပေးမှတ်ကို အမှတ် ၂၀ အစား ၁၀ မှတ်သို့လည်းကောင်း ပြောင်းလဲသတ်မှတ်ပါသည်။ မေးထားသည့် ပုံကြမ်းအချက်အလက်များကို မိမိ၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းဖြင့် ရေးသားဖြေဆိုရမည် ဖြစ်ပါသည်။ ပုံကြမ်းအချက်အလက်ကို အခြေခံကာ မိမိစိတ်ကူးစိတ်သန်းဖြင့် ရေးသားရမည်ဖြစ်ရာ ပုံကြမ်းအချက်အလက် များကို အခြေမခံဘဲ အလွတ်ကျက်မှတ်ဖြေဆို ပါက အမှတ်မရရှိနိုင်သည့်ပုံစံသို့ ပြောင်းလဲ ထားခြင်း ဖြစ်ပါသည်။ ပေးထားသည့် စာစီစာကုံးနှစ်ပုဒ်တွင် သရုပ်ဖော်နှင့် ဖြစ်စဉ်ပြ ရေးနည်းကိုအခြေခံသည့် ခေါင်းစဉ်တစ်ပုဒ်နှင့် ကြောင်းကျိုးပြနှင့် ဖွင့်ဆိုရှင်းပြရေးနည်းကို အခြေခံသည့် ခေါင်းစဉ်တစ်ပုဒ်ကို မျှ၍ ပေးထားမည်ဖြစ်ပါသည်။
၆။ (ခ) သည် အသစ်ဖြည့်စွက်ထည့်သွင်း ထားသောမေးခွန်းဖြစ်ပါသည်။ ပေးထားသော အဆိုတစ်ရပ်ကို ဆွေးနွေးစေသောမေးခွန်း သည် ကျောင်းသား ကျောင်းသူများ၏ ကိုယ်ပိုင်စဉ်းစားÓဏ်၊ အတွေးအခေါ်၊ ပင်ကို အရည်အသွေး ဖော်ထုတ်ပြသနိုင်သော မေးခွန်းပုံစံဖြစ်ပါသည်။ ဖြေဆိုရာတွင် စာဟန် အရေးအသားဖြင့်သာ ဆွေးနွေးတင်ပြကာ ဖြေဆိုရမည်ဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူတို့၏ ကိုယ်ပိုင်အတွေးအခေါ် စိတ်ကူးစိတ်သန်းကောင်းလျှင် ကောင်း သလောက်၊ အရေးအသားအတင်အပြကောင်း လျှင် ကောင်းသလောက် အမှတ်ရရှိနိုင်မည့် မေးခွန်း ဖြစ်ပါသည်။ ပေးထားသောအဆို မှာလည်း ကျောင်းသား ကျောင်းသူအားလုံး ရင်းနှီးကျွမ်းဝင်မည့် ယေဘုယျကျသော အဆို မျိုးကိုသာ ပေးထားမည်ဖြစ်ပါသည်။ သာဓက အားဖြင့် 
]]နွေရာသီသည် ဆောင်းရာသီထက် ပို၍သာယာလှပသည်}}၊ ]]ကွန်ပျူတာကို အလွန်အကျွံအသုံးပြုခြင်းသည် ကျန်းမာရေး ကို ထိခိုက်စေသည်}}၊ ]]ရေဒီယိုနားထောင်ခြင်း သည် သတင်းစာဖတ်ခြင်းထက် ပို၍အကျိုး ရှိသည်}} စသည့်အကြောင်းအရာမျိုး ဖြစ်ပါ သည်။ အဆိုကို မှန်သည် မှားသည် အဆုံး အဖြတ်ပေးစေခြင်းမျိုးမဟုတ်ဘဲ မိမိအမြင် အတိုင်း၊ မိမိထင်မြင်ယူဆချက်အတိုင်း ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ အကျိုးသင့် အကြောင်းသင့် ဆွေးနွေးတင်ပြရန် ဖြစ်ပါသည်။

ယခင်နံပါတ် ၆ စာစီစာကုံး မေးခွန်း သည် အမှတ် ၂၀ ပေးထားရာ ပေးမှတ်များပြား သည့်အလျောက် စစ်ဆေးအကဲဖြတ်ရာတွင် အမှတ်ကွာဟချက်ကို ကြီးမားစေပါသည်။ ထို့ပြင် ကျောင်းသား ကျောင်းသူများအနေဖြင့် ကိုယ်ပိုင်ရေးသားတင်ပြမှုထက် အလွတ်ကျက် မှတ်မှုကိုသာ အားပြုဖြေဆိုလျက်ရှိကြပါသည်။ ပေးထားသော ပုံကြမ်းအချက်အလက်နှင့် ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ အလွတ် ကျက်မှတ်ထားသည်ကို များများရေးနိုင်လျှင် အမှတ်များများရနိုင်သည်ဟု ထင်မြင်ယူဆ လျက်ရှိကြသည့်အလျောက် ဤမေးခွန်းပုံစံ သည် ကျောင်းသား ကျောင်းသူများ အလွတ် ကျက်မှတ်ဖြေဆိုရန် အားသန်သည့် မေးခွန်း ပုံစံဖြစ်နေပါသည်။ ဤမေးခွန်းပုံစံကို လျှော့ချ ၍ ပုံကြမ်းပါအချက်အလက် ငါးချက်ကိုသာ အခြေခံပြီး ကျောင်းသား ကျောင်းသူများ၏ ကိုယ်ပိုင်အတင်အပြဖြင့် တိတိကျကျဖြေဆို နိုင်မည့် စာစီစာကုံးမေးခွန်းနှင့် ကျောင်းသား ကျောင်းသူတို့၏ ကိုယ်ပိုင်အတွေးအခေါ်၊ စိတ်ကူးစိတ်သန်းဖြင့် ဖြေဆိုနိုင်မည့်အဆို ဆွေးနွေးသည့် မေးခွန်းကို ဖြည့်စွက်လိုက်ခြင်း ဖြင့် ကျောင်းသား ကျောင်းသူတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါသည်။

ယခု ပြောင်းလဲအသုံးပြုမည့်မေးခွန်း ပုံစံသည် အလွတ်ကျက်မှတ်သည့် မေးခွန်း ပုံစံထက် ကျောင်းသား ကျောင်းသူများ၏ ကိုယ်ပိုင်အတွေးအခေါ်နှင့် တစ်နှစ်ပတ်လုံး ပုံမှန်လေ့လာသင်ယူလေ့ကျင့်မှုအပေါ်တွင် အားပြုဖြေဆိုနိုင်မည့် မေးခွန်းပုံစံသို့ ပြောင်းလဲ ထားပါသည်။ ကျောင်းသား ကျောင်းသူများ မြန်မာစာဘာသာရပ်ကို ကောင်းစွာနားလည် သဘောပေါက်ပြီး မှန်ကန်စွာ လက်တွေ့ ရေးသားအသုံးပြုနိုင်သည့် မေးခွန်းပုံစံသို့ ပြောင်းလဲထားသည့်အလျောက် ကျောင်းသား ကျောင်းသူများ လက်တွေ့ဘဝတွင် မြန်မာစာ မှန်ကန်စွာရေးသား အသုံးပြုနိုင်မှုအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။

ယခုမေးခွန်းပုံစံတွင် ကျောင်းသား ကျောင်းသူများ အလွတ်ကျက်မှတ်ဖြေဆိုနိုင် မည့် ရာခိုင်နှုန်းမှာ ၅၀ ရာခိုင်နှုန်း၊ ကျောင်းသား ကျောင်းသူများ တစ်နှစ်ပတ်လုံး လေ့လာဆည်းပူးမှုမှ ရရှိထားသည့် မြန်မာစာ ဆိုင်ရာ အသိပညာနှင့် ကိုယ်ပိုင်တွေးခေါ် စဉ်းစားမှု၊ ကိုယ်ပိုင်အရေးအသား အတင်အပြ စွမ်းရည်တို့ဖြင့် ဖြေဆိုရမည့် ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းတို့ဖြင့် အချိုးညီမျှစွာ ဖွဲ့စည်း ထားပါသည်။

ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံ သစ်သည် ယခင်အသုံးပြုခဲ့သည့် မေးခွန်း ပုံစံ၏ အားသာချက် အားနည်းချက်များ၊ ကျောင်းသား ကျောင်းသူတို့၏ အားသာချက် အားနည်းချက်များ၊ သင်ကြားပို့ချလျက်ရှိကြ သည့် ဆရာ ဆရာမတို့၏ ထိရောက်စွာ သင်ကြားနိုင်ရေး၊ မြန်မာစာဘာသာရပ်၏ သဘောသဘာဝနှင့် အနှစ်သာရ၊ စစ်ဆေး အကဲဖြတ်ရာတွင် ကျောင်းသား ကျောင်းသူ တို့ နစ်နာမှုမရှိစေရေး စသည့်ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်ကာ ပြုပြင်ပြောင်းလဲထား ခြင်းဖြစ်ရာ လေ့လာသင်ယူလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ၊ သင်ကြားသည့် ဆရာ ဆရာမများအတွက် အကျိုးဖြစ်ထွန်း စေမည်သာမက စစ်ဆေးအကဲဖြတ်ရာတွင် အမှတ်ခွဲဝေမှုစနစ် ပို၍ရှင်းလင်းပြတ်သား တိကျမှု ရှိလာမည်ဖြစ်ပါသည်။

ထို့ပြင် ကျောင်းသား ကျောင်းသူများ၏ စဉ်းစား တွေးခေါ်နိုင်စွမ်းထက်မြက်လာမှု၊ မြန်မာစာ ထိရောက်မှန်ကန်စွာ ရေးသားအသုံးချနိုင်မှု စသည့် လက်တွေ့ဘဝအတွက် ပိုမိုအသုံးဝင် မည့် သင်ကြားသင်ယူမှုအခြေအနေများ တိုးတက်ဖြစ်ထွန်းလာစေမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။




Source-ပညာရေးဝန်ကြီးဌာန
Popular News Journal

0 comments:

Post a Comment