Tuesday, May 1, 2018

အမှတ်ပေးချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းအတွက် ဂွါဒီယိုလာကို ညစာကျွေး၍ ဖာဂူဆန် ဂုဏ်ပြု


မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်သည် မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုညစာ တည်ခင်းကျွေးမွေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

မန်စီးတီးသည် ၀က်စ်ဘရွန်းက ၎င်းတို့၏အနီးကပ်ပြိုင်ဘက် မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ချန်ပီယံဖြစ်ခွင့်ကို  ပိုင်ဆိုင်ရရှိသွားခဲ့ခြင်းဖြစ်ပြီး ချန်ပီယံဖြစ်အပြီး ရက်အနည်းငယ်အကြာတွင် ဖာဂူဆန်က ဂွါဒီယိုလာကို ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံလိုက်ခြင်းဖြစ်သည်။

အသက် ၇၆ နှစ်အရွယ်ရှိ ဖာဂူဆန်သည် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်၌ မန်စီးတီးအသင်းကို “ဆူညံလွန်းသည့် အိမ်နီးချင်းများ”ဟု ခေါ်ဆိုသမုတ်ခဲ့ဖူးပြီး ဖာဂူဆန်မှာ နည်းပြဘ၀ကို ကျောခိုင်းလိုက်အပြီးတွင် ယင်းအမြင်ကို ဖျောက်ဖျက်ပစ်လိုက်ကြောင်း၊ ဘောလုံးကို ဖျော်ဖြေမှုရသပေးစွမ်းသည့် ကစားဟန်ဖြင့် ကစားနိုင်သောအသင်းဖြစ်ပါက မည်သည့်အသင်းကိုဖြစ်စေ ချီးကျူးဂုဏ်ပြုလေ့ရှိကြောင်း ၎င်းနှင့်ရင်းနှီးသူများက ပြောကြားသွားခဲ့သည်။

ဖာဂူဆန်သည် ၎င်းအနားယူပြီးပါက ၎င်း၏နေရာကို ဆက်ခံ၍ မန်ယူနည်းပြသစ်အဖြစ် တာဝန်ထမ်းဆောင်ရန် ဂွါဒီယိုလာကို အလွန်အမင်း ခေါ်ယူလိုခဲ့ဖူးပြီး ဖာဂူဆန်မှာ ဂွါဒီယိုလာကို မန်ယူနည်းပြအဖြစ် ခန့်အပ်နိုင်စေရန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့တိုင် သွားရောက်၍ ညစာဖိတ်ကြားကျွေးမွေးကာ စည်းရုံးရေးဆင်းခဲ့ဖူးသေးသည်။

ဖာဂူဆန်သည် လက်ရှိဘောလုံးရာသီတွင် မန်စီးတီးအသင်းပိုင် အီတီဟတ်ဒ်ဘောလုံးကွင်းသို့ သွားရောက်၍ မန်စီးတီး၏ပွဲစဉ်အချို့ကို တက်ရောက်ကြည့်ရှုခဲ့ကာ ဖာဂူဆန်မှာ ဂွါဒီယိုလာ၏ဘောလုံးဒဿနနှင့် ခံယူချက်များကို လေးစားမှုအပြည့်ရှိသူဖြစ်ကြောင်းလည်း ၎င်း၏မိတ်ဆွေများက အသိပေးထားသေးသည်။

The Voice

0 comments:

Post a Comment