Monday, June 4, 2018

ရန်ကုန်မြို့ကို ဂငယ်ပုံစံပတ်မည့် မိုးပျံအမြန်လမ်းသစ်စီမံကိန်း နှစ်ကုန်ပိုင်းတွင် သေချာပေါက်စတင်မည်ဟု ဆို


ရန်ကုန်မြို့ကို ဂငယ်ပုံစံပတ်မည့် အတွင်းပတ်လမ်း(မိုးပျံအမြန်လမ်းသစ်) စီမံကိန်းကို သြဂုတ်လတွင် ဒီဇိုင်းပုံစံထုတ်ပြန်စေမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် စတင်ရန်မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။


ရန်ကုန်မြို့ကို အပြည့်ပတ်မည့် အတွင်းပတ်လမ်းစီမံကိန်း၏ လမ်းကြောင်းကို ကမ်းနားလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းမှ စတင်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဗိုလ်ချုပ်လမ်း၊ အောက်ပုဇွန်တောင်လမ်း၊ ကြက်ဘဲဈေးကိုဖြတ်၍ သံသုမာလမ်းအတိုင်းတက်မည်ဖြစ်ကာ တောင်ဥက္ကလာပဂေါက်ကွင်း၊ မြောက်ဥက္ကလာလမ်းအတိုင်း ဆက်သွားမည်ဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် မင်္ဂလာဒုံစက်မှုဇုန်၊ ခရေပင်လမ်းအတိုင်းပြန်ချိုး၍ ဘုရင့်နောင်လမ်း အတိုင်းဆက်သွားကာ ကွန်ကရစ်လမ်းပိုင်းအစကို ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ “ ဒါက ရန်ကုန်မြို့ကို အပြည့်ပတ်တာ။ မြို့ပြင်ကို ဖောက်ထွက်တဲ့လမ်းက ဒုတိယအဆင့်မှ လုပ်မှာ။ ၈ လပိုင်းဆိုရင် ဒီဇိုင်းပုံက ထွက်ပြီ။ ၁၀ လပိုင်းဆိုရင် ဒီစီမံကိန်းကို ရင်းနှီးမြှုပ်နှံချင်တဲ့ကုမ္ပဏီတွေကို တင်ဒါပုံစံဖြစ်တဲ့ RFP ထုတ်ပေးမယ်။ ရွေးချယ်ပြီးသွားရင် နှစ်ကုန်ပိုင်းမှာ တရားဝင်ကြေညာမယ် ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။ အတွင်းပတ်လမ်းသည် မူလစီစဉ်ထားသည့်ပုံစံမျိုး မဟုတ်တော့ဘဲ ကမ်းနားလမ်း၏ ကွန်တိန်နာလမ်းမပေါ်တွင် မိုးပျံလမ်းမထိုးတော့ဘဲ မြေပြင်အတိုင်းသာ မောင်းနှင်သွားလာစေမည်ဖြစ်သည့်အတွက် အတွင်းပတ်လမ်းသည် မိုးပျံလမ်းအရ ဂငယ်ပုံစံမျိုးဖြစ်လာမည်ဟု ဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း၊ Engineering ပိုင်းဆိုင်ရာကဏ္ဍ၊ ငွေကြေးဆိုင်ရာဘဏ္ဍာရေးကဏ္ဍ၊ စီမံကိန်းတည်ဆောက်ခြင်း၊ စီမံကိန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ကဏ္ဍများအတွက် စီမံကိန်းအတွက် PPP Concession Agreement အရ စိတ်ဝင်စားသော ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများကို ရှာဖွေလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါစီမံအတွက် တင်ဒါပထမအဆင့်ဖြစ်သည့် စိတ်ဝင်စားသည့် ပြည်တွင်းပြည်ပကုမ္ပဏီများကို နိုင်ငံပိုင်သတင်းစာမှတစ်ဆင့်  EOI ခေါ်ယူထားကြောင်း သိရသည်။


စုသက်နှင်း(အကုန်သိသတင်းဌာန)




0 comments:

Post a Comment