Monday, June 4, 2018

တိကျသောတရားဝင်သတ်မှတ်ချက်မရှိခြင်းကြောင့် ကုန်ပစ္စည်းအမှတ်တံဆိပ်လျှောက်ထားရာတွင် အခက်အခဲတွေ့ နေ


မြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေ (IP Law) မပေါ်ပေါက်မီ ကုန်ပစ္စည်းအမှတ်တံဆိပ်လျှောက်ထားရာတွင် အခက်အခဲဖြစ်ပေါ်ခြင်းမှာ တိကျသော တရားဝင်သတ်မှတ်ချက် မရှိခြင်းကြောင့်ဖြစ်ကြောင်း အသိဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းရှင်များအသင်း (Intellectual Property Proprietors' Association- IPPAM) မှ ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်(စစ်တွေ)က ပြောသည်။


ရန်ကုန်မြို့ ရှိ ဆရာစံပလာဇာတွင် မေလ ၂၇ ရက်က ကျင်းပသော SMEs ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အသိဉာဏ်ပစ္စည်း မူပိုင်အခွင့်အရေး Forum ''Trademark and design'' နှင့် စကားဝိုင်းအခမ်းအနား၌ ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ '' အခုကြားနေရတာ ကြယ်ပါရင်လက်မခံဘူးတို့ မြန်မာနိုင်ငံမြေပုံပါရင် လက်မခံဘူးတို့။ ဘယ်အမှတ်တံဆိပ်ပါရင် လက်မခံဘူးဆိုတာ ပြောနေကြတာ ကြားနေရတယ်။။ ဒီအတွက် အမိန့် ကြေညာစာ ထုတ်ထားတာလဲမရှိဘူး။ ဗိုလ်ချုပ်ပုံပါရင် မသုံးရဘူးလို့တော့ သတ်မှတ်ထားတာရှိတယ်။ အဲဒီလို အမိန့်ကြေညာစာ ထုတ်ထားတာ မရှိဘဲ တားမြစ်ခြင်းလုပ်နေတာ မှားနေတယ်လို့ ထင်တယ်။ ဥပဒေထွက်လာရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ တချို့တွေလည်း အဲဒီအမှတ်တွေဆိပ်ပါပေမယ့် ရတဲ့သူ ရနေတယ် '' ဟု ဆိုသည်။ ကုန်ပစ္စည်းအသစ်ထုတ်လုပ်ရန် ကုန်အမှတ်တံဆိပ်လျှောက်ထားရာတွင် အချို့မှာ အလွယ်တကူရရှိနေပြီး အချို့မှာ အခက်အခဲဖြစ်ပေါ်ခြင်းနှင့်ပတ်သက်၍ IP Law မထွက်မီ တိကျသော သတ်မှတ်ချက် ထုတ်ပြန်ထားရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

'' မြန်မာနိုင်ငံက ဒီဥပဒေပေါ်ပေါက်ဖို့ အရင်လုပ်ခဲ့တာ။ ဒါပေမဲ့ နောက်ကျနေတယ်။ နောက်မှလုပ်တဲ့နိုင်ငံတွေတောင် ဥပဒေထွက်လာပြီ '' ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ ဗီယက်နမ်နိုင်ငံတွင် ၂၀၁၄ ခုနှစ်တွင်လည်းကောင်း ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၀၂-၂၀၀၃ ခုနှစ်တွင်လည်းကောင်း လာအိုနိုင်ငံတွင် ၂၀၀၃- ၂၀၀၄ ခုနှစ်တွင်လည်းကောင်း IP Law ထွက်ရှိရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ '' နောက်လာမယ့် တစ်နှစ် တစ်နှစ်ခွဲလောက်ဆို ဥပဒေက ထွက်တော့မှာပါ။ နောက်လာမယ့်လူငယ်တွေ အရမ်းကံကောင်းမှာပါ။ ကိုယ်လုပ်ငန်းတွေမှာ ဒါတွေကို အသုံးပြုနိုင်မှာပါ '' ဟု Shwe Hmi ပရိဘောဂ ကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးဉာဏ်ဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ဥပဒေ ပေါ်ပေါက်ရန် လက်ရှိတွင် အမျိုးသားလွှတ်တော်၌ ဆွေးနွေးလျက်ရှိပြီး ယင်းဥပဒေအတွက် ဆယ်ကြိမ်မြောက်မူကြမ်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment