Monday, June 4, 2018

ဝေဖန်မှုထွက်ပေါ်နေသည့် ဆရာများ၏သင်တန်းပေးမှုသည် အကောင်းဆုံးဖြစ်အောင်သင်ကြားနေခြင်းဟု ဒုညွှန်ချူပ် ပြောကြား


ဒုတိယတန်း သင်ရိုးသစ်ကို ဆရာဆရာမများအား သင်တန်းပေးမှုအပေါ်တွင် လူမှုကွန်ရက်၌ ဗီဒီယိုဖိုင်များ တက်လာပြီးနောက် ဆရာများ၏ ဂုဏ်သိက္ခာအပိုင်းကို ထိခိုက်သည်ဟုဆိုကာ ဝေဖန်ပြောဆိုမှုများရှိရာ ယခုကဲ့သို့ သင်တန်းကို မပေးမဖြစ်ပေးနေရခြင်းဖြစ်ကာ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဟု ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက သတင်းမီဒီယာများသို့ ပြောသည်။

အဆိုပါ သင်ရိုးသစ်သင်တန်းတွင် ဆရာဆရာမများမှ သစ်ရွက်များကို ဘုရင်ပုံစံတို့ဖြင့် သရုပ်ဆောင်ခြင်း ပုလွေမှုတ်ပြခြင်း စသည့်တို့သည် မသင့်လျော်ကြောင်း ၄င်းသင်ရိုးသစ်များမှာ ထူးဆန်းကြောင်း လှုမှုကွန်ရက်တွင် လူအများက ဝေဖန်ရေးသားပြောဆိုသည်ကို တွေ့ရခြင်းဖြစ်သည်။ " ပြောင်းလဲမှု တစ်ခုကို လုပ်တယ်ဆိုရင်လူတွေကို သင်တန်းမပေးလို့ မရဘူး။ အဲဒီလူတွေထဲမှာမှ ပညာရေးဌာနက ဆရာဆရာမတွေကို သင်တန်းမပေးလို့ကို မရဘူး။ သူ့ရဲ့ လမ်းညွှန်မှု သူ့ရဲ့ ပြသမှုဟာ ဒီကလေးတွေဆီကို ရောက်သွားတဲ့အတွက်ကြောင့်မို့လို့ ဆရာမကို သင်တန်းပေးကို ပေးရတယ်။ ဒါကြောင့်သင်တန်းတွေကို တကယ်အကုန်ကျခံပြီး ပေးခဲ့တာ။ သင်ရိုးပြောင်းတယ်ဆိုတာလည်း နဂိုအလွတ်ကျက်စနစ်ကို ပပျောက်စေချင်လို့ သင်ရိုးတွေကို အကုန်လုံးချိန်းတာ မဟုတ်ပါဘူး။ သင်ကြားနည်းပုံစံကိုသာ ပြောင်းသွားတာ။ ဒါကြောင့် ဒါဟာအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေပဲ ’’ ဟု ဒေါ်ခင်မာဆွေက ပြောသည်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ KG တက်သော ကလေးငယ်များအတွက် စနစ်သစ်ကို တစ်နှစ်တစ်ခါ ပြောင်းလဲပေးနေခြင်းဖြစ်ပြီး KG ကလေးငယ်များကို စာသင်ခြင်းမဟုတ်ဘဲ ကလေးငယ်များ၏ ဥာဏ်ရည်ကို နှိုးဆွပေးခြင်း ဆော့ကစားခြင်းတို့ဖြင့် စတင်ခြင်းဖြစ်ပြီး ပထမတန်းရောက်မှသာ သင်ကြားခြင်းကို စတင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆရာဆရာမများအား စနစ်သစ်ပြောင်းလဲသော ပညာရေးအရ အနုပညာစသည့် ဘာသာရပ်အတွက်သင်ကြားသော်လည်း ဆရာဂုဏ်သိက္ခာအရ လူအမြင်မသင့်လျော်သည့် အပြုအမူများဖြင့် သင်ကြားရန် မဖြစ်သင့်ကြောင်း အနုပညာအတွက် သင်ကြားရန် အနုပညာကျောင်းမှ သင်တန်းဆင်းသောသူများကိုသာ သင်ကြားခိုင်းရန်သင့်ကြောင်း ပညာရေးဌာနမှ အငြိမ်းစားအရာထမ်း ဆရာဦးကြည်သန်းက ဆိုသည်။

အကုန်သိသတင်းဌာန
Monday, June 4, 2018

0 comments:

Post a Comment