Monday, June 4, 2018

ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေးတွင် နာမည်ကြီးအနုပညာရှင်များပူးပေါင်းပါဝင်


ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေးအမျိုးသားအဆင့် အများပြည်သူအသိပညာပေးမှု အစီအစဉ်တွင် နိုင်ငံကျော် အနုပညာရှင်များဖြစ်သောအကယ်ဒမီများဆုရှင် ဒေါ်ဆွေဇင်ထိုက်၊ တေးသံရှင် ဇွဲပြည့်၊ ဒီဇိုင်နာမပုံ့၊ အလှအအပရေးရာဖန်တီးရှင် မကြီးစန်းနှင့် မော်ဒယ်သရုပ်ဆောင် မြနှင်းရည်လွင်တို့ကပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။
ယင်းအနုပညာရှင်များပါဝင်သရုပ်ဆောင်ထားသည့် ရုပ်သံဗီဒီယိုငါးကားသည် ပလတ်စတစ်ညစ်ညမ်းမှုနှင့် ဆိုးကျိုးများအကြောင်းကိုအများပြည်သူများအကျယ်တဝင့် သိရှိစေရန် တင်ဆက်ပြသထား၍ ထိုဗီဒီယိုဇာတ်လမ်းတိုများသည် ဥရောပသမဂ္ဂအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် သန့်မြန်မာမှ ဖန်တီးတင်ဆက်ထားခြင်းဖြစ်ကြောင်းသိရသည်။တစ်မိနစ်တာ ကြာမြင့်သောထိုရုပ်သံဗီဒီယိုများတွင် ပလတ်စတစ်များသည် ပတ်ဝန်းကျင်ကိုသာမကလူသားတို့၏ ကျန်းမာရေးကိုလည်းဆိုးရွားစွာထိခိုက်စေခြင်းကိုရှင်းလင်းတင်ပြထားပြီးထိုရုပ်သံဗီဒီယိုများသည် ရန်ကုန်မြို့၏ မတူညီသောနေရာများတွင် ရိုက်ကူးထား၍ မြန်မာနိုင်ငံတွင် နေ့စဉ်နှင့်အမျှ ပြန်လည်အသုံးမပြုနိုင်သောတစ်ခါသုံးပလတ်စတစ်များကိုမည်သည့်နေရာများတွင် မည်မျှအတိုင်းအတာအထိအသုံးပြုနေကြောင်း၊ ၄င်းတို့ကို စွန့်ပစ်သည့်အခါ မည်သည့်နေရာများတွင် အဆုံးသတ်ကြသည်ကိုပုံဖော်ပြသထားကြောင်းသိရသည်။

“ မိတ်ဆွေတို့ရဲ့ အတွေးထဲမှာကမ္ဘာ့ပြဿနာအကြီးကြီးတစ်ခုကိုပြောင်းလဲပစ်ဖို့ မိမိဘာလုပ်နိုင်မှာလဲ၊ မိမိတစ်ဦးတစ်ယောက် ပြောင်းလဲလိုက်လို့ရောဘာများကွာသွားနိုင်မှာလဲလို့ မိတ်ဆွေတို့ တွေးကောင်းတွေးလိမ့်မယ်။ တကယ်တမ်းကပလတ်စတစ် ညစ်ညမ်းမှုကိုအဆုံးသတ်ဖို့ဆိုတာ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ လက်ထဲမှာပဲရှိပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီအပေါ်မှာမူတည်နေပါတယ်။ ကျွန်တော်တို့ရဲ့ အမူအကျင့်တွေ၊ နေ့စဉ်အလေ့အထတွေ၊ မစဉ်းစားမတွေးခေါ်ဘဲသက်သာဖို့ အလွယ်လိုက်ခဲ့တာတွေကိုမပြောင်းလဲမပြင်ဆင်ဘူးဆိုရင် ပလတ်စတစ်ညစ်ညမ်းမှုဆိုတာပျောက်သွားမှာမဟုတ်သလိုပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေနဲ့ ဆက်ပြီးမွန်းကြပ်နေအုံးမှာ ဖြစ်ပါတယ် “ ဟု မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂမှ သံအမတ်ကြီး Mr. Kristian Schmidt က ပြောသည်။

ဥရောပသမဂ္ဂ၏ ပလတ်စတစ် နည်းဗျူဟာဆိုင်ရာအဓိကရည်မှန်းချက်များမှာပလတ်စတစ်သုံးစွဲမှုကို ၂၀၃၀ ခုနှစ်အရောက်တွင် ၉၀ ရာခိုင်နှုန်းအထိလျှော့ချရန် ပလတ်စတစ်ထုတ်ပိုးမှုကိုလည်း ပြန်လည်သုံးစွဲနိုင်သောတဖန်ပြန်လည် ဖန်တီးထုတ်လုပ်နိုင်သောပလတ်စတစ် အမျိုးအစားများကိုသာသုံးစွဲသွားကြရန်နှင့် တစ်ခါသုံးပလတ်စတစ် အသုံးအဆောင်ပစ္စည်း  ၁၀ မျိုးကိုတားမြစ်ပိတ်ပင်သွားရန်ဖြစ်ပြီးထိုအသုံးအဆောင် ပစ္စည်းများထဲတွင် ပလတ်စတစ်ပါဝင်သောပစ္စည်းများဖြစ်သည့် နားကြပ်တံ၊ ဇွန်းခက်ရင်းများ၊ ပန်းကန်များ၊ ဖျော်ရည်ပိုက်များ၊ ပူဖောင်းများ၊ အစားအစာထည့်သည့်ဗူးများ၊ အဖျော်ယမကာထည့်သည့်ခွက်များ၊ ဗူးများ၊ အိတ်များ၊ ဆေးလိပ်အဆီခံ၊ မုန့်ထုတ်သည့်အိတ်ခွံများနှင့် သကြားလုံးခွံများနှင့် တစ်ခါသုံးရေစိုအဝတ်စများပါဝင်ပြီးထိုပစ္စည်းများတွင် ရေရှည်ဆိုးကျိုးမရှိနိုင်မည့် ထုတ်ကုန်ပစ္စည်းများကိုအစားထိုးအသုံးပြုသွားကြရန် ရည်ရွည်ထားကြောင်းသိရသည်။

အောင်သူရိန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment