မြန်မာနိုင်ငံမှ SMEs (အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ) ဖွံ့ဖြိုးတိုးတက်ရန် လျှပ်စစ်၊ ငွေကြေး၊ နည်းပညာထောက်ပံ့မှု စသည့် လိုအပ်ချက်များရှိနေကြောင်း SME လုပ်ငန်း ကျွမ်းကျင်သူများက သုံးသပ် ပြောကြားသည်။
မြန်မာ့စီးပွားရေးတိုးတက်ရန် SME လုပ်ငန်းများဖွံ့ဖြိုးမှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး SME လုပ်ငန်းများ အခွင့်အလမ်းပိုမိုရရှိမှသာလျှင် အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) ဖော်ဆောင်ပါက ယှဉ်ပြိုင်လုပ်ကိုင်နိုင်မည်ဖြစ်ကာ ပြည်သူလူထုအတွက် အလုပ်အကိုင်များဖန်တီးပေးနိုင်မည်ဖြစ်သော်လည်း လိုအပ်ချက်များရှိနေသည့်အပေါ် ယခုကဲ့သို့ ထောက်ပြဝေဖန်ခြင်း ဖြစ်သည်။
“SME လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ လူသားအရင်းအမြစ်ရဲ့ စွမ်းဆောင်ရည် ကျွမ်းကျင်မှုနဲ့ စနစ်ကျမှုများလိုအပ်သလို လျှပ်စစ်၊ ငွေရေးကြေးရေး ၊ တရားမဝင်ကုန်သွယ်မှုပပျောက်ရေးနဲ့ နည်းပညာထောက်ပံ့မှုတို့လည်း လိုအပ်နေပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်ရှိ SME ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းက ပြောသည်။
SME လုပ်ငန်းများတိုးတက်ရန် အားနည်းချက်များ၊ ပျော့ကွက်များရှိနေပြီး ယင်းအရာများကိုတိုင်းပြည်၏ လူငယ်၊လူရွယ်နှင့် အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များမှ ပိုမိုတွေ့ကြုံခံစားနေရကြောင်းကုလသမဂ္ဂ စက်မှု ဖွံ့ဖြိုးရေး အဖွဲ့အစည်း(United Nationals Industrial Development Organization-UNIDO) မှ သုံးသပ်ချက် အရ သိရသည်။
“SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုမှာလွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထဲကစပြီးတော့ ပါဝင်နေတာပါ။ အမျိုးသမီးတွေနဲ့ လူငယ်လုပ်ငန်းရှင်တွေပေါ်မှာအလေးထားပြီးလုပ်ဆောင်ပါတယ်။ မြန်မာနိုင်ငံမှာ လောလောဆယ် SME ဖွံ့ဖြိုးရေးနဲ့ ပတ်သတ်ပြီးမူဝါဒပိုင်းဆိုင်ရာတွေက တချို့ရှိပြီးသားတွေပါတယ်။ ဆက်ပြီးတော့ မူဝါဒပိုင်းဆိုင်ရာမှာလည်းလုပ်ဆောင်စရာတွေ လိုအပ်နေသေးတယ်။ စီးပွားရေးလုပ်ငန်းတွေ ပိုပြီးတိုးတက်လာဖို့၊ လုပ်ငန်းအရွယ်အစားတွေ ကြီးထွားလာအောင်လုပ်ဆောင်ဖို့ လိုသေးတယ်။ ဈေးကွက်ကို လက်လှမ်းမီရရှိဖို့၊ ငွေကြေးအရင်းအနှီးတွေရရှိဖို့အတွက်လည်း လိုအပ်နေသေးတယ်” ဟု ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့အစည်းမှ စက်မှုဖွံ့ဖြိုးရေးကျွမ်းကျင်သူ MatteoLandi က အကုန်သိ သတင်းဌာနသို့ ပြောသည်။
သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)
0 comments:
Post a Comment