Monday, June 4, 2018

ပြည်သူ့လိုအပ်ချက်များကို ဘတ်ဂျက်ထည့်သွင်းမရေးဆွဲနိုင်ခဲ့ဟု စီမံဘဏ္ဍာဝန်ကြီးဝန်ခံ


ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို စီမံကိန်းဘတ်ဂျက်ရေးဆွဲရေးရာမှာ ထည့်သွင်း မရေးဆွဲနိုင်ခဲ့ဘူးလို့ ရန်ကုန်တိုင်းလွှတ်တော်မှာ တိုင်းအစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ အသုံးပြုမယ့် ရသုံး ခန့်မှန်းခြေငွေစာရင်း လျှာထားချက်ထဲမှာ ပြည်သူတွေရဲ့ အမှန်တကယ် လိုအပ်ချက်ဖြစ်တဲ့ စီမံကိန်းလုပ်ငန်းတွေကို ထည့်သွင်းမရေးဆွဲနိုင်ခဲ့ဘူးလို့ ဇွန် ၄ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော် မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဝန်ခံ ပြောဆိုလိုက်တာပါ။

ရန်ကုန်တိုင်းအစိုးရအနေနဲ့ ၂၀၁၈-၁၉ဘဏ္ဍာနှစ်မှာ သုံးစွဲဖို့ ငွေကျပ် ၆၄၈.၈၈ဘီလီယံ လျာထားပါတယ်။ ဒီငွေတွေကိုတော့ ရန်ကုန်တိုင်းအတွင်းက ၄၅ မြို့အတွက် စီမံကိန်း ၈၀၀ ကျော်မှာ သုံးစွဲမှာပါ။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က အသုံးပြုမယ့်ဒီဘက်ဂျက်ငွေတွေဟာ ရှိပြီးသား ပစ္စည်းတွေကို ဘတ်ဂျက်ထပ်မံတောင်းခံထားတာနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော်မှာ ကိုယ်စားလှယ်တွေက ပြင်းထန်စွာ ဝေဖန်ထားပါတယ်။

ကိုယ်စားလှယ်တွေရဲ့ ထောက်ပြမှုတွေထဲမှာ အစိုးရအဖွဲ့က ဝယ်ယူဖို့တင်ပြထားတဲ့ တန်ဖိုးငွေ သိန်း ၁၀၀၀၀ တန်ကြေးရှိ ဖို့စ်ကား ၁၀ စီးနဲ့ မြို့တော်စည်ပင်က ဝယ်ယူဖို့ တင်ပြထားတဲ့ ရုံးသုံးကား ၉၂ စီး ကိစ္စတွေဟာ အမှန်တကယ် လိုအပ်ခြင်းရှိရဲ့လား လို့အစိုးရကို ကိုယ်စားလှယ်တွေက မေးခွန်းထုတ်ထားပါတယ်။

မူလက ဌာန ၂၇ခုကနေ ကျပ်ငွေ ၁၁၈၈ ဘီလီယံကို တောင်းခံခဲ့ပေမယ့် အစိုးရအဖွဲ့က ကျပ် ၄၄၉ ဘီလီယံကို ပြန်ဖြတ်တောက်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment