Monday, June 4, 2018

စည်ပင်အရာရှိအချို့ကိုအရေးယူပေးရေးအတွက် တောင်တွင်းကြီးမှ မကွေးမြို့ စက်ဘီးစီး၍ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်


မကွေးတိုင်းဒေသကြီး တောင်တွင်ကြီးမြို့နေ ဦးစိုးမင်း(ခ) စော်ဘွားကြီးသည် ဇွန်လ ၄ ရက် နံနက် ၅ နာရီခန့်က  တောင်တွင်းကြီးမြို့မှ မကွေးမြို့သို့ စက်ဘီးစီး၍ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။


စည်ပင်ဥပဒေနှင့် လမ်းမကြီးများဥပဒေကို ချိုးဖောက်ထားသော စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးနှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ထားသည့် စည်ပင်အမှုဆောင်အရာရှိတစ်ဦးကို အရေးယူပေးရန် မကွေးတိုင်းဒေသကြီး ဒေါက်တာအောင်မိုးညိုနှင့် စည်ပင်ဝန်ကြီး ဦးဇော်မင်းတို့ထံ တိုင်ကြားထားသော်လည်း ၈ လကျော်သည်အထိ အရေးယူခြင်းမရှိသေးသည့်အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။ “ တိုင်ကြားထားတာ ၈ လကျော်သွားပါပြီ။ သို့သော် ယနေ့အချိန်အထိ အရေးယူပေးခြင်းမရှိတဲ့အတွက် ယခုလို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်ပြီးနောက်ပိုင်းမှာ အရေးယူပေးခြင်းမရှိခဲ့ဘူးဆိုရင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်၊ အမေစုနဲ့ NLD တိုင်ကြားရေးတာဝန်ခံ ဒေါက်တာမျိုးညွန့်တို့ထံကို စာတင်ပြ တိုင်ကြားသွားမှာဖြစ်ပါတယ်။ ဒါကိုမှ အရေးယူပေး ခြင်းမရှိရင်တော့ နေပြည်တော်နဲ့ ရန်ကုန်မှာ ဆက်လက်ဆန္ဒထုတ်ဖော်သွားဖို့အထိ စီစဉ်ထားပါတယ်” ဟု ဦးစိုးမင်း(ခ) စော်ဘွားကြီးက ပြောသည်။

ငြိမ်းချမ်းစွာစုဝေးပြီး စီတန်းလှည့်လည်ခြင်းခွင့်ပြုရန်အတွက် မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ မေလ ၃၀ ရက်နေ့က ခွင့်ပြုမိန့်တောင်ခံခဲ့ကြောင်း ၎င်းက ပြောသည်။ " တိုင်ကြားစာကို အရေးမယူသော မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အလိုမရှိ'၊ 'တိုင်ကြားစာကို အရေးမယူသော စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း အလိုမရှိ " ဟူသော စာသားတို့ပါသည့် ဗီနိုင်း၊ မြန်မာနိုင်ငံတော်အလံတို့ကို စက်ဘီးတွင် တပ်ဆင်ပြီး တောင်တွင်းကြီးမြို့မှ မကွေးမြို့သို့ တစ်ကိုယ်တော် စက်ဘီးစီး၍ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ပြီး လမ်းတစ်လျှောက်ရှိ ကုက္ကိုခွ၊ သစ်ရာကောက်၊ ယင်းဆိပ်တို့တွင် နာရီဝက်ခန့် ရပ်နား၍ ဟောပြောသွားမည်ဖြစ်ကြောင်း၊ ညနေ ၅ နာရီခန့်တွင် ဆန္ဒထုတ်ဖော်ခြင်းပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။



သက်နောင်-မင်းလှ (အကုန်သိသတင်းဌာန)

0 comments:

Post a Comment