Monday, June 4, 2018

ပုဂံဒေသရှိ ပြဿဒ်ကြီး၊ ရွှေဆံတော်အပါအဝင် ရှေးဟောင်းဘုရားငါးဆူကို ခရီးသွားများတက်ရောက်ဖူးမြော်ရန် ပြန်လည်ခွင့်ပြုသွားမည်


၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ပုဂံရှေးဟောင်းဘုရားများပေါ်သို့ တက်ရောက်ဖူးမြော်ခွင့်ကို ပိတ်ထားခဲ့ရာမှ ယခုအခါ ပြဿဒ်ကြီးဘုရားနှင့် ရွှေဆံတော်ဘုရားအပါအဝင် ရှေးဟောင်းဘုရား ငါးဆူကို ခရီးသွားများ တက်ရောက်ဖူးမြော်ခွင့်ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းမှ သိရသည်။


ပုဂံဒေသရှိ ရှေးဟောင်းဘုရားများပေါ်တွင် ဘုရားဖူးဧည့်သည်များ တက်ရောက်ဖူးမျှော်ခြင်းမပြုရန် သတိပေးကြေညာချက်များ ထုတ်ပြန်ထားပြီးနောက်ပိုင်းတွင် ပုဂံဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ၀င်ရောက်မှု အဝင်နည်းခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအနေဖြင့် မန္တလေးတိုင်းဝန်ကြီးချုပ်ထံ စာတင်ထားပြီး ယခုအခါ ပြဿဒ်ကြီးဘုရား၊ ရွှေဆံတော်ဘုရားနှင့် အခြားဘုရားသုံးဆူကိုပါ တက်ရောက်ဖူးမြော်ခွင့် ပြုလိုက်ကြောင်း သိရသည်။ “ အခုနောက်ပိုင်း ပြန်ပြုပြင်ထားတဲ့ ဘုရားတွေကို ခွင့်ပြုထားတယ်။ ရှေးဟောင်းဘုရားတွေတော့ မပါဘူး။ ဒါကိုလည်း သူတို့က ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးပြီးမှ ခွင့်ပြုသွားမယ်လို့ပြောတယ်။ ဘယ်တော့လောက်စပြီး ခွင့်ပြုမလဲဆိုတာကိုတော့ မသိရသေးဘူး ” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။ လက်ရှိတွင် ပုဂံဒေသ၏အထင်ကရဘုရားများဖြစ်သည့် ပြဿဒ်ကြီး၊ ဓမ္မရာဇကာ၊ သဗ္ဗုညုတ၊ ရွှေဆံတော်၊ ဓမ္မရံကြီး၊ ထီးလိုမင်းလို အစရှိသည့် ဘုရားပေါင်းများစွာကို ဖူးမြော်ခွင့်ပိတ်ထားကြောင်း၊ ယင်းသို့ပြုလုပ်ရခြင်းသည် ဘာသာရေးအရသော်လည်းကောင်း၊ ရှေးဟောင်းပုထိုးစေတီများ ကြံ့ခိုင်မှုအားနည်းခြင်းကြောင့်လည်းကောင်း၊ ဘုရားဖူးဧည့်သည်များ၏ အန္တရာယ်အတွက်လည်းကောင်း အစရှိသည့်အချက်များကြောင့် ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ပြန်လည်ခွင့်ပြုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် အတိအကျ မသိရသေးဘူး။ လက်ရှိကတော့ ပုဂံကို ဧည့်အဝင်နည်းနေတယ်။ နှစ်တိုင်း ဒီလိုအချိန်ဆိုရင် ဧည့်ဝင်နည်းတက်ပေမယ့် ဒီနှစ်က ပိုပြီး နည်းတယ် ” ဟု ပုဂံဇုန်ဥက္ကဋ္ဌ ဦးဇော်ဝိတ်က ပြောသည်။


စုသက်နှင်း (အကုန်သိသတင်းဌာန)

0 comments:

Post a Comment