ရည်ညွှန်းငွေလဲနှုန်းထုတ်ပြန်သည့်အချိန်ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်မှ စတင်ကာ နေ့တစ်နေ့ အတွက် အချက်အလက်အားလုံးရရှိနိုင်သည့်အချိန်ဖြစ်သော ညနေ (၄းဝ၀) နာရီ၌ ပြောင်းလဲထုတ်ပြန် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်သည့် ရည်ညွှန်းငွေလဲလှယ်နှုန်းအား တစ်နေ့တာအတွင်း ဘဏ် အချင်းချင်းနှင့် ၎င်း၏ဆက်သွယ်ဆောင်ရွက်သူများအကြား အရောင်း/အဝယ်ဖြစ်သည့် ပမာဏအပေါ်တွင် ပျမ်းမျှအလေးပေးတွက်ချက်မှုဖြင့် တွက်ချက်သတ်မှတ်မည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ယခုအချိန်တွင် ရည်ညွှန်းငွေလဲလှယ်နှုန်းကို အရောင်း/ အဝယ် နှစ်မျိုးပြု လုပ်သော နိုင်ငံခြားငွေလေလံဈေးကွက် (two-way auction) မှ cut-off rate ဖြင့် အခြေခံသတ်မှတ်ခြင်းကို ကျင့်သုံးနေပြီး ၎င်းစနစ်သည် ၂၀၁၂ ခုနှစ်က နိုင်ငံခြားငွေကြေးဈေးကွက် တိုးတက်မှုအတွက် ပံ့ပိုးပေးရန် စတင်ကျင့်သုံးခဲ့သောစနစ်ဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်က လက်ရှိ နံနက်ပိုင်းတွင် ထုတ်ပြန်သော ရည်ညွှန်းငွေလဲလှယ်နှုန်းအတွက် ကျင့်သုံးနေသော စနစ်မှာ ကုန်ဆုံးခဲ့သောနေ့၏ပျမ်းမျှ အလေးပေး တွက်ချက်ထားသည့်နှုန်းကို အသုံးပြုထားခြင်း ဖြစ်သည့် အတွက် အထူးသဖြင့် ပိတ်ရက်ရှည်များ သို့မဟုတ် သီတင်းပတ်၏ အလုပ်ပိတ်ရက်များ ကုန်ဆုံးပြီး နောက်နေ့ များတွင် လက်ရှိဈေးကွက် ငွေလဲလှယ်နှုန်းနှင့် လိုက်လျောညီထွေ မရှိခြင်းတို့ကို ဖြစ်ပေါ်စေကြောင်း ပြောင်းလဲ အသုံးပြုမည့်စနစ်မှာ တူညီသောနေ့တွင် ရည်ညွှန်းငွေလဲလှယ်နှုန်းကို ထုတ်ပြန်သွားမည်ဖြစ်သောကြောင့် လိုက်လျောညီထွေမှုမရှိခြင်းများကို ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း သိရသည်။
"အရင်ကတော့ မနက်စောစော Option လုပ်ပြီး အဲဒီနှုန်းကို ထုတ်ပြန်တာပေါ့။ အခုကတော့ တစ်နေကုန်လုံး Rate ကိုကြည့်ပြီးမှ ညနေကျမှ ထုတ်ပြန်တဲ့ သဘောပေါ့။ အရင်တုန်းက Option ကိုကြည့်ပြီးမှ ဒီဟာကို ထုတ်ပြန်တဲ့အတွက် တကယ့်ဈေးနဲ့ Option ဈေးနဲ့ ကွာတာပေါ့။ အခုကျတော့ ပိုပြီးအပြင်ဈေးနှုန်းနဲ့ နီးစပ် မှာပေါ့။ တစ်ခုက အရင်တုန်းက ရည်ညွှန်းဈေးနှုန်းကို အပြင်အလုပ်လုပ်တဲ့ ဘဏ်တို့ Money Changer တို့က ဗဟိုဘဏ်ကနှုန်း ကို ကြည့်လို့ရတယ်။ အခုကကြည့်လို့မရတော့ဘူး။ မနေ့ကနှုန်းဘဲကြည့်လို့ရမယ်။ အပြင်မှာပဲ ဖွင့်ရမယ့် သဘောရှိတယ်။ ဘာမှတော့မရှိပါဘူး။ နဂိုတည်းကိုကလည်း ဗဟိုဘဏ်နှုန်းနဲ့ ဒါကတော့ရှိနေတာဘဲ။ ထွေထွေထူးထူးတော့ အများကြီးပြောင်းလဲသွားဖို့မမြင်ပါဘူး" မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) မှ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း ကပြောသည်။
အများပြည်သူအတွက် အချက်အလက်များ တိုးမြှင့်ရရှိနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နေ့စဉ် တွက်ချက်ရရှိသော Nominal Effective Exchange Rate (NEER) နှင့် လစဉ်တွက်ချက်ရရှိသော Real Effective Exchange Rate (REER) အချက်အလက်များကိုပုံမှန်ထုတ်ပြန်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အချိန်တိုအတွင်း ငွေလဲလှယ်နှုန်း တက်ခြင်း/ကျခြင်းကို ကြီးကြီးမားမား မဖြစ် စေရန်နှင့် ဈေးကွက်အတွင်း ငွေလဲလှယ်နှုန်း တက်ခြင်း/ကျခြင်း ကြီးမားစွာဖြစ်ပေါ်ပါက ဗဟိုဘဏ်က အပြောင်းအလဲကြီးမားခြင်းကို လျော့နည်းစေရန် ဆောင်ရွက်သွားမည်ဖြစ်ကာ ထိုသို့ ဆောင်ရွက် သွားမည့် ကိစ္စနှင့် စပ်လျဉ်းပြီး ဗဟိုဘဏ်မှ လိုအပ်သလိုထပ်မံအသိပေး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာကျပ်ငွေဖြင့် အခြားနိုင်ငံခြားသုံးငွေကြေးများ၏ ရည်ညွှန်းငွေလဲလှယ်နှုန်းများကို forex.cbm.gov.mm တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။
Mizzima - News in Burmese
0 comments:
Post a Comment