မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်ကို ကျော်ဖြတ်၍ ပြည်မထဲသို့ ဘင်္ဂါလီ (၁၀) ဦးကို အခကြေးငွေယူ၍ ခိုးသွင်းလာသော ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှ မှူခင်းသတင်းထောက်ဆိုသူကို ဘင်္ဂါလီ (၁၀) ဦးနှင့် အတူ မင်းတုန်းရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၄ ရက် နံနက်အစောပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်း တာမွေမြို့နယ်နေထိုင်သူ မှုခင်းသတင်းထောက်ခင်မောင်ထွန်း (၄၃) နှစ် မောင်းနှင်လာသော ProBox အဖြူရောင်မော်တော်ယာဉ်ကို မင်းတုန်းမြို့နယ် ကန်လည်တံတားရဲကင်းစခန်းတွင် တားဆီးစစ်ဆေးခြင်းဆောင်ရွက်နေစဉ် ၎င်း ProBox မော်တော်ယာဉ်နောက်မှ ကပ်လျှက်ပါလာသည့် Hijet အဖြူရောင်မှန်လုံမော်တော်ယာဉ်သည် ကန်လည်တံတားမောင်းတံအားတိုက်၍ ထွက်ပြေးသွားသဖြင့် ပိတ်ဆို့စစ်ဆေးရေးအဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရကြောင်း သိရသည်။
လိုက်လံဖမ်းဆီးခဲ့ရာတွင် ပုသိမ် - မုံရွာ ကားလမ်း မိုင်တိုင်အမှတ်(၂၀၂ / ၅) နှင့် (၂၀၂ / ၆) ကြား မဲဇလီကျေးရွာအနီးတွင် ကန်လည်တံတားမောင်းတံအား တိုက်ပြေးသွားသည့် မော်တော်ယာဉ်ကို နံနက် ၂ နာရီ ၅ မိနစ်အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သည့် မော်တော်ယာဉ်မှ ယာဉ်မောင်းဖြစ်သူကို စစ်မေးခဲ့ရာတွင် မင်းလှမြို့နယ်၊ ပုသိမ် - မုံရွာကားလမ်း မိုင်တိုင်အမှတ်၂၄၀ အနီးတွင် ခင်မောင်ထွန်းနှင့် အတူပါလာသည့် ဘင်္ဂါလီ ၁၀ ဦးကို အခကြေးငွေယူ၍ တင်ဆောင် မောင်းနှင်လာခြင်းဖြစ်ကြောင်း၊ ကန်လည်တံတားတွင် ခင်မောင်ထွန်း၏ မော်တော်ယာဉ်ကို ပိတ်ဆို့စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးနေသည်ကိုကြောက်လန့်ကာ ဘင်္ဂါလီများကို လမ်းဘေးတောစပ်တွင်ချထားကာ ယခုလိုမောင်းနှင်ထွက်ပြေးလာခြင်းဖြစ်ကြောင်း Hijet ယာဉ်မောင်းဖြစ်သူက ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သက်သေများနှင့်အတူ အနီးတစ်ဝိုက်တောစပ်များကို လိုက်လံရှာဖွေခဲ့ရာ နံနက် ၄ နာရီခွဲအချိန်တွင် ပုသိမ် - မုံရွာလမ်း မိုင်တိုင်အမှတ် (၂၀၆ /၅) နှင့် (၂၀၆/၆) ကြား ကျီးကန်ကျေးရွာအနီး လမ်းအနောက်ဘက် (၁) ဖာလုံခန့်အကွာ၌ ကျောက်တော်မြို့နယ် နေထိုင်သူ အထောက်အထားမဲ့ ဘင်္ဂါလီ (၁၀) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အထောက်အထားမဲ့ ဘင်္ဂါလီ (၁၀) ဦးနှင့်အတူ အခကြေးငွေယူ ခေါ်ဆောင်လာသည့် တာမွေမြို့နယ်နေ မှုခင်းသတင်းထောက်ဆိုသူ ခင်မောင်းထွန်းနှင့် ယာဉ်မောင်း မောင်ညိုတို့ကို မင်းတုန်းရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေပြီး ဆက်စပ်တရားခံများဖမ်းဆီးရမိရေး မြို့နယ် လ.၀.က နှင့် ပူးပေါင်းစစ်ဆေးနေကြောင်း သိရသည်။
သက်နောင် - မင်းလှ(အကုန်သိသတင်းဌာန)
0 comments:
Post a Comment