”တစ်ခုပဲသတိပေးချင်တယ်။ အုပ်ချုပ်ရေးယန္တရားထဲမှာပါတဲ့သူတွေအားလုံးကို သတိပေးချင်ပါတယ်။ ပြည်သူလူထုကိုကတိက၀တ်လွယ်လွယ်နဲ့မပေးပါနဲ့။ ပေးတဲ့ ကတိဆိုတည်ပါစေ၊ ကိုယ်မသေချာဘဲကတိမပေးပါနဲ့၊ လုပ်ပေးမယ်၊ ရမယ်၊ ဖြစ်စေရ မယ်၊ နောင်မဖြစ်မြောက်ရင် ပြည်သူတွေရဲ့ယုံကြည်မှုကို ဆုံးရှုံးရမယ်။ မဖြစ်နိုင်တဲ့ ကိစ္စကို မဖြစ်နိုင်သေးဘူး၊ ဘာကြောင့်မဖြစ်နိုင်သေးသလဲဆိုတာ သေသေချာချာရှင်းပြတာကို ကျွန်မနေနဲ့မှန်ကန်တဲ့လမ်းလို့ တခြားအစိုးရအဖွဲ့ဝင်တွေကို သတိပေးချင်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က တာချီလိတ်မြို့ မြို့တော် ခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက တာချီလိတ်လေဆိပ်၌ ကြိုဆိုနှုတ် ဆက်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် တာချီလိတ်မြို့ မြို့တော် ခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတာချီလိတ်ကို မရောက် တာ နှစ်ပေါင်းတော်တော် ကြာသွားပါပြီ။ မရောက်တာတော်တော်ကြာပြီဆိုပေမယ့် လည်း တခြားအပြောင်းအလဲတွေရှိပေမယ့် ပြည်သူလူထုက နွေးနွေးထွေးထွေးနဲ့ အရင်အတိုင်းပဲကြိုဆိုတဲ့အတွက် ကျွန်မ အင်မတန်မှဝမ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံ မြောက်ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းကို ရောက်ပြီးသွားပါပြီ။ မြောက်ပိုင်းဆိုတာ မကြာခင်က ကချင်ပြည်နယ်ကိုရောက်ခဲ့ပါ တယ်။ နောက်ပြီးတော့ အနောက်ပိုင်းမှာရှိတဲ့ ချင်းပြည်နယ် အခုကျတော့ အရှေ့ပိုင်းမှာ ရှမ်းပြည်နယ်၊ ရှမ်းအရှေ့ပိုင်းကိုရောက်လာတာပါ။
ဒီလိုအရှေ့၊ အနောက်၊ တောင်၊ မြောက် ကျွန်မတို့နိုင်ငံကို သွားတဲ့အခါဘယ်ပဲ သွားသွား ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုကြီးပဲလို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘယ်ပဲသွားသွား ပြည်သူလူထုရဲ့လိုအပ်ချက်တွေက အတူတူပဲ။ ဒါကျွန်မဟိုးအရင် ၁၉၈၈ ခုနှစ်ကစပြီးတော့ နိုင်ငံရေးထဲမှာပါဝင်လာခဲ့တာကနေစပြီး သတိပြုမိပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်မတို့ ပြည်ထောင်စုသူ၊ ပြည်ထောင်စုသားတို့ရဲ့ လိုအပ်ချက်တွေက အတူတူပါပဲ။ အဲဒါကိုမမေ့စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၈၈ ခုနှစ် နိုင်ငံရေးလောကထဲဝင်လာတဲ့အခါကနေစပြီးတော့ ပြည်သူလူထုနဲ့ ထိတွေ့ မှုရှိဖို့ ကြိုးစားပါတယ်။ ကြိုးစားတဲ့အခါကျတော့ ပြည်သူတွေဘာအလိုအပ်ဆုံးလဲဆိုတာ ကျွန်မအမြဲတမ်းမေးပါတယ်။ မေးတဲ့အခါ ဘယ်မှာပဲဖြစ်ဖြစ် အရှေ့၊အနောက်၊တောင်၊ မြောက်နေရာမရွေး ပြည်သူတွေရဲ့လိုအပ်ချက်တွေက အတူတူပဲ၊ တစ်ထပ်တည်းပဲ ဆိုတာကို ကျွန်မသတိပြုမိတယ်။
အထူးသဖြင့်ကျွန်မဟိုတုန်းက ကျိုင်းတုံကိုလာတဲ့အခါ ကျိုင်းတုံက တောင်သူ လယ်သမားတွေနဲ့ ပြောဆိုဆွေးနွေးတဲ့အခါမှာ မြန်မာနိုင်ငံအလယ်ပိုင်းက အညာ ဒေသမှာ တောင်သူလယ်သမားတွေပြောတာနဲ့အတူတူပဲ။ ဘာတွေအလိုအပ်ဆုံးလဲဆို ရင် အားလုံးနံပါတ်တစ်ပြောတာက ရေမရတဲ့နေရာမှာဆိုရေလိုချင်တယ်။ ဒါအင်မတန်မှ အဓိကကျပါတယ်။ ရေကအဓိကကျတဲ့လိုအပ်ချက်ပါ။ ဒုတိယဟာ ရေပြီးရင် လမ်းပန်း ဆက်သွယ်ရေး၊ တတိယဟာလျှပ်စစ်၊ စတုတ္ထဟာပညာရေး၊ ပဉ္စမဟာကျန်းမာရေး ဒီအတိုင်းပဲပြောတယ်။ အဲဒီဟာ တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ဘယ်နေရာသွားသွား မြို့တွေပဲသွားသွား၊ ရွာတွေပဲသွားသွား ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်တွေက ဒါတွေပဲ။ ဒါက ဘာကိုပြသလဲဆိုတော့ ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဖို့လိုသေးတယ်ဆိုတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။
ဒီလို ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းခြင်း၊ လျှပ်စစ်ရရှိခြင်း၊ နောက်ပြီး ပညာရေး၊ ကျန်းမာရေးဘက်မှာ ပြည့်ပြည့်၀၀ဖေးမနိုင်ခြင်းဆိုတာဟာ ဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံတွေမှာ လုပ်နိုင်တဲ့ကိစ္စတွေပါ။ ဒီလို ကျွန်မတို့ရဲ့ ပြည်ထောင်စုသူ၊ ပြည်ထောင်စုသားများအားလုံးဟာ ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုတာကို ထောက်ပြ နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့အစိုးရတာဝန်ယူနေတဲ့ နိုင်ငံအတွက် လိုအပ်ချက်တွေထဲမှာပထမဦးဆုံး လိုအပ်ချက်ကတော့ အမြဲပြောသလို တရားဥပဒေ စိုးမိုးရေး၊ တချို့က တရားဥပဒေစိုးမိုးရေးကို ဘာဖြစ်လို့ထိပ်တန်းကတင်သလဲဆိုတာကို မေးပါတယ်။ တရားဥပဒေစိုးမိုးရေးရှိမှ နောက်ကျွန်မတို့ရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကျွန်မတို့ ရေရှည်တည်တံ့ခိုင်မြဲအောင်လို့ လုပ်ပေးနိုင်မှာပါ။ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆိုင်တဲ့လုပ်ငန်းတွေကို ဖြည့်ဆည်းပေးဖို့ဆိုရင် အားလုံးက၀ိုင်းဝန်းပြီးလုပ်ဖို့လိုပါတယ်။
ငြိမ်းချမ်းရေးဆိုတာလည်း ထိုနည်း၎င်းပါပဲ။ ငြိမ်းချမ်းရေးဆိုတာ အားလုံး ၀ိုင်းဝန်းပြီး လုပ်မှရမယ့်ကိစ္စပါ။ ဖွံ့ဖြိုးရေးဆိုတာလည်း အားလုံးဝိုင်းပြီးလုပ်ရမယ့်ကိစ္စပါ။ အဲဒီအရာတွေရဖို့အတွက် တရားဥပဒေစိုးမိုးဖို့ဆိုတာလည်း ကျွန်မတို့တွေအားလုံး ၀ိုင်းပြီးတော့ လုပ်မှရမယ့်ကိစ္စဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုမရှိရင် နိုင်ငံသူနိုင်ငံသားများဟာ ဘယ်တော့မှ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော လုံခြုံမှုရှိနိုင်မှာ မဟုတ်ပါဘူး။ လုံခြုံမှုမရှိရင် တည်ငြိမ်မှုမရှိနိုင်ဘူး။ တည်ငြိမ်မှုမရှိရင် တိုးတက်မှုမရှိနိုင်ဘူး။ တိုးတက်မှုဆိုတာဟာ ဖွံ့ဖြိုးတိုးတက်ခြင်းကိုပဲ ပြောတာဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်မဘယ်သွားသွား ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုဆိုတာကို မမေ့ပါနဲ့လို့ ထပ်တလဲလဲသတိပေးပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေဟာ မနက်မိုးလင်းတာနဲ့ ငါတို့ဟာပြည်ထောင်စု၊ ငါတို့ဟာပြည်ထောင်စုဆိုတာကို ရွတ်ပြီး တော့ ညအိပ်တဲ့အခါမှာလည်း ငါတို့ဟာပြည်ထောင်စု၊ ငါတို့ဟာပြည်ထောင်စုဆိုတာ ကို ရွတ်ပြီးတော့အိပ်စေချင်ပါတယ်။ အဲဒီပြည်ထောင်စုစိတ်ဓာတ်ကို စွဲစွဲလန်းလန်းဖြစ် အောင်လို့ လုပ်စေချင်ပါတယ်။ ကျွန်မတို့နိုင်ငံမှာဆိုရင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိပါတယ်။ ပြောတဲ့ဘာသာစကားတွေကလည်းစုံတယ်။ ကိုးကွယ်တဲ့ဘာသာတွေ ကလည်းစုံတယ်။ ကိုယ့်ရဲ့ဓလေ့ထုံးစံတွေကလည်းစုံတယ်။ သမိုင်းတွေကလည်း အားလုံးတစ်ထပ်တည်းတော့မဟုတ်ဘူး။ သို့သော်ငြားလည်း ကျွန်မတို့ရဲ့ ခေတ်သစ် နိုင်ငံရေးသမိုင်းမှာတော့ အားလုံးအတွက် အတူတူပါပဲ။
အခုကျွန်မတို့နိုင်ငံဟာလွတ်လပ်ရေးရခဲ့တာ၊ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု အဖြစ် တည်ရှိခဲ့တာဟာဆိုရင် နှစ် ၇၀ ကျော်သွားပါပြီ။ မကြာမီကာလအတွင်းဆိုရင် ၇၅ နှစ်ပြည့်တော့မယ်။ ၇၅ နှစ်ပြည့်တဲ့နှစ်မှာဆိုရင် ကျွန်မတို့နိုင်ငံဟာ နှစ် ၁၀၀ ပြည်ဖို့၊ လွတ်လပ်တဲ့ပြည်ထောင်စုနိုင်ငံအနေနဲ့အနှစ်တစ်ရာပြည့်ဖို့ ၂၅ နှစ်ပဲလိုတော့မှာ ဖြစ်ပါ တယ်။ ဒီလိုအချိန်ရောက်ရင် အားလုံးကစဉ်းစားနေပြီး ဒို့က ဘယ်အချိန်ရောက်နေပြီ လဲ။ ဒို့ရဲ့ရည်ရွယ်ချက်တွေက ဘယ်လောက်ထိအောင်မြင်သလဲဆိုတာ စဉ်းစားဖို့လို ပါပြီ။ သာမန်လူတွေဆိုရင် အသက် ၇၅ နှစ်ရောက်ပြီဆိုရင် ဒါတွေစဉ်းစားဖို့ အချိန် လည်းရောက်လာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အသက် ၇၅ နှစ်ဆိုတာဟာ မငယ်တော့ ဘူး။ တချို့ဆိုရင် အသက် ၇၅ နှစ်အထိနေနိုင်ရင်တောင်မှ ကံကောင်းတယ်လို့ သတ်မှတ်ရတဲ့အခြေအနေမှာရှိပါတယ်။ ပြီးတော့ ကျွန်မတို့ဟာ လူတစ်ယောက်ရဲ့ အသက် ၇၅ နှစ်မှာ ဘယ်လောက်ထိ ကိုယ့်ဆောင်ရွက်ချက်တွေရှိသလဲလို့ သုံးသပ်ဖို့ လိုပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ သမိုင်းမှာလည်း ဒီလိုပဲ သုံးသပ်ရပါမယ်။ ဒီလိုပဲ သုံးသပ်ဖို့ အချိန်ဟာမကြာတော့ပါဘူး။
ကျွန်မတို့ဟာ လူတစ်ယောက်ရဲ့အသက် ၇၅ နှစ်မှာ ဘယ်လောက်ထိ ဆောင်ရွက်ချက်တွေရှိသလဲလို့ သုံးသပ်ပြီးမှ ကျွန်မတို့နိုင်ငံရဲ့ သမိုင်းကိုလည်းဒီလိုပဲ သုံးသပ်ရမယ့်အချိန်ဟာ မကြာတော့ပါဘူး။ အခု ကျွန်မတို့ ၇၅ နှစ်မပြည့်ခင် ကျန်သေး တဲ့အချိန်မှာ အားလုံးစည်းစည်းလုံးလုံးနဲ့ ဒီနိုင်ငံတိုးတက်ဖို့ အတွက် လုပ်စေချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့အတွက် အရေးကြီးဆုံးကတော့ ပြည်သူလူထုရဲ့စိတ်ဓာတ် အင်အားပါပဲ။ ပြည်သူလူထုရဲ့ စိတ်ဓာတ်အင်အားပြည့်စုံမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ဘယ်လိုပြဿနာအခက်အခဲတွေပဲရှိရှိ ကျွန်မတို့ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
ကျွန်မတို့အစိုးရဟာ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်ချင်ပါ တယ်လို့ ကျွန်မတို့ပြောပါတယ်။ ကျွန်မတို့နိုင်ငံနဲ့ အသင့်တော်ဆုံးဖြစ်တယ်လို့ ယူဆ လို့ပဲဖြစ်ပါတယ်။ ဒီနိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ မတူကွဲပြားမှု တွေအပေါ်မှာ ညီညွှတ်မှုကိုတည်ဆောက်ရမယ့် နိုင်ငံအတွက်ဆိုရင် ကျွန်မတို့ဟာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိဖို့လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားဖို့ဆိုတာ အင်မတန်မှအရေးကြီးပါတယ်။ ကိုယ့်လူမျိုးကို ချစ်တာချစ်ပါ၊ ကိုယ့်လူမျိုးကိုချစ်လို့ တခြားလူမျိုးကို မုန်းတယ်ဆိုတာတော့ ဒါကအင်မတန်မှ မှားပါတယ်။ မေတ္တာဆိုတာ မေတ္တာနဲ့ပွားယူလို့ရတယ်။ မေတ္တာကို ဒေါသနဲ့ပွားယူလို့ မရဘူး။ ဒေါသကို မေတ္တာကအောင်မြင်ပါတယ်။ မေတ္တာကိုတော့ ဒေါသကမအောင်မြင် ပါဘူး။ ဒါကြောင့် ကျွန်မတို့ အချင်းချင်မေတ္တာပွားဖို့ အင်မတန်မှ အရေးကြီးပါတယ်လို့ အသိပေးပါရစေ။
အထူးသဖြင့် လူငယ်တွေပါ။ လူငယ်တွေကနေစပြီးတော့ စိတ်ထားမှန်မှန်ထားဖို့ က သိပ်အရေးကြီးပါတယ်။ လူငယ်တွေက လူကြီးတွေနဲ့ယှဉ်လိုက်ရင် အားသာချက် တစ်ခုကဘာလဲဆိုတော့ အတိတ်ရဲ့စိုးမိုးမှုက ပိုပြီးတော့နည်းပါတယ်။ အတိတ်ရဲ့ စိုးမိုးမှုကြောင့် ပစ္စုပ္ပန်နဲ့အနာဂတ်ကို အထိနာသွားတာတွေရှိပါတယ်။ ဒါကြောင့် အတိတ်ဆိုတာကိုတော့ ကျွန်မတို့ မမေ့သင့်ဘူး။ အတိတ်ကဟာကို သင်ခန်းစာယူရ ပါမယ်။ အတိတ်တုန်းက အမှားတွေ၊ ကိုယ့်ရှေ့ကသူတွေရဲ့ အမှားတွေကို ကိုယ်ပြန် ပြီးတော့ မကျူးလွန်ဖို့ဆိုပြီးတော့ လူငယ်တွေကဆင်ခြင်ရမယ်။ ငါတို့ခေတ်မှာ ငါတို့ရဲ့ ဘိုးဘွားတွေပိုပြီးတော့ ငါတို့အကြောင်း စဉ်းစားလိုက်ရင် စိတ်ချမ်းသာနိုင်မယ့်ခေတ် ဖြစ်စေချင်တယ်။ ငါတို့ဘိုးဘွားတွေက မအောင်မြင်ခဲ့တဲ့ ကိစ္စတွေကို ငါတို့အောင်မြင် အောင် လုပ်ပေးဖို့တာဝန်ရှိတယ်ဆိုတဲ့ လုပ်ပေးချင်တဲ့ ဆန္ဒလည်းရှိတယ်ဆိုတဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်နဲ့သာ ကျွန်မတို့လူငယ်တွေ တည်ဆောက်သွားမယ်ဆိုရင် နိုင်ငံရဲ့ အနာဂတ်အတွက် လုံးဝပူပင်ရမှာမဟုတ်ပါဘူး။
ကျွန်မတို့နိုင်ငံဟာ ဒေသတွင်းမှာဆိုရင် တချို့နိုင်ငံတွေနဲ့ယှဉ်ရင် တိုးတက်မှု နည်းတယ်ဆိုတာ လာကြည့်တဲ့သူတွေထက် တာချီလိတ်လိုနေရာမျိုးမှာနေတဲ့ ပြည်သူ ပြည်သားတွေ အသိဆုံးပါ။ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုဆိုတာ အချိန်မရွေးပြုပြင် ပြောင်းလဲလို့ရပါတယ်။ အားလုံးဝိုင်းပြီးတော့လုပ်မယ်ဆိုရင် ပြုပြင်ပြောင်းလဲနိုင်ပါ တယ်။ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေကို လုံးဝယုံကြည်မှုရှိတယ်။ တကယ်တော့ တခြားနိုင်ငံတွေနဲ့ယှဉ်ရင်၊ ကမ္ဘာနဲ့ယှဉ်ရင် ကျွန်မတို့ ပြည်သူပြည်သားတွေက မညံ့ပါဘူး။ ပညာရေးစနစ်အားနည်းမှုကြောင့်မို့ တချို့နေရာတွေမှာနောက်ကျကျန်နေခဲ့ တယ်ဆိုပေမယ့် ကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေက စိတ်ဓာတ် အင်အား၊ လုံ့လ၊ ၀ီရိယတွေနဲ့ ကာယအစွမ်း၊ ဥာဏစွမ်းအားအရဆိုရင် အားငယ်စရာဘာမှမရှိပါဘူး။ ဒါပေမယ့် အစွမ်းတွေက ဘယ်လောက်ပဲရှိရှိ ထုတ်သုံးမှအရာရောက်မှာပါ။ ထုတ်သုံးမှ အကျိုးရှိမှာပါ။ တချို့တွေက ပိုက်ဆံကိုစုတယ်ဆိုတာ ပိုက်ဆံစုပြီးတော့ မသုံးရက် မစားရက်နဲ့ ပိုက်ဆံတွေကိုစုပုံပြီးတော့ သေတ္တာကြီးနဲ့ ထည့်ထားလို့တော့ ဘာမှအကျိုး မရှိဘူး။ ကိုယ်ရတဲ့ပိုက်ဆံနဲ့ ကိုယ့်အကျိုးလည်းရှိအောင်၊ အများအကျိုး လည်းရှိအောင် လုပ်ရမယ်။ ဒီပိုက်ဆံတွေကို ရင်းနှီးနိုင်ရင် ရင်းနှီးရမယ်၊ ပေးကမ်း စွန့်ကြဲသင့်ရင် ပေးကမ်းစွန့်ကြဲရမယ်။ စားသောက်သင့်ရင် စားသောက်ရမယ်။ အသုံးအစွဲမှန်မှ စုထားတဲ့ပိုက်ဆံတွေက တန်ဖိုးရှိမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက လွတ်လပ်ရေးခေါင်းဆောင်ကြီးက ပြောပါတယ်။ ဘဏ်ထဲမှာ ထားတဲ့ပိုက်ဆံက ကိုယ့်ပိုက်ဆံမဟုတ်ဘူး။ သုံးပြီးတဲ့ပိုက်ဆံကသာ ကိုယ့်ပိုက်ဆံ လို့ပြောတယ်။ ပြောချင်တာက ဘဏ်ထဲမှာထားတဲ့ပိုက်ဆံကကိုယ်သုံးနိုင်တဲ့ အခြေ အနေရောက်သလား၊ မရောက်ဘူးလားဆိုတာ ဘယ်သူမှခန့်မှန်းလို့မရဘူး။ ကိုယ်သုံး နိုင်တဲ့အခြေအနေရောက်ချင်မှရောက်မယ်။ ဒီခေါင်းဆောင်ကသူဌေးကြီးပါ။ သူဌေးကြီး က မျိုးရိုးကြောင့်ချမ်းသာတာမဟုတ်ပါဘူး။ သူရဲ့အစွမ်းအစကြောင့် သူကိုယ့်သူချမ်းသာ အောင်လုပ်ခဲ့တဲ့ ရှေ့နေကြီးတစ်ယောက်ပါ။ ဒီလောက်ချမ်းသာ အောင်လုပ်ခဲ့ပေမယ့် ဒီပိုက်ဆံတွေကို မသုံးရက်မစွဲရက်နဲ့ ဘဏ်ထဲမှာထည့်ထားရင် သူတမလွန်ဘ၀ကူး သွားတဲ့အခါကျတော့ ဘယ်သူ့လက်ထဲရောက်မယ်ဆိုတာ သေသေချာချာပြောလို့ရ မှာမဟုတ်ဘူး။ သူ့သားသမီးလက်ထဲရောက်ချင်ရောက်မယ်။ သားသမီးလက်ထဲကနေ ပြီးတော့ တခြားလက်ထဲ ရောက်ချင်ရောက်သွားမယ်။ အဲဒီတော့ သူကပြောတယ်၊ သုံးပြီးသားပိုက်ဆံဟာကိုယ်တကယ်ပိုင်တဲ့ပိုက်ဆံပါ။ ကျွန်မပြောချင်တာက အရည် အချင်းနဲ့အစွမ်းအစတွေဟာ ထုတ်သုံးမှ ကိုယ်ပိုင်တဲ့ အရည်အချင်း ထိရောက်တဲ့ အစွမ်းအစဖြစ်နေမှာပါ။ အခြေခံအားဖြင့် ကျွန်မတို့မှာ အရည်အချင်း အစွမ်းအစတွေ ပြည့်စုံရဲ့သားနဲ့ ဒါတွေကျွန်မတို့ ထုတ်မသုံးဘူးဆိုရင်၊ ပိုက်ဆံဟာထုတ်မသုံးဘူးဆိုရင် စက္ကူတစ်ရွက်လိုပဲ ကျွန်မတို့ရဲ့ အစွမ်းအစတွေဟာ တန်ဖိုးမရှိဖြစ်သွားပါလိမ့်မယ်။
ဒါကြောင့် ကျွန်မတို့ရဲ့ ပြည်ထောင်စုသားအားလုံးက ကိုယ့်ပြည်ထောင်စုကြီး တိုးတက်ရေးအတွက်၊ ကိုယ့်ပြည်ထောင်စုကြီးဖွံ့ဖြိုးသာယာရေးအတွက် အားလုံးက ၀ိုင်းပြီးကြိုးစားကြပါ။ ကိုယ့်ရဲ့အစွမ်းအစတွေကို ထုတ်သုံးလိုက်ပါ။ ကိုယ့်ရဲ့စွမ်းအား တွေကို ထုတ်သုံးလိုက်ပါ။ စွမ်းအားတွေ၊ အစွမ်းအစတွေကို မှန်မှန်ကန်ကန်သုံးလိုက်ရင် နည်းသွားမှာမဟုတ်ပါဘူး။ ပိုက်ဆံလိုမဟုတ်ပါဘူး။ ပိုက်ဆံတောင်ရင်းနှီးလိုက်ရင် ပွားလာတယ်။ မရင်းနှီးဘဲနဲ့ ထုတ်ထုတ်သုံးနေရင်တော့ အားလုံးကုန်သွားမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်မတို့ဟာ အစွမ်းအစတွေကို ရင်းနှီးရမယ်။ ကျွန်မတို့နိုင်ငံ အတွင်းမှာ ရင်းနှီးရမယ်။ လူမှုအသိုင်းအ၀ိုင်းအတွင်းမှာ ရင်းနှီးဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဘယ်လိုပုံစံနဲ့ ရင်းနှီးကြမလဲဆိုတော့ အားလုံးဝိုင်းပြီးတော့ သဘောတူညီချက်ယူမှ ဒီမိုကရေစီဆိုတာ ဒါပါပဲ။
ကျွန်မတို့နိုင်ငံတိုးတက်အောင်၊ ချမ်းသာအောင် အကောင်းဆုံးနည်းက ဘာလဲ ဆိုတာ ပြည်သူပြည်သားအားလုံး တစ်ဦးချင်း၊ တစ်ဦးချင်းကနေပါဝင်ပြီးတော့ ဆုံးဖြတ် နိုင်ခွင့်ကိုပေးထားတာ ဒီမိုကရေစီပါပဲ။ ဒါကိုကျွန်မပြောချင်းအားဖြင့် နိုင်ငံရေးအရဆုံး ဖြတ်နိုင်ခြင်းတစ်ခုလို့ ကျွန်မပြောတာမဟုတ်ပါဘူး။ နိုင်ငံရေးအရ ဆုံးဖြတ်တယ်ဆိုတာ ကတော့ ရွေးကောက်ပွဲကနေတစ်ဆင့် ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒါပေမယ့် တခြားနည်း တွေနဲ့လည်း အများကြီးဆုံးဖြတ်နိုင်ပါတယ်။ ပြည်သူတွေကို ပေးထားတဲ့အခွင့်အရေး တွေကို မှန်မှန်ကန်ကန်သုံးတဲ့နည်းတွေနဲ့ ကျွန်မတို့ အများကြီးပါဝင်ပြီးတော့ လုပ်ဆောင်ပေးနိုင်ပါတယ်။
ဥပမာ- စောစောကပြောတဲ့ အချက်ငါးချက်မှာ တစ်နိုင်ငံလုံးကလိုအပ်ပါတယ် ဆိုတဲ့ ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းခြင်း၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ပညာရေး၊ ကျန်းမာရေးများကောင်းမွန်ခြင်း အဲဒီဟာတွေနဲ့ပတ်သက်လို့ ကျွန်မတို့ ပြည်သူပြည်သားတွေအားလုံးပါဝင်မှဖြစ်မှာပါ။ကျွန်မကတော့ ရိုးရိုးရှင်းရှင်းပဲ အယူအဆ တစ်ခုရှိတယ်။ ဒီလောကကြီးမှာ၊ ဒီဘ၀မှာ ဘာမှအလကားမရဘူး။ ဘယ်တော့မှ အလကားမရဘူး။ တန်ရာတန်ကြေးပေးရတာပဲ။ ကိုယ်အလကားရတယ်လို့ ထင်နေတဲ့ ကိစ္စတွေတောင်မှ အလကားမရဘူး။ အဲဒီနောက်ကနေပါလာတဲ့ တာဝန်တွေ၊ ၀တ္တရားတွေ၊ ၀န်ထုပ်ဝန်ပိုးတွေဆိုတာအမြဲ ရှိပါတယ်။
ဒါကြောင့် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လူမှုရေးလုပ်ငန်း တစ်ခုအဖြစ် ရေတွင်းတွေတူးပေးတဲ့ အလုပ်လုပ်ခဲ့ပါတယ်။ တချို့ရွာတွေမှာ ရေရှားပါး မှုဖြစ်ပါတယ်။ ပထမလိုအပ်ချက်က ရေပဲဖြစ်ပါတယ်။ သောက်ရေ၊ သုံးရေရှားပါးမှု အတွက် ရေတွင်းတွေတူးပေးပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဘယ်တော့မှအလကား မတူးဘူး။ ဘာလို့လဲဆိုတော့ တန်ဖိုးမထားမှာစိုးလို့၊ ကိုယ်ကိုယ်တိုင်ပါဝင်တဲ့ လုပ်ငန်း ဆိုမှ တကယ်လေးစားကာ သံယောဇဉ်ရှိတယ်ဆိုတာ လူ့သဘာဝတွေမို့ ကျွန်မတို့က နေပြီးရွေးတယ်။ ဒီရွာမှာလည်း ရေတွင်းလိုတယ်၊ ဟိုရွာမှာလည်း ရေတွင်းလိုတယ်။ ပထမဆုံး ကျွန်မတို့တွေးတဲ့အတွေးက ဒီရေတွင်းကိုတူးတဲ့အခါမှာ ၀ိုင်းဝန်းပြီးတော့ ပြည်သူလူထုက ကူညီချင်တဲ့စိတ်ရှိလား၊ မရှိဘူးလားဆိုတာ ကျွန်မတို့ကြည့်ပါတယ်။
အဲဒီလို ရွာသူရွာသားတွေ ပါဝင်ပြီးတော့ ဒီရေတွင်းကို တူးတဲ့အခါမှာ တတ်နိုင်သလောက်ကူညီမယ်၊ ပံ့ပိုးလိုစိတ်ရှိတဲ့ဟာကို ရွေးပါတယ်။ ဒုတိယအားဖြင့် အဲဒီရွာတွေထဲမှာ ရေတွင်းတူရမယ့် နေရာကောင်းကောင်းရှိသလား၊ နေရာ ကောင်းကောင်းဆိုတာက ဒီရေတွင်းကို တစ်ရွာလုံးကနေပြီးတော့သုံးနိုင်တဲ့ အနေအထားရှိသလား၊ လူတစ်ဦးတစ်ယောက်ရဲ့ခြံထဲမှာ တူးပေးဖို့ဆိုတာ မသင့်တော်ပါဘူး။ အဲဒီခြံပိုင်ရှင်က ဘယ်သူမှမလာနဲ့ငါခေါင်းရှုပ်တယ်၊ ဒီနေ့တော့ ဘယ်သူမှမတွေ့ချင်ဘူးဆိုပြီး တံခါးပိတ်ထားရင်၊ ကျန်တဲ့သူတွေက ရေယူလို့မရဘူး ဆိုရင် ဒီရေတွင်းရဲ့အကျိုးကျေးဇူးက အင်မတန်မှနည်းသွားပါလိမ့်မယ်။ နောက်တစ်ခု က ရေတွင်းကို ရွာထိပ်မှာသွားထားရင်နောက်တစ်ဖက်ထိပ်က ရွာသူရွာသားတွေ အတွက် အခက်အခဲဖြစ်တယ်။ နေရာကိုလည်း အားလုံးသဘောတူမှန်ကန်တဲ့နေရာကို ရွေးနိုင်မှ ရေတွင်းတူးပေးဖို့ဆိုတာ သဘောတူတယ်။
တတိယအချက်က ရေတွင်းတူးပေးပြီးရင် ထိန်းသိမ်းရေးအဖွဲ့တစ်ခုကို ရွာသူ ရွာသွားတွေအထဲကပဲ ဖွဲ့နိုင်ရမယ်။ ဒီသုံးချက်ပါ။ ပထမဦးဆုံးအားလုံးကနေ ၀ိုင်းဝန်းကူညီရပါမယ်။ အားလုံးဆိုတာ တစ်ရာ ရာခိုင်နှုန်းမဟုတ်ပါဘူး။ လူ့သဘာဝအရ ဘယ်တော့မှတစ်ရာရာခိုင်နှုန်း သဘောတူညီမှုဆိုတာမရနိုင်ပါဘူး။ အများစုက ဒီလိုစိတ်ဓာတ်ရှိပြီဆိုရင် မှန်ကန်တဲ့နေရာကိုရွေးဖို့သဘောတူတယ်ဆိုရင် ဒီရွာမှာ ရေတွင်းတူးခွင့်ပေးမှာပါ။
နောက်ဆုံးကတော့ တူးပြီးရင်ထိန်းသိမ်းမလား။ ကိုယ့်ရွာအတွက်တူးပေးထားတဲ့ ရေတွင်းဟာ ကိုယ့်တာဝန်ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိမှ ကျွန်မတို့တူးပေးမှာပါ။ အဲဒီလိုလုပ်ပေးခြင်းအားဖြင့် ဘာတွေ့ရသလဲဆိုတော့ ရွာသူရွာသားတွေက ဒီရေတွင်းကို အလကားရခဲ့တာမဟုတ်ဘူး။ဒီသောက်ရေသုံးရေကို အလကားရခဲ့တာ မဟုတ်ဘူး။ သူတို့ရဲ့စိတ်ဓာတ်နဲ့၊ သူတို့ရဲ့ပါဝင်မှုနဲ့၊ သူတို့ရဲ့စွမ်းဆောင်ရည်တွေ နဲ့ဖြစ်အောင်လုပ်ထားတဲ့ရေတွင်းဆိုတော့ ပိုပြီးတော့လည်း တန်ဖိုးထားတယ်။ နောက်ပြီး အရင်သူတို့နဲ့သဘောတူညီမှုအရ ဆက်ပြီးတော့ထိန်းသိမ်းမယ်။
ဒါကို ကျွန်မဘာလို့ပြောချင်တာလဲဆိုတော့ နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် ဘယ်လို ဘယ်ပုံစံပဲလုပ်လုပ် ဒီလိုပုံစံမျိုးပဲ ဖြစ်ရမယ်။ နံပါတ်(၁)ပြည်သူပြည်သား တွေက ပါဝင်ချင်တဲ့စိတ်ရှိရမယ်။ နံပါတ်(၂)အများအတွက် အကောင်းဆုံးဟာကို ရွေးချင်တဲ့ စေတနာနဲ့ ရွေးတတ်တဲ့ပညာရှိရမယ်။ နောက်ဆုံးကတော့ ဆက်ပြီး ထိန်းသိမ်းထားဖို့လုံ့လ၊ ၀ီရိယကိုစိုက်ထုတ်ထားရမယ်။ အဲဒီအချက်သုံးချက်နဲ့သာ ကျွန်မတို့နိုင်ငံကို တိုးတက်အောင်လုပ်ပေးဖို့ဖြစ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေးဆိုရင်လည်း ဒီလိုပါပဲ။ လမ်းပန်းဆက်သွယ်ရေးဟာ အစိုးရများရဲ့တာဝန်ဆိုတာမှန်ပါတယ်။ အဓိကအားဖြင့် နိုင်ငံကိုအုပ်ချုပ်တဲ့တာဝန် ယူထားတဲ့ အစိုးရအဖွဲ့များဟာ နိုင်ငံရဲ့လမ်းပန်းဆက်သွယ်ရေးအတွက်တတ်နိုင် သလောက်လုပ်ပေးရမယ်။ ဒါပေမယ့်လည်း ပြည်သူပြည်သားတွေက ပါဝင်ပေးရမယ်။ ကိုယ့်အတွက်ဆောက်ထားတဲ့ လမ်းတွေမပျက်စီးရေးကို ကိုယ်ကလည်း စည်းကမ်းနဲ့ ထိန်းသိမ်းသွားရမယ်။ တတ်နိုင်တဲ့ဘက်နေ၀င်ပြီး ပံ့ပိုးရမယ်။ ဒါကလည်း ဆက်ပြီး ထိန်းသိမ်းထားချင်တဲ့စိတ်၊ စပြီးထူထောင်ချင်တဲ့စိတ် ဒါတွေပြည်သူပြည်သားတွေကြား ထဲမှာရှိမှ ကျွန်မတို့နိုင်ငံဟာ တကယ်ကိုတိုးတက်အောင်မြင်တဲ့နိုင်ငံဖြစ်ပါမယ်။
ကျွန်မတို့ပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်တွေဟာ စောစောကပြောတဲ့ အတိုင်း ဒီ ၅ ချက်ဆိုတာလည်း သိပြီးပြီ။ ဒါပေမယ့် တစ်ခါတစ်လေလည်း အသေးစိတ် အနေနဲ့ ဒေသအသီးသီးမှာ ပြည်သူပြည်သားများ ဘာတွေလိုအပ်ချက်တွေရှိသလဲ။ ဘယ်လိုခံစားမှုတွေရှိသလဲဆိုတာ အစိုးရကိုတာဝန်ယူတဲ့ပုဂ္ဂိုလ်များဟာ သိဖို့လိုပါ တယ်။ ဒါမှလည်း ပြည်သူပြည်သားနဲ့ အစိုးရတွေကြားမှာ တစ်ခါတည်း တက်ညီ လက်ညီနဲ့ စိတ်တူသဘောတူ နိုင်ငံ့တိုးတက်ရေးအတွက် လုပ်ဆောင်ချင်တဲ့ အနေ အထားတစ်ခု ဖြစ်ပေါ်ဖို့ပဲဖြစ်ပါတယ်။
ရောက်တဲ့နေရာတိုင်းမှာ ရပ်မိရပ်ဖတွေ၊ ပြည်သူပြည်သားတွေနဲ့တွေ့ဖို့ ကြိုးစား ပါတယ်။ ကြိုးစားနေတယ်ဆိုတာ ပထမကတော့ ပြည်သူတွေရဲ့အသံကို နားထောင်ချင် လို့ပါ။ နောက်ပြီး ပြည်သူတွေအနေနဲ့ ကျွန်မတို့ကိုပိုပြီးတော့ နားလည်နိုင်အောင်၊ အစိုးရရဲ့ရည်ရွယ်ချက်တွေကိုပိုပြီးသိရှိလာအောင်၊ တစ်ဦးနဲ့တစ်ဦးကြားမှာ ရင်းနှီးမှု ရအောင်ဆိုပြီး ဒါကိုဦးတည်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသူ၊ နိုင်ငံသားနဲ့ အစိုးရ အလုပ်ကို တာဝန်ယူထားတဲ့အဖွဲ့အစည်းအကြားမှာ တကယ့်ကို တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိတယ်။ တစ်ဦးနဲ့တစ်ဦးယုံကြည်မှုရှိတယ်ဆိုရင် ဒီနိုင်ငံအနေနဲ့ မလုပ်နိုင်တဲ့ ကိစ္စဆိုတာ ဘာမှမရှိပါဘူး။
တာချီလိတ်ရောက်လာတဲ့အခါမှာလည်း တာချီလိတ်မြို့သူ၊မြို့သားများရဲ့ လိုအပ်ချက်တွေကဘယ်လိုရှိတယ်။ မျှော်လင့်ချက်တွေကဘယ်လိုရှိတယ်။ စိုးရိမ် ကြောင့်ကြမှုတွေကဘယ်လိုရှိတယ်။ ဒါတွေလည်းကျွန်မတို့ သိချင်ပါတယ်။ ကျွန်မတို့ရဲ့ အစိုးရအနေနဲ့ ပြည်သူပြည်သားတွေကိုတန်ဖိုးထားတယ်။ တန်ဖိုးထားတယ်ဆိုရာမှာ အမြဲပဲ ကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေနဲ့ပတ်သက်လို့ပြောတယ်။ တချို့တွေက အခွင့် အရေးကို အမြဲပဲပြောတယ်။ အခွင့်အရေးကဘာရှိသလဲ။ ဘာရမယ်။ ဘာလုပ်ရမယ်။ နောက်ပြီး ကျွန်မကတာဝန်ကို အမြဲပဲ ဦးစားပေးပြီးပြောပါတယ်။ လူတိုင်းလူတိုင်းဟာ တာဝန်ယူချင်မှ ဒီကမ္ဘာကြီးဟာ ငြိမ်းချမ်းမှာပါ။ လူတိုင်းလူတိုင်းဟာ ကိုယ့်တာဝန်ကို အလေးထားမှ ဒီကမ္ဘာကြီး တိုးတက်နိုင်မှာပါ။ ဒါကြောင့် ငါ့ရပိုင်ခွင့်၊ ငါရရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့မဟုတ်ဘဲ ငါပေးရမယ်၊ ငါဟာပေးနိုင်စွမ်းရှိတဲ့ လူသားတစ်ယောက်၊ ဒီကမ္ဘာကြီးမှာ မွေးလာကတည်းက၊ ဒီလောကကြီးမှာ လူဖြစ်လာကတည်းက ငါ့မှာပေးနိုင်စွမ်းတွေနဲ့ လူဖြစ်လာတယ်ဆိုတဲ့ စိတ်ဓာတ်တွေ ခိုင်မာအောင် လုပ်စေချင်တယ်။ ငါ့မှာပေးနိုင်စွမ်းရှိတယ်ဆိုတဲ့မာနဟာ မှန်ကန်တဲ့မာန၊ ကောင်းတဲ့ မာနပဲ။ ငါယူနိုင်စွမ်းရှိတယ်ဆိုတာဟာ ရှက်စရာကောင်းပါတယ်။ ငါဘယ်လောက်ယူ နိုင်တယ်ဆိုတာဟာ ဂုဏ်ယူစရာကိစ္စလည်းမဟုတ်ပါဘူး။ တစ်ဦးချင်းရဲ့ စိတ်ထားကို အင်မတန်မှ ကျဉ်းမြောင်းပြီးတော့ သေးသိမ်သွားစေတဲ့ကိစ္စပဲဖြစ်ပါတယ်။
ဒါကြောင့် ကျွန်မတို့ လူကြီးများဟာလည်း လူငယ်များကို တာဝန်သိစိတ်ရှိဖို့ သင်ပေးသလို ကိုယ့်ကိုယ်ကိုယ် တာဝန်သိစိတ်ရှိတဲ့ လူကြီးများဖြစ်လာအောင် ပြုစုပျိုး ထောင်ပါ။ ဒီလိုလုပ်နိုင်မယ်ဆိုရင် ကျွန်မတို့တစ်နိုင်ငံလုံးမှာရှိတဲ့ နေရာအနှံ့အပြားမှာ ကျွန်မတို့နိုင်ငံဟာ ခိုင်မာတဲ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ထူထောင်နိုင်မှာဖြစ်ပါတယ်။
ပထမဆုံး တင်ပြထားပြီးကိစ္စတွေကို ကျွန်မတတ်နိုင်သလောက် ဖြေပါ့မယ်။ နောက်ပြီး ပရိသတ်ထဲက ပြည်သူပြည်သားတွေအနေနဲ့ ထပြီးမေးစေချင်ပါတယ်။ ပရိသတ်ထဲမှာ ၀န်ထမ်းတွေ၊ ၀န်ထမ်းမဟုတ်တဲ့ မြို့မိမြို့ဖတွေ၊ လူငယ်တွေကိုလည်း တွေ့ရပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အားလုံးဘက်က မေးခွန်းတွေထုတ်တာ ကြားချင်ပါတယ်။ ၀န်ထမ်းတွေအတွက်တော့ အခက်အခဲရှိမယ်။ ၀န်ထမ်းဆိုတာ ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းအရအလုပ်လုပ်ရတယ်။ နိုင်ငံတော်ရဲ့သစ္စာကို စောင့်ထိန်းရတယ်။ အဲဒီဟာတွေအပေါ်မှာအခြေခံပြီးတော့ ၀န်ထမ်းတွေအနေနဲ့ မေးခွန်းမေးချင်တယ်ဆိုရင်တော့ ဆင်ခြင်စရာတွေရှိတယ်ဆိုတာ သတိပေးပါရစေ။ ဒါကိုလည်း ပြည်သူပြည်သားတွေက နားလည်မယ်လို့ထင်ပါတယ်။
ကျွန်မတို့ ပြည်သူပြည်သားတွေအနေနဲ့တော့ ပွင့်ပွင့်လင်းလင်း မေးစေချင်တယ်။ ပွင့်ပွင့်လင်းလင်း ကိုယ့်ရဲ့မျှော်လင့်ချက်တွေ၊ စိုးရိမ်ကြောင့်ကျမှုတွေအကြောင်းကို ပြော စေချင်ပါတယ်။ ပြောရဲရမယ်။ ဒါပေမယ့် တစ်ခုတော့ သတိပေးပါရစေ။ ပြောရဲတယ်ဆို တာ ရိုင်းရိုင်းစိုင်းစိုင်းပြောတာကို ပြောတာမဟုတ်ပါဘူး၊ မှန်မှန်ကန်ကန်ပြောရဲတာကို ပြောတာပါ။ ရိုင်းစိုင်းတယ်ဆိုတာ ဂုဏ်ယူစရာကိစ္စလည်းမဟုတ်ပါဘူး။ ဒါဟာ ကျွန်မတို့ ရဲ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ဖြစ်ပါတယ်။ ကျွန်မတို့ယဉ်ကျေးမှုမှာ ကောင်းတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ အဲဒီကောင်းတဲ့ကိစ္စတွေထဲမှာ ယဉ်ကျေးသိမ်မွေ့မှုကို တန်ဖိုးထားတာဟာ ကောင်းတဲ့ကိစ္စတစ်ခုပါ။ မေးစရာရှိတာကို ပွင့်ပွင့်လင်းလင်း တိတိကျကျမေးပါ။ မေးခွန်းမေးပါဆိုရာမှာ တိုတိုနဲ့လိုရင်းမေးပါ ပြောတာပါ။ တိုတိုနဲ့လိုရင်းကို မေးတတ်ဖို့ဆိုတာ ကျွန်မတို့အားလုံး ကိုယ့်ကိုယ်ကို သင်ယူရမယ့် အရာဖြစ်ပါတယ်။
ဒီမှာတင်ပြထားတဲ့ အချက်တွေကတော့ "မိုင်းဆတ်-တာချီလိတ်လမ်း ရာသီမရွေး သွားလာနိုင်ရေးအတွက် ကတ္တရာလမ်း(သို့မဟုတ်) ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်ပေးစေချင်ပါတယ်။" ကျွန်မပြောခဲ့ပါတယ်၊ ရေရတဲ့နေရာမှာ ဆိုရင် ပထမဦးစားပေးက လမ်းပန်းဆက်သွယ်ရေးဖြစ်ပါတယ်။ တာချီလိတ်က ရေရှားတဲ့ပုံစံ တော့မရှိဘူး။ လမ်းပန်းဆက်သွယ်ရေးကိစ္စ ဒီမှာတက်လာတယ်ဆိုတာ မထူးဆန်းပါ ဘူး။ ပြည်နယ်အစိုးရကနေ ဘယ်လိုဆောင်ရွက်မှုတွေရှိသလဲဆိုတာ ပြည်နယ်အစိုးရ ကနေ အဖြေတစ်ခါတည်း ပြင်ဆင်ထားပေးပုံရပါတယ်။ " ၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာ ရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေ ၅၅၃ သန်းဖြင့် မိုးရာသီသွားလာရန်ခက်ခဲနေသော နေရာနှင့် အတက်အဆင်း မက်စောက်သည့် နေရာများကို ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေး နှစ်တွင်လည်း ပြည်ထောင်စုရန်ပုံငွေ ရှိမှုအပေါ် မူတည်၍ ဆောင်ရွက်သွား မည်ဖြစ်ပါတယ်။" ဒါကို ရိုးရိုးတည့်တည့်ပြောရရင် လမ်းကြီး တစ်ခုလုံးကို ကတ္တရာလမ်း ဖြစ်ဖို့ ချက်ချင်းမလုပ်ပေးနိုင်ပါဘူး။ အဆိုးဆုံး နေရာတွေကို စပြီးပြင်ပေးပါ့မယ်။ မိုးရာသီမှာ ခက်ခက်ခဲခဲမဖြစ်အောင် အဲဒီနေရာတွေ က စပြီးပြင်ပေးပါ့မယ်။ နောက်ဘဏ္ဍာနှစ်မှာ ပိုပြီးပြင်ပေးပါ့မယ်။ အဲဒီအတိုင်း ပြည်နယ်အစိုးရက လုပ်ပေးသွား မယ်လို့ ကျွန်မယုံကြည်ပါတယ်။
တစ်ခုပဲသတိပေးချင်တယ်။ အုပ်ချုပ်ရေးယန္တရားထဲမှာပါတဲ့သူတွေအားလုံးကို သတိပေးချင်ပါတယ်။ ပြည်သူလူထုကိုကတိက၀တ်လွယ်လွယ်နဲ့မပေးပါနဲ့။ ပေးတဲ့ ကတိဆိုတည်ပါစေ၊ ကိုယ်မသေချာဘဲကတိမပေးပါနဲ့၊ လုပ်ပေးမယ်၊ ရမယ်၊ ဖြစ်စေရ မယ်၊ နောင်မဖြစ်မြောက်ရင် ပြည်သူတွေရဲ့ယုံကြည်မှုကို ဆုံးရှုံးရမယ်။ မဖြစ်နိုင်တဲ့ ကိစ္စကို မဖြစ်နိုင်သေးဘူး၊ ဘာကြောင့်မဖြစ်နိုင်သေးသလဲဆိုတာ သေသေချာချာရှင်းပြ တာကို ကျွန်မနေနဲ့မှန်ကန်တဲ့လမ်းလို့ တခြားအစိုးရအဖွဲ့ဝင်တွေကို သတိပေးချင်ပါ တယ်။
ဒုတိယတင်ပြလာတာက တာချီလိတ်မြို့ မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် လမ်းနယ်နိမိတ်အတွင်းပါဝင်သွားသည့် နေအိမ်အဆောက်အဦပိုင်ရှင်များ၊ မြေကွက် အစားထိုးပေးအပ်နိုင်ရေးအတွက် ရန်အောင်မြင်ရပ်ကွက်အတွင်း ၃၈ ဧကခန့်ရှိ စိုက်ပျိုးရေးသုတေသနခြံအတွင်းမှလိုအပ်သည့် မြေဧရိယာအားပြန်လည်စွန့်လွှတ် ပေးရေး စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေး နိုင်ပါရန်ဆိုရာမှာ တာချီလိတ်မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် မြေယာလျော်ကြေး ရယူလိုခြင်း မရှိဘဲ မြေကွက်အစားထိုးရယူလိုခြင်း တင်ပြလာသည့်တောင်သူ ၂၅ ဦး အား ရန်အောင်မြင်ရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ၃၈ ဒသမ ၈၇ ဧကခန့် ရှိ မြေဧရိယာအတွင်းမှ ပြန်လည်ပေးအပ်နိုင်ရေး စိုက်ပျိုးရေးဝန်ကြီးဌာနကို တင်ပြသွား ပါမယ်။
ဒီအဖြေကတော့ရှင်းတယ်ထင်ပါတယ်။ တချို့က လျော်ကြေးယူလိုက်တယ်။ တချို့က ငွေနဲ့လျော်ကြေးမလိုချင်ဘူး။ နောက်နေရာပဲလိုချင်တယ်ဆိုတော့ စိုက်/မွေး ၀န်ကြီးဌာနနဲ့ ညှိနေပါတယ်။ စိုက်/မွေးဝန်ကြီးဌာနကလည်း သဘောထားကြီးင်္ကြီးနဲ့ စဉ်းစားပေးမယ်လို့ ယုံကြည်ပါတယ်။ ကတိက၀တ်တော့မပေးဘူး။ ဟိုဘက်က မသေချာဘဲတော့ ဖြစ်နိုင်ပါတယ်မပြောဘူး။ ဖြစ်နိုင်အောင်တော့ ကြိုးစားပေးမယ်လို့ ပြောပါရစေ။
တတိယအချက်က တာချီလိတ်ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသည့် လက်ထောက်ဆရာဝန်များ ဖြည့်ဆည်းပေးပါရန်။တာချီလိတ်ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသည့် လက်ထောက်ဆရာဝန်များခန့်ထားပါရန်အတွက် ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်နယ်ကုသရေးဦးစီးဌာနက နေပြည်တော်ကုသရေးဦးစီးဌာနကို ၂၉-၁၀- ၂၀၁၈ ရက်စွဲပါစာအမှတ်နဲ့ တင်ပြပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ ဆရာဝန်တွေ ၊ သူနာပြုဆရာမတွေ၊ ကျောင်းဆရာတွေ၊ ဆရာမတွေ လိုအပ်နေပါတယ်။ လိုအပ်နေတဲ့အခါ နေရာတိုင်းကို ချက်ချင်း မဖြည့်ဆည်းပေးနိုင်ပါဘူး။ တချို့ကကျွမ်းကျင်တဲ့ပုဂ္ဂိုလ်လိုတယ်။ နောက်တစ်ခုက ပိုက်ဆံလည်းလိုပါတယ်။ ကျွန်မတို့ ပိုက်ဆံရှာနိုင်ရင်တောင် လူမရှာနိုင်ရင် တချို့ နေရာတွေ ဖြေရှင်းလို့မရဘူး။ ဒါတွေအမြန်ဆုံးဖြစ်အောင်လုပ်ရမယ်။ ဝေးလံခေါင်သီတဲ့ ပြည်ထောင်စုအစိတ်အပိုင်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ ၀န်မလေးကြပါနဲ့။ အဲဒီဟာကို တာဝန်တစ်ခုကျေအောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဝင်ပြီး ဖြည့်ဆည်းပေးစေချင်ပါ တယ်။ တချို့ ဆရာဝန်၊ဆရာမတွေ တခြားဝန်ထမ်းတွေက ခက်ခဲ့တဲ့နေရာကို မသွားချင်ကြဘူး။ ဒါကို အပြစ်ဆိုတာမဟုတ်ပါဘူး။ သဘာဝပါပဲ။ ခက်ခက်ခဲခဲ နေရမယ့်နေရာကို ဘယ်သူမှမသွားချင်ကြဘူး။ သက်သက်သာသာနေရမယ့်နေရာဆို သွားချင်ကြတယ်။ ဒါပေမယ့် စိတ်ကျေနပ်မှုအရစဉ်းစားကြည့်ပါ၊ သက်သက် သာသာ နေရတဲ့နေရာမှာ သက်သက်သာသာနေရတာနဲ့၊ အင်မတန်ခက်ခဲတဲ့နေရာမှာ ကိုယ့်ရဲ့အခက်အခဲတွေကို နိစ္စဓူဝရင်ဆိုင်နေရတဲ့ ပြည်သူပြည်သားတွေနဲ့အတူ ရုန်းကန်ပြီးသူတို့ရဲ့ဘ၀မြင့်မားရေးအတွက် လုပ်ပေးနိုင်ခြင်းက ပိုပြီးတော့ ကျေနပ်မှု မများဘူးလား။
လူတိုင်းလူတိုင်း ဒီလောကကြီးမှာအနိစ္စတရားနဲ့ စွန့်ခွာသွားကြရမှာ။ အဲဒီလို စွန့်ခွာတဲ့အချိန်မှာ ငါတစ်သက်လုံးသက်သက်သာသာနေခဲ့ရတယ်ဆိုတာ ဘယ်လောက်ကျေနပ်မှုရနိုင်မှာလဲ။ ငါ့ဘ၀မှာ ဒီလောကကြီးရဲ့သက်တမ်းနဲ့စာရင် အင်မတန်တိုတောင်းတဲ့သက်တမ်းမှာ လိုအပ်နေတဲ့ ပြည်သူပြည်သားတွေအတွက် ဘယ်လောက်လုပ်ပေးနိုင်တယ်ဆိုတာ ပြန်စဉ်းစားရင် အများကြီးကျေနပ်မှုရနိုင်ပါတယ်။ ဒါကြောင့် ဝေးလံခေါင်သီတဲ့နေရာမှာ အလုပ်လုပ်ဖို့ မကြောက်ပါနဲ့၊ တစ်သက်လုံး သွားဖို့ပြောတာမဟုတ်ပါဘူး။ တာဝန်ထမ်းဆောင်ချိန်အတွင်းမှာ အဲဒီနှစ်ပိုင်း အချိန်ကာလအတွင်းမှာ၊ကိုယ့်နိုင်ငံအတွက် ၊ ပြည်သူပြည်သားတွေအတွက် ၊ လူသားတွေအတွက် တကယ့်မေတ္တာစေတနာစိတ်နဲ့ မလုပ်ပေးချင်ဘူးလား။ လုပ်ပေး နိုင်သမျှလုပ်ပေးကြပါလို့ ကျွန်မအနေနဲ့ ဒီကနေအခွင့်အရေးရှိတုန်းမေတ္တာရပ်ခံချင်ပါ တယ်။
အဲဒီလို လုပ်ပေးမယ်ဆိုရင် ဒေသခံတွေကလည်း အင်မတန်ပျော်ပါတယ်။ ကျွန်မတို့နိုင်ငံနယ်ဘက်မှာ ဆရာဝန်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေကို နယ်သူနယ် သားတွေ၊ ရွာသူရွာသားတွေ အင်မတန်လေးစားတယ်၊ ချစ်ခင်တယ်၊ နွေးနွေး ထွေးထွေးနဲ့ ၀န်းရံထားတယ်။ အဲဒါတွေကို တန်ဖိုးထားကြပါ၊ မြို့ကြီးမှာလို တိုက်ပေါ်မှာ နေတာနဲ့မတူဘူးဆိုပေမယ့် တိုက်ပေါ်မှာနေလို့ရတဲ့နွေးထွေးမှုနဲ့ ရွာထဲမှာနေလို့ရတဲ့ နွေးထွေးမှုက မတူပါဘူး။
ကျွန်မတို့ဆေးရုံကြီးမှာလိုအပ်နေတဲ့ ဆရာဝန်၊ ဆရာမတွေကို ဖြည့်ဆည်းပေးဖို့ အတွက် ကြိုးစားပါ့မယ်။ ဘယ်လောက်မြန်မြန်လုပ်ပေးနိုင်မလဲဆိုတာကိုတော့ ဘယ်လိုမှ အာမမခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်တိုင်းပြည်လုံး လိုအပ်ချက် တွေရှိနေတဲ့အခါကျတော့ ကျွန်မတို့က ချိန်ဆပြီးတော့ပို့ရမယ်။ ဘယ်တွေမှာပိုပြီးတော့ အလိုအပ်ဆုံးလဲဆိုတာကို ကြည့်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနကနေ ဒီဟာကို ဆောင်ရွက်ရပါတယ်။
ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း အမြဲပဲ ဒါကို စဉ်းစားပါတယ်။ အင်မတန်မှအလေးထားပါတယ်။ အခုဆိုရင် ဆေးရုံတွေတင်မကဘူး၊ ဆေးရုံထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ၊ ဆရာမတွေအတွက် နေရာထိုင်ခင်း အဆင်ပြေဖို့တွေ လိုတယ်ဆိုတာ အဲဒါတွေကိုလည်း ထည့်တွက်ပါတယ်။ တစ်ခါတစ် လေ ဆရာဝန်တွေ၊ ဆရာမတွေအစား သူနာပြုဆရာတွေလွှတ်လိုက်ပေမယ့် နေရာထိုင် ခင်းအဆင်မပြေလို့ မနေချင်ကြ၊အဆင်မပြေကြ၊ ဒါမျိုးတွေ မဖြစ်စေချင်ပါဘူး။ အမြန်ဆုံး ဖြစ်မြောက်ရေးကြိုးစားပေးပါ့မယ်။
နံပါတ်(၄)တင်ပြချက်ကတော့ တာချီလိတ်မြို့နယ် ကြိုးတံတား ကျေးလက် ကျန်းမာရေးဌာန(ခွဲ)ဖွဲ့စည်းဖို့ ပြင်ပအဆောက်အဦနှင့် ၀န်ထမ်းအိမ်ရာများအတွက် ဆောင်ရွက်ရန်မြေနေရာရရှိပြီးဖြစ်၍ လိုအပ်ချက်များစီစဉ်ဆောင်ရွက်ပေးပါ။ အဲဒါက လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကို တင်ထားပါတယ်။ အဆောက်အဦ ဆောက်တယ်ဆိုတာ ဆောက်လုပ်ရေးက မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ ဆောက်နေတဲ့အခါကျရင်လည်း ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေက အလိုလိုရောက်လာတာမဟုတ်ဘူး။ ကျွန်မတို့ဝယ်ယူရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ငွေလိုပါတယ်။ အဲဒီတော့ ငွေများများရအောင် ကျွန်မတို့ တိုင်းသူပြည်သားတွေအားလုံး ၀ိုင်းဝန်းပြီးကူညီပေးကြပါ။
နိုင်ငံတစ်နိုင်ငံချမ်းသာဖို့ဆိုတာ ပြည်သူပြည်သားများရဲ့ စုပေါင်းချမ်းသာဖို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံက မချမ်းသာသေးတဲ့အတွက် ခြိုးခြံသင့်တဲ့နေရာမှာ ခြိုးခြံရပါမယ်။ မိသားစုတစ်စုလိုပါပဲ။ ချမ်းသာတဲ့မိသားစုဆိုရင် ပိုက်ဆံကို သုံးရုံမကဘူး ဖြုန်းတယ်။ ချို့တဲ့တဲ့မိသားစုကျတော့ ဆင်ဆင်ခြင်ခြင်နဲ့သုံးပါတယ်။ ဒါပေမယ့် ချို့တဲ့တဲ့မိသားစုက ကြီးပြင်းလာတဲ့ ကလေးတွေက စည်းကမ်းရှိပါတယ်။ ပိုက်ဆံရဲ့ တန်ဖိုးကိုသိလာတယ်။ တစ်ယောက်နဲ့တစ်ယောက် ကူညီဖို့၊ မစဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်လာတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ဖွံ့ဖြိုးရေး အတွက်ရုန်းကန်နေတဲ့ ကာလဟာလည်း အရေးကြီးတယ်ဆိုတာဟာ ဖွံ့ဖြိုးမှုရဖို့အတွက် အရေးကြီးတာ မဟုတ်ပါဘူး။ ကျွန်မတို့အားလုံးတစ်ဦးချင်း၊ တစ်ဦးချင်းရဲ့ စိတ်ထဲမှာ မှန်ကန်တဲ့ စံနှုန်းထားတွေပွားများနိုင်ဖို့ ပြောပြချင်ပါတယ်”ဟု ပြောကြားသည်။
ထိုသို့တွေ့ဆုံစဉ် ဒေသခံများက ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာမြေကိစ္စရပ်များကို တင်ပြကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမြန် ဆုံးဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များနှင့် အချိန်ယူ၍ ကြိုးစားဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ပြန်လည်ရှင်းလင်းဖြေကြားကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသလိုအပ်ချက်များ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားသို့ တက် ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မိုင်းယောင်းမြို့သို့ ရောက်ရှိကြပြီး မြို့တော်ခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်နိုင်ငံလုံးတွင် ပြည်သူပြည်သားများ ရင်ဆိုင်နေရသည့် ပြဿနာများမှာ တူညီပါကြောင်း၊ ရင်ဆိုင် နေရသည့် ပြဿနာများသည် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး နှင့်ဆိုင်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုဖြစ်သည့်အတွက် အမှန်တကယ် ငြိမ်းချမ်းရေးရှိရန် နိုင်ငံသူနိုင်ငံသားများ၊ မတူကွဲပြားသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြားတွင် အပြန်အလှန်နားလည်မှု၊ လေးစားမှုရှိရန်အရေးကြီးပါ ကြောင်း၊ ရှမ်းပြည်နယ်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံရှိသည့် ပြည်နယ်ဖြစ်သည့် အတွက် အားလုံးသဟဇာတရှိရှိ၊ ချစ်ချစ်ခင်ခင်နေထိုင်ရေးသည် မည်မျှအရေးကြီး သည်ကို သဘောပေါက်ကြလိမ့်မည်ဖြစ်ပါကြောင်း။
အားလုံး တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုရှိရန်နှင့် တစ်ယောက်၏ တန်ဖိုးကို တစ်ယောက်က သိရန်လိုအပ်ပါကြောင်း၊ လူတိုင်းလူတိုင်းတွင် သူ့တန်ဖိုးနှင့် သူရှိပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာအရ ကွဲပြားမှုများရှိသည့်အတိုင်း စိတ်ပိုင်းဆိုင်ရာအရ၊ အထင်အမြင်အရလည်း ကွဲပြားမှု၊ ကွာခြားမှုများရှိပါကြောင်း၊ ကွာခြားမှုကြောင့် ကွဲပြားသွားစရာမလိုပါကြောင်း၊ ယင်းကွာခြားမှုအပေါ်အခြေခံပြီး အင်အားများ တည်ဆောက်သွားရန်မှာ ပြည်ထောင်စုအတွက် ကြီးမားသည့်လိုအပ်ချက် ဖြစ်ပါ ကြောင်း၊ ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် တိုင်းရင်းသူ တိုင်းရင်းသားများအား ငြိမ်းချမ်းရေးကို အထူးတန်ဖိုးထားကြရန် တိုက်တွန်းလိုပါကြောင်း၊ ငြိမ်းချမ်းရေးကို ဦးတည်ခြင်းသည် ယခုပစ္စုပ္ပန်အတွက်တင်မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံသည် သဘာဝအားသာချက်အရ စိုက်ပျိုးရေးတွင် ဖြစ်မြောက်နိုင်သည့် အခြေအနေရှိပါကြောင်း၊ ရေ၊ မြေ ကောင်းမွန်ပါကြောင်း၊ ထို့ပြင် သယံဇာတပစ္စည်းများ ပေါများပါကြောင်း၊ သယံဇာတပစ္စည်းများ၊ အရင်းအမြစ်များအပေါ် အားကိုးခြင်းကို အားမပေးပါကြောင်း၊ မိမိကိုယ်ကိုယ်သာ အားကိုးရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ အဖိုးတန်ဆုံး သယံဇာတမှာ ပြည်သူပြည်သားများသာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေး၊ ပညာရေးကို အထူးဂရုစိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အုပ်ချုပ်ရေး ယန္တရားကို အကောင်အထည်ဖော်သည့် ၀န်ထမ်းများနှင့် ပြည်သူလူထုအကြားတွင် သဟဇာတဖြစ်ရန် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ကို အလေးထားခြင်းသည် ယင်းအကြောင်းအရာများကို ဦးတည်၍ အလေးထားခြင်း ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိခြင်းသည် ပြည်သူပြည်သားများအား လုံခြုံရေး အာမခံချက် အပြည့်အ၀ပေးခြင်းဖြစ်ပါကြောင်း၊
လူ့အသိုင်းအ၀ိုင်းအတွင်း၌ အေးအေးချမ်းချမ်းနေထိုင်နိုင်ရန် ဥပဒေများချမှတ် ထားခြင်းဖြစ်ပါကြောင်း၊ တစ်ယောက်က အခြားတစ်ယောက်ကို မတရား မလုပ်နိုင်ရန်၊ ကောင်းကောင်းမွန်မွန် နေထိုင်သူများကို ဆက်လက်၍ ကောင်းကောင်းမွန်မွန် နေနိုင် ရေးအကာအကွယ်ပေးရန်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်ရန် အင်မတန် အလားအလာကောင်းသည့် ဒေသဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ၊ ချမ်းသာလာသည်နှင့်အမျှ ရာဇ၀တ်မှုများလည်း များပြားလာတတ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးလာချိန်တွင် တရားဥပဒေစိုးမိုးရေးသည်လည်း တစ်ချိန်တည်းတွင် ဖွံ့ဖြိုးလာ ရန် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့အားလုံး စည်းကမ်းရှိကြရန် လိုအပ်ပါကြောင်း၊ ငယ်ငယ်ကတည်းက စည်းကမ်းရှိမှ အသက်ကြီးလာသည့်အခါ တရားဥပဒေကို စောင့် ထိန်းနိုင်ပြီး တရားဥပဒေစိုးမိုးရေးကို ပံ့ပိုးနိုင်မည်ဖြစ်ပါကြောင်း။
လူသားများ၏ သဘာဝအရ အစုအဝေးဖြင့်နေမှ အောင်မြင်နိုင်မည်၊ ရှင်သန်နိုင် မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံး အစုအဝေးဖြင့် နေတတ်ရန် အလွန်အရေး ကြီးပါကြောင်း၊ ရှမ်းပြည်နယ်သည် အစုအဝေးဖြင့်နေသည့် လူနေမှုစနစ်တစ်ခု၏ ပြရုပ် တစ်ခုဖြစ်သည်ဟု ပြော၍ရပါကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ကိုးကွယ်သည့် ဘာသာပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ အားလုံးစုဝေးပြီးနေနိုင်သည့် အနေအထားဖြစ် ပါကြောင်း၊ ထိုသို့ စုစုစည်းစည်းဖြင့်နေထိုင်ပြီး တိုးတက်ချမ်းသာသွားသည့် နိုင်ငံများကို ကမ္ဘာကြီးတွင် တွေ့နိုင်ပါကြောင်း၊ တခြားနိုင်ငံများတွင် ဖြစ်နိုင်သည့်အတွက် မိမိတို့ နိုင်ငံတွင် မဖြစ်နိုင်စရာ အကြောင်းမရှိပါကြောင်း၊ အဓိကမှာ ဖြစ်ချင်သည့် စိတ်ရှိရန်လို အပ်ပါကြောင်း၊ ဖြစ်ချင်သည့်စိတ်ကို စတင်ရာတွင် ငြိမ်းချမ်းရေးကို ရယူချင်သည့် စိတ်ဖြင့် စတင်ရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးသည် အားလုံးအတွက် အရေးကြီးပါ ကြောင်း၊ မိမိတို့အနေဖြင့် ကြိုးစားနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ် အမြန်ဆုံးအောင်မြင်ရန် အတွက်လည်း အားလုံးဝိုင်းဝန်းကူညီကြရန် မေတ္တာရပ်ခံပါကြောင်းနှင့် ငြိမ်းချမ်းရေး ရရှိရန် လူတိုင်းအနေဖြင့် မိမိဘာလုပ်ပေးနိုင်သည်ကို စဉ်းစားပြီး ပါဝင်ဆောင်ရွက် စေချင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံများက ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေး၊ ၀န်ထမ်းအိမ်ရာ လိုအပ်ချက်များကို တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ ဒေသခံပြည်သူများကိုယ်စား တိုင်းရင်း သားကိုယ်စားလှယ်များ လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားသို့ တက် ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ကျိုင်းတုံမြို့သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များက ကျိုင်းတုံလေဆိပ်၌ ကြိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့ မဟာ မြတ်မုနိဘုရားသို့ ရောက်ရှိကြပြီး ဆီမီး၊ ပန်း၊ ရေချမ်းတို့ကို ကပ်လှူပူဇော် ဖူးမြော် ကြည်ညိုသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဟာမြတ်မုနိဘုရား ဂန္ဓကုဋိ တိုက်အတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်များအား လှည့်လည်ဖူးမြော်ကြည်ညိုပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဟာမြတ်မုနိဘုရားဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းဟောင်ခမ်းက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
Popular News Journal
0 comments:
Post a Comment